အရည်အသွေးမြင့်သည့် ပညာရေးကွင်းဆက်

 

အရည်အသွေးမြင့်သည့် ပညာရေးကွင်းဆက်

 

အယ်ဒီတာ့အာဘော်                

 (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် အရည်အသွေးမြင့်သည့် ပညာရေးကွင်းဆက် ဖြစ်အောင် ဆောင်ရွက်လျက်ရှိရာတွင် တက္ကသိုလ်များ၊ ကောလိပ်များကိုလည်း တက္ကသိုလ်အင်္ဂါရပ်နှင့်အညီ အဆင့်မီမီ တည်ဆောက်ပေးလျက်ရှိသည်။ ယခင်က အဆင့်မြင့်ပညာရပ်များကို ရန်ကုန်မြို့၌သာ လာရောက်သင်ယူကြရသည်။

    အဆင့်မြင့်ပညာသင် တက္ကသိုလ်များ နိုင်ငံတစ်ဝန်း၌ အရေအတွက်နည်းပါးခဲ့သည်။ မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ပညာရပ်များကို သင်ကြားပေးနိုင်သည့် တက္ကသိုလ်များ ဖြစ်ပေါ်လာရေး စဉ်းစားဆောင်ရွက်ခဲ့ကြပြီး တက္ကသိုလ်ပညာရပ်များကို မိမိတို့ဒေသများ၌ သင်ကြားနိုင်ရန်အတွက် အထူးဒေသဇုန် ၁၄ ခု၌ တက္ကသိုလ်များ ဖွင့်လှစ်ပေးခဲ့သည်။ သို့သော် အချို့တက္ကသိုလ်များ၌ ပညာသင်ကြားမှုများ နည်းပါးလှသည်။ ထို့ကြောင့် နိုင်ငံအတွက် အဓိကလိုအပ်သည့် ဘာသာရပ်များနှင့် မဖြစ်မနေသင်ကြားရမည့် ဘာသာရပ်များကို ဦးစားပေးသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတွင် အဆင့်မြင့်ပညာ တတ်မြောက်သူများ ပေါကြွယ်ဝစေရေးအတွက် တက္ကသိုလ်၊ ကောလိပ်များကို တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိပြီး အားပေးဆောင်ရွက်လျက်ရှိသည်။

    မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကဆောင်ရွက်သည့် နိုင်ငံဖြစ်သော်လည်း စိုက်ပျိုးမွေးမြူရေး ပညာရှင်များ မွေးထုတ်ပေးနိုင်သည့် တက္ကသိုလ်နည်းပါးလှသည်။ သို့ဖြစ်၍ စိုက်ပျိုးမွေးမြူရေးကျောင်းများနှင့် စက်မှုနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာကျောင်းများကို ဖွင့်လှစ်ခဲ့သည်။ စိုက်ပျိုးရေးမှ ထွက်ရှိသည့် ထွက်ကုန်များကို အခြေခံ၍ စက်မှုပိုင်းဆိုင်ရာများ အသုံးပြုပြီး ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်ကြရမည်ဖြစ်သည်။ သက်ဆိုင်ရာ ပညာရပ်များအလိုက် လုပ်ငန်းခွင် ဝင်ရောက်နိုင်သည့် Polytechnic နည်းပညာများကို သင်ကြားနိုင်ရေး ပညာရေးအနာဂတ်ကို ရည်မှန်းချက်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ ရရှိမည်ဖြစ်သည်။

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇန်နဝါရီလ ၁၃ ရက်က ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၌ ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများအား တွေ့ဆုံအမှာစကား ပြောကြားစဉ် “တက္ကသိုလ် ကောလိပ်များကို အဆင့်မြှင့်တင်ပေးခြင်းသည် အနာဂတ်အတွက် သက်ဆိုင်ရာ ဘာသာရပ်အလိုက်  ကျွမ်းကျင်သည့် ပညာရှင်များ မွေးထုတ်ပေးခြင်းပင် ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ် ပညာတတ်မြောက်မှုရှိစေရေး သင်ကြားပေးရန်လိုပြီး အမှန်တကယ် ထူးချွန်သူများကိုသာ တစ်ဆင့်မြင့်ပညာရပ်များ ဆက်လက်သင်ယူနိုင်ရေး စိစစ်ဆောင်ရွက်သွားလိုကြောင်း၊ တက္ကသိုလ်ပညာရပ်သည် တွေးခေါ်လေ့လာ သင်ကြားခြင်း (Studying) ဖြစ်သဖြင့်အမှန်တကယ် တွေးခေါ်မြော်မြင်တတ်သည့် ကျောင်းသား၊ ကျောင်းသူများဖြစ်စေရေး လေ့ကျင့်သင်ကြား ပေးသွားရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်ကို ဘက်စုံထောင့်စုံကဏ္ဍစုံတွင် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိရာတွင် ပညာရေးကဏ္ဍလည်း ပါဝင်သည်။ တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာမြင့်မား တိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေး အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည် ဖော်လျက်ရှိသည်။ နိုင်ငံတော်အတွက် လိုအပ်သည့်လူသား အရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးနိုင်ရေး သင်ကြားရေးနှင့် ပတ်သက်သည့် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းကြိုးပမ်း ပေးကြရမည်ဖြစ်သည်။ နိုင်ငံတိုင်းတွင် ပညာရေးကဏ္ဍ မြင့်မားရေးသည်  မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ ပညာတတ်ပေါများမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအောင်မြင်မည်ဖြစ်သည်။

    နိုင်ငံတကာတွင် နည်းပညာများ တိုးတက်မြင့်မားလာခြင်းကြောင့် မြန်မာနိုင်ငံတွင်လည်း ခေတ်မီပညာများ ပေါကြွယ်အောင် လုပ်ဆောင်နေခြင်းဖြစ်သည်။ ဆရာကောင်းမှ မွေးထုတ်ပေးသည့် တပည့်ကောင်းများဖြစ်အောင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကြိုးစားကြရမည်ဖြစ်သည်။

    မြန်မာနိုင်ငံတွင်အရည်အသွေးမြင့်သည့် ပညာရေးကွင်းဆက် ဖြစ်အောင် စဉ်ဆက်မပြတ် ပုံဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါအခွင့်အရေးကို လူငယ်မောင်မယ်များက ရရှိအောင်သင်ယူကြရမည်ဖြစ်သည်။ ဘက်စုံထူးချွန် ထက်မြက်သော လူငယ်များပေါ်ထွန်းစေရေးနှင့် လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးမှာ လူငယ်မောင်မယ်များကိုယ်တိုင်က လိုလားသောစိတ်ဖြင့် ကြိုးစားကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာရေးမှာ နိုင်ငံတကာတက္ကသိုလ်များနှင့် ရင်ပေါင်တန်းနိုင်ရန် သင်ကြားပေးနေခြင်းဖြစ်သည်။ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား အရည်အချင်း ပြည့်ဝမှုရှိအောင် သင်ကြားပေးနေသကဲ့သို့ ကျောင်းသား၊ ကျောင်းသူများကလည်း ကြိုးစားလေ့လာ သင်ယူကြရန်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် အရည်အသွေးမြင့်သည့် ပညာရေးကွင်းဆက်ဖြစ်အောင် စဉ်ဆက်မပြတ်ဖြစ်စေရေး ဆောင်ရွက်ကြရန် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် ရေးသား လိုက်ရပေသည်။  ။