ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်

 

ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်

 

အယ်ဒီတာ့အာဘော်                 

  (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်)

    မြန်မာနိုင်ငံတွင်  တိုင်းရင်းသားလူမျိုးပေါင်း တစ်ရာကျော်သည်  ရှေးနှစ်ပေါင်း များစွာကတည်းက အေးအတူပူအမျှ အတူတကွ နေထိုင်လာကြသူများဖြစ်ကြသည်။ ကိုလိုနီလက်အောက်ခံ အဖြစ်နေရစဉ်မှာလည်း နယ်ချဲ့အင်္ဂလိပ်နှင့် ဖက်ဆစ်တို့ကို တိုက်ထုတ်ခဲ့ရာတွင်  အတူတူပါဝင်ခဲ့ကြသည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများသည် မိမိတို့သက်ဝင်ယုံကြည်ရာ ဘာသာတရားတို့၏ အဆုံးအမအတိုင်း အေးချမ်းစွာ နေထိုင်လျက်ရှိကြသည်။ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် ဘာသာပေါင်းစုံတို့စုစည်း နေထိုင်ခြင်းကို ပေါ်လွင်ထင်ရှားစွာ ပြသနိုင်သည့်နိုင်ငံဖြစ်သည်။

နိုင်ငံတိုင်းတွင် မိမိတို့၏ကိုယ်ပိုင်ဘာသာ သာသနာယဉ်ကျေးမှု အစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက်ကြသည်။ တန်ဖိုးထားကြသည်။ မိမိဘာသာကိုထိလျှင် မချိအောင်နာတတ်ကြသည်။ ဤသည်မှာနိုင်ငံတိုင်း၊ ဘာသာတိုင်းတွင် တူညီသော အချက်ဖြစ်သည်။ ယဉ်ကျေးမှု အစဉ်အလာများမှာ နိုင်ငံတိုင်း၊ လူမျိုးတိုင်း၏ အသက်ဝိညာဉ်ဖြစ်သည်။ ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံသား အများဆုံးကိုးကွယ်ရာ အဖြစ် သတ်မှတ်ထားသော်လည်း အခြားသော ဘာသာများကိုလည်း အသိအမှတ်ပြု စောင့်ရှောက်ပေးလျက်ရှိသည်။ ဤသည်မှာလွန်ခဲ့သည့် နှစ်ပေါင်းများစွာမှ ယနေ့တိုင်ဖြစ်သည်။

ယခုလတ်တလော လူမှုကွန်ရက်ပေါ်တွင်လည်း ဘုရားဆင်းတုတော်များအား ကိုယ်ထိလက်ရောက် ကျူးလွန်ဖျက်ဆီးနေသော Video ဖိုင်များကို ခပ်စိပ်စိပ် တွေ့လာရပါသည်။ မကြာသေးမီ ရက်များအတွင်းက MNDAA  ပူးပေါင်းအကြမ်းဖက် သောင်းကျန်းသူများက ဘုရားစေတီတစ်ဆူကို ထုရိုက်ဖျက်ဆီးနေသည့် ရုပ်သံမှတ်တမ်းတစ်ခု ပေါ်ထွက်ခဲ့သည်။ ဤလုပ်ရပ်မှာလွန်စွာရိုင်းစိုင်း ယုတ်မာအောက်တန်းကျသည့် အကြမ်းဖက် သောင်းကျန်းသူတို့၏ လုပ်ရပ်ဖြစ်သည်။ မြန်မာလူမျိုးတို့ အထွတ်အမြတ် ကိုးကွယ်သော ရုပ်ပွားဆင်းတုစေတီတော်ကို ဖျက်ဆီးခြင်းမှာ မြန်မာတို့၏ နှလုံးသားကို အပ်နှင့်ဆွသကဲ့သို့ နာကျင်ခံပြင်းစိတ်များ ဖြစ်ပေါ်ခဲ့ကြသည်။ ထို့ကြောင့်မြန်မာနိုင်ငံတစ်ဝန်းတွင် ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို ဖျက်ဆီးမှုအပေါ် ကန့်ကွက်ရှုတ်ချပွဲများ ပြုလုပ်လျက်ရှိသည်။  သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် မျိုးချစ်ပြည်သူများ တက်ရောက်ကြသည်။ အကြမ်းဖက်သောင်းကျန်းသူတို့သည် မြန်မာတို့၏ ဘာသာသာသနာကို ဖျက်ဆီးနေသည့် မိစ္ဆာဒိဋ္ဌိများဖြစ်သည်။

မြန်မာနိုင်ငံ  တိုင်းတစ်ပါးလက်အောက် ကျရောက်ခဲ့စဉ်ကာလက နယ်ချဲ့တို့သည်လည်း ဘာသာသာသနာကို စော်ကားခဲ့ကြသည်။ အထင်ရှားဆုံး သာဓကတစ်ခုမှာ မန္တလေးနန်းတော်ကို သိမ်းပိုက်ခဲ့ပြီး မြန်မာလူမျိုးတို့ အထွတ်အမြတ် ကိုးကွယ်သော ရုပ်ပွားဆင်းတုတော်တို့ကို နယ်ချဲ့တို့၏ ခြေထောက်အောက်တွင်ထား၍ ဓာတ်ပုံရိုက်ကာ အောင်ပွဲခံခြင်းဖြစ်သည်။ ကိုလိုနီနယ်ချဲ့လက်ဟောင်းများ နည်းတူ မျက်မှောက် ကာလတွင်လည်း နယ်ချဲ့လက်သစ်ဝါဒီများက  မြန်မာနိုင်ငံနှင့်  မြန်မာလူမျိုးများအား  ကျွန်ပြုအံ့ဟု ခြိမ်းခြောက်အန္တရာယ်ပြုလျက် မီဒီယာနည်းလမ်း၊ စီးပွားရေး နည်းလမ်းတို့ဖြင့် တိုက်ခိုက်နေသည် သာမက သောင်းကျန်းသူ အဖျက်သမားများအား စစ်ရေးနည်းလမ်းဖြင့် မြှောက်ပင့်ပေးပြီး ဘာသာသာသနာကို ဖျက်ဆီးသည့် လုပ်ရပ်ကိုပါ ထင်ရှားစွာ မြင်တွေ့လာရသည်။

မျက်မှောက်ကာလတွင် အကြမ်းဖက်သောင်းကျန်းသူများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားများ အထွတ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများ အပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ ဘုရားရှိခိုးကျောင်းများကို ဒရုန်းများ အသုံးပြု တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ အတွင်းသို့ ဝင်ရောက် နေရာယူပြီး အခိုင်အမာစခန်း ပြုလုပ်ခြင်းစသည့် အဖျက်အမှောင့် လုပ်ငန်းများဖြင့် ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထား တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်ကို တွေ့မြင်နေရသည်မှာ စိတ်မချမ်းမြေ့ဖွယ်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်များအတွင်း PDF အမည်ခံ အကြမ်းဖက်သမားများက စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းကို ခံစစ်စခန်း ပြုလုပ်ခဲ့ခြင်း၊ KKO  (ခွဲထွက်) အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကော့ကရိတ်မြို့ ဇောတိရာမပင်မကျောင်းကို လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ခြင်း၊ KNLA နှင့် PDF အမည်ခံအကြမ်းဖက်သမားတို့က ဥကရစ်ထနယ်မြေ အတွင်းရှိ စေတီပုထိုးနှင့် ဘာသာရေးအဆောက်အအုံ အတွင်းခံစစ်ပြုလုပ်ခဲ့ခြင်း၊ KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ကယားပြည်နယ် ပန်တိန်းမြို့ရှိ ကက်သလစ် ဘုရားကျောင်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း၊   MNDAA    ပူးပေါင်းအကြမ်းဖက် သောင်းကျန်းသူများက ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ရှိ ရပ်တော်မူဘုရားနှင့် မိဂဒါမဟာစေတီကို ဒရုန်းအသုံးပြု ဖျက်ဆီးခဲ့ခြင်း၊ TNLA အကြမ်းဖက်သောင်းကျန်းသူများက နမ့်ခမ်းမြို့ပေါက်တို က်မရပ်ကွက်ရှိ ဇေယျသုခ ဘုန်းတော်ကြီးကျောင်းကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်း၊ AA အကြမ်းဖက် သောင်းကျန်းသူများက မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှုပြတိုက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း၊ လွိုင်ကော်မြို့ရှိ သမိုင်းဝင် မြို့နာမ် ရွှေစေတီတော်ကို KNPP အကြမ်းဖက် သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးခြင်း တို့ကို ကျူးလွန်ခဲ့ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူ အပေါင်းက တို့ဘာသာ၊ တို့နိုင်ငံကို အထိမခံ ပြင်းပြင်းထန်ထန် ကန့်ကွက်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ အဖွဲ့အစည်း အသီးသီးမှလည်း သဘောထား ထုတ်ပြန်ကာ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလျက် ရှိပါကြောင်း ရေးသား လိုက်ရပေသည်။   ။