ဒေသဖွံ့ဖြိုးတိုးတက်ရေး တက်ညီလက်ညီ ဆောင်ရွက်ပေး

 

ဒေသဖွံ့ဖြိုးတိုးတက်ရေး တက်ညီလက်ညီ ဆောင်ရွက်ပေး

 

အယ်ဒီတာ့အာဘော်                 

 (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်)

    နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဆိုသည်မှာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ ပေါ်ပေါက်လာခြင်းဖြစ်သော်လည်း နာဂလူမျိုးများမှာ မြန်မာနိုင်ငံအတွင်း အခြားသော တိုင်းရင်းသားများ နည်းတူ ရှေးနှစ်ပေါင်းများစွာကတည်းက အတူတကွ နေထိုင်လာကြခြင်းဖြစ်သည်။ နာဂဒေသမှာ တည်ငြိမ် အေးချမ်းသည့် ဒေသဖြစ်သည့်အတွက် နာဂရိုးရာနှစ်သစ်ကူး ပွဲတော်ကို နှစ်စဉ်ကျင်းပလျက်ရှိသည်။ ထိုသို့ ကျင်းပလျက်ရှိရာတွင် နာဂဒေသအတွင်းရှိ လဟယ်၊လေရှီး၊ နန်းယွန်းမြို့နယ်တို့တွင် အလှည့်ကျကျင်းပ ပြုလုပ်ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် နာဂနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ ၁၅ ရက်က လေရှီးမြို့တွင် ကျင်းပခဲ့ကြသည်။ နာဂရိုးရာနှစ်သစ်ကူး ပွဲတော်တွင် နာဂတိုင်းရင်းသား မျိုးနွယ်စုများ၏ ရိုးရာဓလေ့ ထုံးတမ်းများနှင့် ရိုးရာမြေဝိုင်းအက ပဒေသာမျိုးစုံကို တွေ့မြင်ရသည်။နာဂတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာများကို ထိန်းသိမ်းစောင့်ရှောက်ပြီး တိုင်းရင်းသား အချင်းချင်း ရင်းနှီးချစ်ကြည်ခြင်း၊ စည်းလုံးညီညွတ်ခြင်းတို့အား အခြေခံသည့် ပြည်ထောင်စုစိတ်ဓာတ် အရင်းခံ၍ စုပေါင်းဆောင်ရွက်ခြင်းမှာ ပျော်ရွှင်ကြည်နူးဖွယ် ကောင်းလှသည်။

နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားဒေသများ အပါအဝင် တစ်နိုင်ငံလုံးတစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ နာဂတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အနေဖြင့် အခွင့်အရေးကို အပြည့်အဝအသုံးချ၍ မိမိတို့ဒေသကို ပိုမိုတိုးတက်အောင် လုပ်ဆောင်ကြရမည်ဖြစ်သည်။  နာဂဒေသအတွင်း ကျန်းမာရေးနှင့် ပတ်သက်၍   ဆေးကုသမှုအပြင် ကျန်းမာရေး အသိပညာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ တိုးချဲ့ကာကွယ်ဆေးထိုးခြင်း၊ ကလေးသူငယ်များအား ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကျန်းမာရေးနှင့် လျော်ညီသည့်  နေထိုင်သွားလာ စားသောက်မှု ပုံစံတို့စနစ်တကျ ရှိစေရေး ဆောင်ရွက်ပေးလျက်ရှိသည်။ ကျန်းမာရေးသည် လူတိုင်းအတွက် အရေးကြီးဆုံး အရာဖြစ်ပေရာ ကျန်းမာရေးကောင်းမွန်စေရန် အတွက်လည်း လူတိုင်းက ကြိုးစားနေထိုင်ကြရမည်ဖြစ်သည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသို့ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးစသည့် ကဏ္ဍများ၌ လာရောက်တာဝန် ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံဝန်ထမ်းများ အနေဖြင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ လူမှု၊ စီးပွားရေးဘ၀ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။

ဒေသတစ်ခုဖွံ့ဖြိုး တိုးတက်ရန်အတွက် ၎င်းဒေသ၏ စီးပွားရေးကောင်းမွန်ရန် လိုအပ်ပါသည်။ စီးပွားရေး ကောင်းမွန်မှလည်း ဒေသကိုဖွံ့ဖြိုး တိုးတက်စေမည်ဖြစ်သည်။

]]၂၀၂၄ ခုနှစ်မှာလည်း ကျွန်တော်တို့အစိုးရ အနေနဲ့ချမှတ်ထားတဲ့ အမျိုးသားရေး ရည်မှန်းချက်များ၊ နိုင်ငံရေး ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များနဲ့ ဦးတည်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ ပြည်သူလူထုနဲ့ လက်တွဲပြီး ဆက်လက်ဆောင်ရွက်သွား မှာဖြစ်ပါတယ်။ အဓိကအားဖြင့် စီးပွားရေး ပိုမိုကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက် သွားပါမယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကိုအခြေခံတဲ့ MSME လုပ်ငန်းများ ယခုထက်  ပိုမိုအားကောင်းလာအောင် ဆောင်ရွက်ပေးသွားပါမယ်။ ပညာရေးကိုလည်း ပိုမိုအားပေး ဆောင်ရွက်သွားပါမယ်” ဟူ၍ နိုင်ငံတော် အကြီးအကဲ၏၂၀၂၄ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် ပြောကြားထားပါသည်။

ထိုသို့ပြောကြားထားသည့် အတိုင်းလည်း လုပ်ဆောင်ပေးလျက်ရှိပါသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံ အချက်များဖြစ်သည့် မျိုးကောင်းမျိုးသန့်များရရှိရေး၊ စိုက်ပျိုးမြေကောင်းမွန်ရေး၊ စိုက်ပျိုးရေ လုံလောက်စွာ ရရှိရေးနှင့် စိုက်နည်းစနစ် မှန်ကန်မှုရှိစေရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။မြေဆီလွှာ ဆုံးရှုံးမှုများပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဖြစ်ပေါ်စေသည့် ရွှေ့ပြောင်း တောင်ယာစနစ်ကို လျှော့ချရမည်ဖြစ်သည်။

ရေရှည်တည်တံ့သည့် စိုက်ပျိုးရေးနည်းစနစ်ဖြစ်သည့်  ခေတ်မီလှေကားထစ် လယ်ယာစနစ်ကို လုပ်ကိုင်ဆောင် ရွက်ကြရမည်ဖြစ်သည်။

 နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများအပြင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ကြမ်းသွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်များ ပြည့်စုံစေရေး ဆောင်ရွက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေမှ ချေးငွေများရရှိရေး ဆောင်ရွက်ပေးလျက်ရှိသည်။ ဒေသအတွင်း စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် ကုန်ထုတ်လုပ်ငန်းများကို ဒေသတစ်ခုထွက်ကုန် တစ်မျိုးဖြစ်အောင် ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်သည်။နာဂရိုးရာ ချည်ထည်လုပ်ငန်းများ စနစ်တကျ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကိုလည်း ကြိုးပမ်းဆောင်ရွက်မည် ဆိုပါက ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ မိမိတို့ဒေသတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှသာ လူနေမှုဘဝများ မြင့်မားလာမည်ဖြစ်သည်။

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ ပညာရေး၊ စီးပွားရေးနှင့် လူမှုရေးများ တိုးတက်ကောင်းမွန်စေလိုပါက နာဂတိုင်းရင်းသား မျိုးနွယ်စုများ စည်းစည်းလုံးလုံး နေထိုင်ခြင်း၊ တရားဥပဒေကို လေးစားလိုက်နာခြင်း၊ အနာဂတ်ကိုမြော်တွေးပြီး ပညာသင်သည့်အရွယ်များ ပညာသင်ကြားရေးကို သက်ဆိုင်သူအားလုံး ဝိုင်းဝန်းကြိုးပမ်းပေးခြင်း၊ တတ်နိုင်သူများ၊ အလုပ်လုပ်နိုင်သူများ အားလုံး ကုန်ထုတ်လုပ်မှု မြင့်မားရေး ရင်းနှီးမြှုပ်နှံ အလုပ်လုပ်ခြင်းတို့ဖြင့် ကြိုးပမ်း လုပ်ဆောင်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။