အနာဂတ်မြော်တွေး စဉ်ဆက်ပညာရေး

 

အနာဂတ်မြော်တွေး စဉ်ဆက်ပညာရေး

 

အယ်ဒီတာ့အာဘော်                

 (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်)

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် “ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ ပညာတတ်မြောက်ထားမှသာ ဘဝရပ်တည်ရေးကို အာမခံနိုင်မည် ဖြစ်ပါသည်။ တိုင်းရင်းသားဒေသများ၊ အထူးသဖြင့် ပြည်နယ်များရှိ ကျေးလက်ဒေသအချို့တွင် ဘာသာစကား အခက်အခဲများ၊ ပညာရေးအားပေးမှု နည်းပါးခြင်းများနှင့် အခြားသော စိန်ခေါ်မှုများကြောင့် ပညာရေးအားနည်းသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ကျေးလက်နေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူ အားလုံးစာတတ်မြောက်ရန်နှင့် အတန်းပညာများ တတ်မြောက်ရန် မလွဲမသွေ ဆောင်ရွက်ပေးကြရမည် ဖြစ်ပါသည်” ဟူ၍ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသော ပညာတတ်များ ပေါများရေးကို ဦးတည်ကြိုးပမ်းကြရန် လမ်းညွှန်ထားပါသည်။

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် ပညာရေးကဏ္ဍ မြင့်မားမှုသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

ပညာတတ်မြောက်မှု ရာခိုင်နှုန်းမြင့်မားသော နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု မြင့်မားသည်သာဖြစ်သည်။ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု လျင်မြန်လှသည့် ယနေ့အချိန်ကာလတွင် အဆိုပါနည်းပညာကို မိမိတို့တတ်မြောက်အောင် သင်ယူပြီး နိုင်ငံနှင့်လူမျိုးကို အကျိုးပြုရမည်ဖြစ်သည်။ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက် ပေးလျက်ရှိသည်။ ထို့ပြင် တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေး အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့အတူအကြောင်းအမျိုးမျိုးကြောင့် ကျောင်းသင်ပညာရေး နည်းလမ်းဖြင့် သင်ကြားခွင့် မရရှိခဲ့သူများအတွက်လည်း ကျောင်းပြင်ပ ပညာရေးနည်းလမ်းဖြင့် သင်ကြားပေးနိုင်ရေးကို ဆောင်ရွက်ပေးလျက်ရှိသည်။ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး လုပ်ငန်း၏ ကဏ္ဍတစ်ရပ်ဖြစ်သည့် စဉ်ဆက်ပညာရေး လုပ်ငန်းဆောင်ရွက်နိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလောနှင့် ဟိုပုံးမြို့နယ်များ စဉ်ဆက်ပညာရေး လုပ်ငန်း ဖွင့်ပွဲကို ဇန်နဝါရီလ ၇ ရက်က တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ   စာတတ်မြောက်ရေး အတွက်   အလေးထား ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်မှုပြုထားသည့် အတိုင်း ပညာရေးဝန်ကြီးဌာနနှင့်အတူ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြို့နယ်လေးခု၊ ဧရာဝတီတိုင်း ဒေသကြီးမြို့နယ်ငါးခုနှင့် နေပြည်တော်ပြည်ထောင်စု နယ်မြေမြို့နယ်ရှစ်ခုတို့တွင် အခြေခံ စာတတ်မြောက်ရေး လုပ်ငန်း စတင်ဆောင်ရွက်ခြင်းဖြစ်သည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် စာတတ်မြောက်ရေး လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် နေပြည်တော်ပြည်ထောင်စု နယ်မြေများရှိ သတ်မှတ်မြို့နယ်များတွင် စာတတ်မြောက်ရေး လုပ်ငန်းဆောင်ရွက်ပြီးပါက ဆက်လက် လုပ်ဆောင်ရမည့် စဉ်ဆက်ပညာရေး လုပ်ငန်းများကို ဒေသအစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ ကျေးလက်နေပြည်သူများနှင့် အစွန်အဖျား ဒေသများရှိ တိုင်းရင်းသားပြည်သူများ အားလုံး စာတတ်မြောက်ရေး အတွက် ဆောင်ရွက်သွားရမည့် ကျောင်းပြင်ပပညာရေး ကဏ္ဍ၏ အခြေခံစာတတ်မြောက်ရေး လုပ်ငန်း၊ စဉ်ဆက်ပညာရေး လုပ်ငန်းတို့ကို ဦးတည်အုပ်စုများချမှတ်၍ အကောင်အထည် ဖော်လျက်ရှိသည်။

ကျောင်းပြင်ပပညာရေးကဏ္ဍတွင် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းသင်ကြားခြင်းကို ငယ်စဉ်က မူလတန်းပညာ ပြီးမြောက်ခဲ့သူများနှင့် မူလတန်းပညာကို တစ်ပိုင်းတစ်စနှင့် ကျောင်းထွက်ခဲ့ရသူများအား ဦးတည်အုပ်စုအဖြစ် သတ်မှတ်၍ အသက် ၁၅ နှစ်နှင့်အထက် လူငယ်နှင့်သက်ကြီးပိုင်း အရွယ်များကို စာသင်သားများအဖြစ် စာရင်းကောက်ယူပြီး စာသင်ဝိုင်းများစုဖွဲ့၍ စဉ်ဆက်ပညာရေးကို တစ်ရက်ပျမ်းမျှ သုံးနာရီဖြင့် နာရီပေါင်း၂၇၀၊ ရက်ပေါင်း ၉၀ ကြာသင်ကြားခြင်း အစီအစဉ်များကို ဆောင်ရွက်နေခြင်းဖြစ်သည်။ အချုပ်ဆိုရသော် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံ့အနာဂတ်ကို ကြိုတင်မြော်တွေးကာ စဉ်ဆက်ပညာရေးကို ဆောင်ရွက် ပေးနေခြင်းဖြစ်သည့်အတွက် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသော ပညာတတ်သူများ များပြားအောင် လူတိုင်းလက်လှမ်းမီသည့်  ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ရေးသား လိုက်ရပေသည်။     ။