ကောင်းကျိုးများ ဖြစ်ထွန်းရေး ဝိုင်းဝန်းကြိုးပမ်း

 

ကောင်းကျိုးများ ဖြစ်ထွန်းရေး ဝိုင်းဝန်းကြိုးပမ်း

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်)

    မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော  တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒအမှန်မှာ အေးချမ်းသာယာ ဝပြောရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားဝတ်နေမှုဖူလုံရေးပင် ဖြစ်သည်။ နိုင်ငံတော်တည်ငြိမ် အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိမှသာ တိုင်းရင်းသားပြည်သူများ အေးချမ်းစွာ အသက်မွေးဝမ်းကျောင်း ပြုနိုင်ကြမည်ဖြစ်သည်။အေးချမ်းသာယာသည်နှင့်အမျှ ပြည်သူတို့၏ လူမှုစီးပွားဘဝ တိုးတက်လာနိုင်မည်ဖြစ်သည်။ တိုင်းရင်းသားပြည်သူ အားလုံး၏အရေးကို အလေးပေးကာ တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက်  နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားပြည်သူ အားလုံးတို့က လက်တွဲညီစွာ ဝိုင်းဝန်းဆောင်ရွက် ကြရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် တိုင်းပြည်သာယာဝ ပြောရေးနှင့်  စားရေရိက္ခာဖူလုံရေးတို့ကို အမျိုးသားရေး ရည်မှန်းချက်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိသည်။ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် အကျုံးဝင်သော  စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့ကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်လာအောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရန် အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

တိုးတက်ကောင်းမွန်လာသော စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များကို အားပေးမြှင့်တင် ပေးလျက်ရှိသည်။

နိုင်ငံတော်၏ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များ၌  လူငယ်များအားအဓိက အင်အားစုအဖြစ်ပါဝင်လာနိုင်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ ပညာရေးသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတွင် အခြေခံအုတ်မြစ်ဖြစ်သည့်အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေး စနစ်ကို အကောင်အထည်ဖော်ရေး လူမှုရေးဦးတည်ချက် ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် ရရှိရေး၊ အနည်းဆုံး အလယ်တန်းအဆင့်(KG+9) ပြီးမြောက်သည်အထိ  ပညာသင်ယူနိုင်ရေး၊ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အသက်မွေးဝမ်းကျောင်းပညာကို  အထက်တန်းအဆင့်တွင် သင်ယူနိုင်ရေးတို့ကို အကောင်အထည်ဖော်လျက်ရှိသည်။

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် လူငယ်များ  အပါအဝင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးသည် အသိပညာ၊ အတတ်ပညာများ၊ စဉ်းစားတွေးခေါ်နိုင် သည့်စွမ်းရည်များ ပြည့်စုံကြရန် လိုအပ်သည်။နိုင်ငံတော်အစိုးရအနေဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်သည့်လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေး စနစ်ကိုချမှတ် အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။

လူငယ်များကို အတတ်ပညာနှင့်အတူ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့ ရှင်သန်ကိန်းအောင်းလာပြီး အမှန်နှင့်အမှား၊ အကောင်းနှင့်အဆိုးတို့ကို စဉ်းစားဝေဖန်ပိုင်းခြား နိုင်စွမ်းရှိသော ဥပဒေနှင့်စည်းကမ်းများကို လေးစားလိုက်နာပြီး စွမ်းဆောင်ရည်မြင့်မားသည့် နိုင်ငံ့သားကောင်းများဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးလျက် ရှိသည်မှာ အနာဂတ်နိုင်ငံတော်ကို တာဝန်ယူကြရမည့်လူငယ်များအတွက် ကောင်းသောအမွေကို ပေးနေခြင်းဖြစ်သည်။ လူငယ်များအနေဖြင့်လည်း ဗလငါးတန်နှင့်ပြည့်စုံပြီး စွမ်းဆောင်ရည်မြင့်မားသည့် မျိုးဆက်သစ်များအဖြစ် အနာဂတ် နိုင်ငံတော်ကို  ကာကွယ်စောင့်ရှောက် နိုင်ကြရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် ထံမှ (၇၂)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် “မိမိတို့ပြည်ထောင်စုဖွား တိုင်းရင်းသားများ အနေဖြင့် မတူညီသော မိမိတို့ဆန္ဒများကို ရှေ့တန်းတင် ဆောင်ရွက်နေမည်ဆိုပါက အချင်းချင်းအကြား မပြေလည်မှုများ၊ ပဋိပက္ခများဖြင့် တည်ငြိမ် အေးချမ်းမှုကင်းမဲ့ကာ ဆင်းရဲဒုက္ခများကို ဆက်လက် ရင်ဆိုင်နေကြရမည်သာ ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေသော အခြေအနေများကို မှန်မှန်ကန်ကန်ရှုမြင်ပြီး ကောင်းကျိုးများ ဖြစ်ထွန်းလာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်” ဟူ၍ဖော်ပြပါရှိပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအတွင်း နေရာဒေသမကျန် ဖွံ့ဖြိုးတိုးတက်မှုရှိအောင် နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိသူအသီးသီးက ဆောင်ရွက်လျက်ရှိရာတွင် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးကလည်း ပူးပေါင်းပါဝင်ကြရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်လည်း ဒို့တာဝန်အရေးသုံးပါး ဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အမျိုးသားရေး ခံယူချက်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါအမျိုးသားရေး လုပ်ငန်းသုံးရပ်ကို အခြေခံသော ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် နိုင်ငံတော်ကို တည်ဆောက်ပေးထားခြင်းဖြစ်ပြီး ခိုင်ခိုင်မာမာ ဆောင်ရွက်ထားခြင်းဖြစ်သဖြင့် လုံးဝအထိခိုက်ခံမည် မဟုတ်ကြောင်း နိုင်ငံတော်အကြီးအကဲက အလေးအနက် ပြောကြားထားပါသည်။ အနှစ်ချုပ်ဆိုရသော် ပြည်ထောင်စုကြီး အေးချမ်းသာယာဝပြောရေးကို မိမိတို့ဒေသအလိုက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ ပြည်သူတစ်ရပ်လုံးက ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။    ။