ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလျက်ရှိ

 

ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလျက်ရှိ

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Songwit Noonpackdee နှင့် ဇန်နဝါရီလ ၁၂ ရက် ညနေပိုင်းတွင် Video Conferencing  ဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံနှင့်နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက် သွားနိုင်မည့် အခြေအနေများ၊ နယ်စပ်ကုန်သွယ်မှုများ လုံခြုံချောမွေ့ အဆင်ပြေစေရေးအတွက် နှစ်နိုင်ငံအကြား နိုင်ငံရေးအရ၊ တပ်မတော်နှစ်ရပ်အကြား လုံခြုံရေးအရ ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး၊ သတင်းအချက်အလက် ဖလှယ်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသများ၌ တည်ငြိမ်အေးချမ်းရေး၊ အွန်လိုင်းလောင်း ကစားမှုနှင့် ငွေကြေးလိမ်လည်မှုများ တိုက်ဖျက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးကြသည်။

အထူးသဖြင့် နှစ်နိုင်ငံနယ်စပ် မြဝတီမြို့အနီး၌ အွန်လိုင်း လောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုများ လုပ်ဆောင်လျက်ရှိကြောင်း စုံစမ်းသိရှိရသည့်အတွက် နှစ်နိုင်ငံပူးပေါင်း တိုက်ဖျက်ဆောင်ရွက်သွား ရမည့် အခြေအနေများ၊ လူသားချင်းစာနာ ထောက်ထားမှုနှင့် အကူအညီပေးရေး ဆိုင်ရာများတွင် ပူးပေါင်း ဆောင်ရွက်မှုများကို နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြားသာမက နှစ်နိုင်ငံဝန်ကြီးဌာနများ အချင်းချင်းလည်း တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာ-လာအို-ထိုင်း သုံးနိုင်ငံနယ်စပ် ဒေသများ၌ တောမီးလောင်ခြင်းနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ ပူးပေါင်းကာကွယ် တားဆီးရေးဆိုင်ရာများ၊ နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား နယ်ပယ်ကဏ္ဍပေါင်းစုံတွင် ပူးပေါင်း ဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆောင်ရွက် သွားမည့်အခြေအနေများနှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြား ပူးပေါင်းဆောင်ရွက်ကြမည့် အထက်ပါလုပ်ငန်းစဉ်များသည်  မြန်မာနိုင်ငံအတွက်  နိုင်ငံရေး၊  စီးပွားရေး၊  လုံခြုံရေး၊ လူမှုရေး၊ တရားဥပဒေ စိုးမိုးရေးစသည်များတွင် အရေးပါသည့် ကဏ္ဍများဖြစ်သည်။ နှစ်နိုင်ငံနယ်စပ် ဒေသများတွင် အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုများကို နှစ်နိုင်ငံ ပူးပေါင်းနှိမ်နင်းနိုင်ခြင်း ဖြင့် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုများတွင် အသုံးချခံနေရသည့် နိုင်ငံပေါင်းစုံမှ လူများကိုလည်း ကယ်တင်နိုင်မည်ဖြစ်သည်။ ထို့ပြင် မိမိနိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်နေထိုင်သူများကိုလည်း  ဖော်ထုတ်ပြီး သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်ပို့ဆောင်နိုင်မည်ဖြစ်သည်။ မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို တိုက်ဖျက် နိုင်ခြင်းဖြင့် နှစ်နိုင်ငံပြည်သူတို့တွေ့ကြုံခံစားရမည့် လူမှုဒုက္ခများ ကင်းဝေးမည်ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံသည်အိမ်နီးချင်း နယ်နိမိတ်ထိစပ်မှု အကွာအဝေးမှာ မိုင်ပေါင်း ၁၃၀၄ မိုင်ရှိသည်။ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကို သက်ဝင်ကိုးကွယ် ယုံကြည်ကြသလို ထိုင်းနိုင်ငံမှာလည်း ဗုဒ္ဓဘာသာ ကိုးကွယ်မှု အများဆုံးရှိကြသည်။ အိမ်နီးချင်းနှစ်နိုင်ငံအဖြစ် လွန်ခဲ့သောနှစ်ပေါင်းများစွာ ကတည်းကပင် ဖြစ်တည်ခဲ့ကြသည်။ မြန်မာ-ထိုင်းနှစ်နိုင်ငံသည် ၁၉၄၈ ခုနှစ် သြဂုတ်လ ၂၄ ရက်မှ စတင်ကာသံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီး ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်လျက်ရှိသည့် နိုင်ငံများဖြစ်သည်။

အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်သည့် အားလျော်စွာ ကြာရှည်ခိုင်မာသော ဆက်ဆံရေးသမိုင်း အစဉ်အလာရှိသည်။ တစ်ဦးကိုတစ်ဦး တန်ဖိုးထားဆက်ဆံခြင်း ဖြစ်သည့်အတွက် အိမ်နီးချင်းကောင်း ဆက်ဆံရေး ခိုင်မြဲလျက်ရှိသည်။

မြန်မာနိုင်ငံသည်လျင်မြန်စွာဖွံ့ဖြိုး တိုးတက်လာနေသည့် အရှေ့တောင်အာရှ ဒေသတွင် အချက်အချာကျကျ တည်ရှိနေသည့်နိုင်ငံဖြစ်သည်။  စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက် အထူးစီးပွားရေးဇုန်များ ရေနက်ဆိပ်ကမ်း စီမံကိန်းများကိုလည်း စီမံဆောင်ရွက်လျက်ရှိသည်။ ထိုသို့သော အခြေအနေတွင် မြန်မာနိုင်ငံအဖို့ အိမ်နီးချင်းကောင်းပီသသည့် မိတ်ဆွေကောင်းနိုင်ငံများ ရှိနေရန် လိုအပ်သည်။ အိမ်နီးချင်း ကောင်းမှ တစ်နည်းအားဖြင့်ဆိုရလျှင် မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် နှောင့်ယှက်မှုကင်းသည့် အိမ်နီးချင်းကောင်းရှိနေမှ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူရရှိမည်ဖြစ်သည်။ မြန်မာ နိုင်ငံအနေဖြင့်မူ အိမ်နီးချင်းနိုင်ငံများအတွက် မိတ်ဆွေကောင်း ပီသစွာပြုမူကျင့်သုံးလျက်ရှိပါသည်။

ထိုင်းနိုင်ငံသည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကို တစ်ဖက်တစ်လမ်းမှ ကူညီသည်ဟု မြန်မာတို့ကမှတ်ယူထားသည်။  တပ်မတော်နေ့နှင့် ပတ်သက်သည့်အကြောင်းအရာများ ရေးဖွဲ့တိုင်း ဘီအိုင်အေကို ထိုင်းနိုင်ငံတွင် စတင်ဖွဲ့စည်းခဲ့ကြောင်း အထင်အရှားရေးဖွဲ့ကြသည်။ ထိုင်းနှင့်မြန်မာတို့မှာ နိုင်ငံနယ်နိမိတ် အရပိုင်းခြား သတ်မှတ်ထားသော်လည်း အသားအရောင်အရ ခွဲခြားမရနိုင်သူများ ဖြစ်သည်။ စကားအပြော အဆိုအရ ကွဲပြားသော်လည်း လူနေမှုယဉ်ကျေးမှု ဓလေ့စရိုက်မှာများစွာ တူညီကြသည်။ တစ်နိုင်ငံ၏ ကောင်းကျိုးကို တစ်နိုင်ငံကလို လားစွာရွက်ဆောင်ခြင်းဖြင့် နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုများမှာ ခိုင်မာနေမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နှစ်နိုင်ငံအကြားနိုင်ငံရေး အရ၊ တပ်မတော်နှစ်ရပ်အကြား လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကောင်းမွန်ပါစေကြောင်း ရေးသားလိုက်ရပေသည်။  ။