ကလေးအလုပ်သမား ပပျောက်ရေး

 

ကလေးအလုပ်သမား ပပျောက်ရေး

 

အယ်ဒီတာ့အာဘော်                

 (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူသည့်ကာလအတွင်း မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီကို ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၄ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌ အပါအဝင်အဖွဲ့ဝင် ၃၆ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ဆဋ္ဌမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ ပဉ္စမအကြိမ် အမျိုးသားကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ချက် (၁၇) ချက် ချမှတ်ဆောင်ရွက်ခဲ့ပြီး အဆိုပါဆုံးဖြတ်ချက်များ အနက် စဉ်ဆက်မပြတ် ဆောင်ရွက်ရမည့် ဆုံးဖြတ်ချက် (၆) ချက်မှအပ ကျန်အချက်များ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

ကလေးအလုပ်သမား ပပျောက်ရေးနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်မှုအပေါ် ပြန်လည် ကြည့်မည်ဆိုပါက မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားဆိုင်ရာ အခြေခံဗဟုသုတများ ပြန့်ပွားစေရေးအတွက် အသိပညာနှင့် ဗဟုသုတတိုးမြှင့်စေခြင်း၊ နိုင်ငံတကာ စံညွှန်းများနှင့်အညီ ဥပဒေပြင်ဆင်ရေးဆွဲခြင်း၊ ကလေးအလုပ်သမား ပြဿနာအပေါ်ဖြေရှင်းနိုင်ရန် ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၏   စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊  တာဝန်ဝတ္တရားများ သတ်မှတ်ခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း ချမှတ်၍ တိုးတက်မှုကို အကဲဖြတ်ခြင်းဖြင့် ရေရှည်တွင် ကလေးအလုပ်သမား လျော့နည်းပပျောက် စေရန်ဖြစ်သည်။

မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို ကာလတို ငါးနှစ်လုပ်ငန်း စီမံချက်သုံးကြိမ်ဖြင့် ကာလရှည် ၁၅ နှစ်လုပ်ငန်း စီမံချက် သတ်မှတ်ဆောင်ရွက်သွားရန် လျာထားသည်။ ပထမကာလတို ငါးနှစ်စီမံချက်အား ခိုင်မာတိကျသော အခြေခံအချက်အလက်များ ကောက်ယူခြင်း၊ အသိပညာပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာ အခွင့်အလမ်းများ ဖန်တီးခြင်း၊ ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်ရေးဆွဲမှုနှင့် အကောင်အထည်ဖော် ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေခြင်း၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားခြင်းနှင့် ပြန်လည်ကုစားခြင်း၊ မိသားစုများအတွက် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်းအလုပ်အကိုင် အခွင့်အလမ်းများ ရှိစေခြင်းစသည့် ရည်မှန်းချက် (၆) ရပ်ဖြင့်၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စတင်ဆောင်ရွက်သွားရန် အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို မူအားဖြင့် အတည်ပြုခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ပထမကာလတို ငါးနှစ်စီမံချက်ပါ တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၅ ခုအနက် ကနဦးစီမံချက် နယ်မြေများဖြစ်သည့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ဦးစားပေးနယ်ပယ် နှစ်ခုဖြစ်သော စက်မှုကုန်ထုတ် ကဏ္ဍနှင့်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကဏ္ဍတို့ရှိကလေးအလုပ်သမားများ လျော့နည်းပပျောက်စေရန် ပထမကာလတို ငါးနှစ်လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃) ခုနှစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။

အာဆီယံတွင်လည်း ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများ အားလုံးကို ဆန့်ကျင်ခြင်း၊ ကလေးသူငယ်များအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းဆိုင်ရာ မူဝါဒများကို အရေးကြီး ဦးစားပေးအဖြစ် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်သည့်နေရာတွင် no child left behind “မည်သည့်ကလေးမျှ နောက်ချန်မထားရေး” လုပ်ငန်းစဉ် အောင်မြင်စေရန်အတွက် လူမှုအဖွဲ့အစည်းများက အလေးထား ဆောင်ရွက်လျက်ရှိနေသည်ကိုလည်း လေ့လာသိရှိရသည်။ မြန်မာနိုင်ငံအနေဖြင့် ကလေးအလုပ်သမား ပပျောက်ရေးလုပ်ငန်း စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာ ဗဟုသုတများကို ကလေးအလုပ်သမား ကိုယ်တိုင်မှစ၍ မိဘများထံ ထိရောက်စွာ ရောက်ရှိနိုင်ရေး အသိပညာ မြှင့်တင်ရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက်လျက်ရှိပါသည်။

ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးမှာ ကလေးများနှင့် ဆက်စပ်နေသော မိသားစုများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်ဖြစ်သည်။

ပြည်ထောင်စု၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ၏ ခွင့်ပြုဘဏ္ဍာ ရန်ပုံငွေများဖြင့် ကလေးအလုပ်သမားများ၏ မိသားစုများ ဝင်ငွေတိုးပွားစေရန်အတွက် အခြေခံသက်မွေး ပညာရပ်များနှင့် ဒေသထွက်ကုန် တန်ဖိုးမြှင့် နည်းပညာသင်တန်းများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ၅၄၃ ကြိမ် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သည်။ မိသားစု၏ တာဝန်သည် သူတို့၏ကလေးများအား ကူညီရန်သာဖြစ်သည်။

ကလေးသူငယ်များ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံတော်၏ အနာဂတ်ကို ကောင်းမွန်စွာ ဖန်တီးပေးနိုင်မည်ဖြစ်သကဲ့သို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝမြင့်မားမှု၊ ပညာရေးဖွံ့ဖြိုး တိုးတက်မှုများနှင့်  တိုက်ရိုက် သက်ဆိုင်နေခြင်းကြောင့် မြန်မာနိုင်ငံကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်၏ ရည်မှန်းချက်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရေရှည်စီမံကိန်း ချမှတ်ဆောင်ရွက်သွားရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား ပပျောက်ရေးအတွက် မိဘပြည်သူများ အားလုံးက ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။