ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်ရေး

 

ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်ရေး

 

အယ်ဒီတာ့အာဘော်               

(၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်)

ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက် အထောက်အကူပြုခြင်း၊ နိုင်ငံခြား ဝင်ငွေများ ရှာဖွေပေးနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊  လူထုလူတန်းစား အသီးသီးထံသို့ ဝင်ငွေများတိုက်ရိုက်နှင့် သွယ်ဝိုက်သော နည်းလမ်းများနှင့် စီးဝင်စေခြင်းစသည့် အကျိုးကျေးဇူး များစွာ ရရှိစေနိုင်သည်။ ခရီးသွားလုပ်ငန်းသည် မီးခိုးမထွက်သည့် စက်ရုံ (Smokeless Industry) တစ်ခုပမာတင်စားကြသည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်း တစ်ရာကျော်တို့မွေးဖွားရာ၊ ကြီးပြင်းရာ၊ အားထားရာဖြစ်ပါသည်။ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုအလှကား ကြည့်၍မဆုံးနိုင်အောင် ကျက်သရေရှိလှ သည်။ ယဉ်ကျေးမှုဆိုရာ၌ ဝတ်စားဆင်ယင်ပုံ၊ ပြောဆိုသုံးစွဲသည့် စကားနှင့်စာ၊ ဓလေ့စရိုက်ထုံးစံ၊ ဂီတ၊ အကစသော အနုပညာတို့ပါဝင်ပြီး လေးစားဖွယ်ရာ၊ မြတ်နိုးဖွယ်ရာဖြစ်၏။ ဂုဏ်ရှိန်မြင့်မားစွာ ရှိပြီးဖြစ်သော ယဉ်ကျေးမှုများကိုလည်း ကမ္ဘာကသိအောင် ပြသရမည်ဖြစ်သည်။ ထိုသို့ပြသနိုင်ခြင်းအားဖြင့် ခရီးသွားဧည့်သည်များကို ပိုမိုစည်းရုံး ဆွဲဆောင်နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် ရေခဲဖုံးလွှမ်းသည့် တောင်တန်းများကို ပိုင်ဆိုင်ထားသည့် တစ်ခုတည်းသောနိုင်ငံဖြစ်သည်။ ကချင်ပြည်နယ်ရှိ ဖုန်ကန်ရာဇီ ရေခဲတောင်ခရီးစဉ်တွင် သဘာဝအတိုင်း တောလမ်းမှ တောင်တက်ခရီးစဉ်ဖြင့် ရေခဲဖုံးလွှမ်းရာ အစပ်သို့တက်ရောက်နိုင်သည့်အတွက် တောင်တက်ခရီးသွားများ၏ လက်ဆင့်ကမ်း စကားသံတို့ဖြင့် ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်စားမှု များပြားလျက်ရှိပြီး နှစ်စဉ်ပြည်တွင်း တောင်တက်ခရီးသွားများ မြင့်တက်လျက်ရှိသည်။ ထို့အတူ မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပားတောင်သို့လည်း အနယ်နယ်အရပ်ရပ်မှ လာရောက်သူများ ရှိနေသည်။ အထူးသဖြင့် နှစ်စဉ်ဒီဇင်ဘာလ တတိယပတ်မှစတင်၍ တောင်တက်ရန် လာရောက်ကြသူ ပိုမိုများလှသည်။ တောင်မကြီး အထက်တွင် Camp ground အဖြစ်  သတ်မှတ်ထားသည့်အတွက်  သက်သောင့်သက်သာ အနားယူနိုင်ကြသကဲ့သို့ နေဝင်ဆည်းဆာ အလှနှင့်နေထွက်ချိန် အလှများကို ခံစားနိုင်သည်။

မြန်မာနိုင်ငံ၌ခရီးသွား လုပ်ငန်းမှဝင်ငွေ ပိုမိုရရှိရန် အခွင့်အလမ်းများစွာ ရှိနေပြီဖြစ်သည်။ အခြားဥရောပနိုင်ငံများထက် ကုန်ကျစရိတ် သက်သာကာ ရှေးဟောင်းယဉ်ကျေးမှု၊ သဘာဝသယံဇာတ၊ ရိုးရာဓလေ့၊ အစားအစာနှင့် သဘာဝရှုခင်းများကို ကြည့်ရှုလေ့လာနိုင်သည်။ မြန်မာနိုင်ငံသည် အခြားသော အာဆီယံနိုင်ငံတို့ထက် သဘာဝကို အခြေခံသော  ခရီးသွားဒေသအရင်းအမြစ် များစွာတည်ရှိနေသည်မှာ ဘိုးဘွားတို့ ပေးထားသည့် အမွေအနှစ်ဟု ဆိုနိုင်ပါသည်။

နေပြည်တော်ခရီးစဉ်တွင် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ကိန်းဝပ်စံပယ်လျက်ရှိသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့   နိုင်ငံခြားသား ခရီးသွား များစွာဝင်ရောက်လျက်ရှိသည်။ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း စိတ်ဝင်စားဖွယ်ရာ များစွာတွေ့မြင်ရမည်ဖြစ်သည်။ ထို့အတူနေပြည်တော်တွင် အခြားသော ဘုရားစေတီများ၊ ရှေးဟောင်းအမွေအနှစ်များ၊ အပန်းဖြေစခန်းများလည်း ရှိသေးသည်။

မြန်မာနိုင်ငံ၏ အထင်ကရနေရာများဖြစ်သော ပုဂံ-ညောင်ဦး၊ အင်းလေး-ကလော၊ငွေဆောင်၊ ချောင်းသာအပြင် တောင်တက်ခရီးစဉ်များ၊ တိမ်ပင်လယ် ခရီးစဉ်များသို့ သွားရောက်လည်ပတ်မှု  များပြားလှသည်။ ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့ရှိ ငွေဆောင်ကမ်းခြေသည် ပင်လယ်ကမ်းရိုးတန်း ရှည်လျားခြင်း၊ ပင်လယ်ရေ ကြည်လင်ခြင်း၊ သဲသောင်ပြင် သန့်ရှင်းခြင်း၊ ဟိုတယ်ဝန်ဆောင်မှု ကောင်းမွန်ခြင်း စသည်တို့ကြောင့် ခရီးသွား ဧည့်သည်ဝင်ရောက်မှု များပြားလှသည်။

မြန်မာနိုင်ငံတောင်ဘက်စွန်းရှိ လန်ပိကျွန်း၊ ညောင်ဦးဖီးကျွန်း၊ ကျွန်းဘုရင်၊ သမီးလှကျွန်း၊ မင်းသားကျွန်းနှင့် ဝါးအလယ်ကျွန်း အပန်းဖြေစခန်းတို့၌ ပြည်တွင်း၊ ပြည်ပခရီးသွားများ အပန်းဖြေ လည်ပတ်လျက်ရှိကြသည်။

အထူးသဖြင့် ရှားပါးမျိုးစိတ်များ ရှင်သန်ကျက်စားလျက်ရှိရာ လန်ပိကျွန်းအဏ္ဏဝါ အမျိုးသားဥယျာဉ်သည် အလျားမိုင် ၃၀၊ အနံ ၇ မိုင်ရှိပြီး ကုန်းတွင်းနှင့် အဏ္ဏဝါ၌ဇီဝမျိုးစုံ မျိုးကွဲများကြွယ်ဝကာ ရေပျော်ငှက်နှင့် ဒေသမျိုးရင်းငှက် ၂၈၈ မျိုးရှိသည်။ အောက်ချင်းငှက်နှင့် ပုလင်းနှုတ်သီး လင်းပိုင်များလည်း ကျက်စားသည့်အတွက် လေ့လာစူးစမ်းဖွယ် ကောင်းလှသည်။

လန်ပိအဏ္ဏဝါအမျိုးသား ဥယျာဉ်အတွင်းဧရိယာ ၁၀၀ ဒသမ ၁၅ ဧကအကျယ်တွင် ဝါးအလယ်ကျွန်း အပန်းဖြေစခန်းကို ဖွင့်လှစ်ထားရှိသည်။ မြန်မာနိုင်ငံတွင် တစ်ခုတည်းသော အဏ္ဏဝါအမျိုးသား ဥယျာဉ်တစ်ခုဖြစ်ခြင်း၊ ရုက္ခ၊ ဇီဝနှင့်အဏ္ဏဝါဆိုင်ရာ သဘာဝကုန်းနေ၊ ရေနေတောရိုင်းတိ ရစ္ဆာန်များ ရှင်သန်ကြွယ်ဝခြင်း၊ကောင်းမွန်သည့် သဘာဝပတ်ဝန်းကျင် တည်ရှိခြင်း၊အပန်းဖြေဧရိယာ အတွင်း ကယက်လှေဖြင့် သဘာဝအလှကို ကြည့်ရှု လေ့လာနိုင်ခြင်း၊ လှပသန့်ရှင်းသော ပင်လယ်ပြင်နှင့်သောင်ပြင် အလှတို့ရှိနေခြင်း၊ ဆလုံတိုင်းရင်းသားတို့၏ လူမှုဘဝကို အနီးကပ်လေ့လာနိုင်ခြင်းနှင့် သဘာဝအခြေခံ ခရီးသွားအရင်းအမြစ်များစွာ တည်ရှိနေခြင်းတို့ကြောင့်  နိုင်ငံတကာမှခရီးသွားများ စိတ်ဝင်စားခြင်းဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် မြန်မာ့ခရီးသွား လုပ်ငန်းများ ပိုမိုအောင်မြင်၍ ခရီးသွားများ များစွာ လာရောက်ခြင်းဖြင့် နိုင်ငံ့စီးပွား တိုးတက်ပါစေကြောင်း ရေးသားလိုက်ရပေသည်။    ။