နိုင်ငံတော်အနာဂတ်နှင့် မျိုးဆက်သစ်များ

နိုင်ငံတော်အနာဂတ်နှင့် မျိုးဆက်သစ်များ

နိုင်ငံတစ်နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေလိုလျှင် လူငယ်များကိုစဉ်ဆက်မပြတ် ပြုစုပျိုးထောင် ပေးကြရမည်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးရေးတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အဓိကကျလှသည်။ နိုင်ငံတော် အစိုးရက  နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေး လျက်ရှိသည်။ တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး ကုန်ထုတ်လုပ်မှုများ အထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်လျက်ရှိသည်။

နိုင်ငံတော်၏ အနာဂတ်မျိုးဆက်ဟု ဆိုလိုက်သည်နှင့် အားလုံး၏တူညီသောအမြင်မှာ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များပင် ဖြစ်သည်။ လူငယ်များသည် ကျောင်းနေပျော်၍ စာတော်အောင် ကြိုးစားကြရမည် ဖြစ်သည်။ စာတော်အောင်ကြိုးစားခြင်းမှာ မိမိအတွက်၊ မိမိနိုင်ငံတော်အတွက် ဖြစ်သည်။

ယနေ့ကာလတွင် စာတော်အောင်ကြိုးစားရုံဖြင့် ပြီးပြည့်စုံပြီဟုမဆိုနိုင်သေးချေ။ ကာယဗလဟုဆိုအပ်သော ကျန်းမာကြံ့ခိုင်မှုရှိနေရန် လိုအပ်သည်။ အားကစားပြိုင်ပွဲများ၊ ပညာရေးစုံညီပွဲတော်များသည် ကျောင်းသား၊ ကျောင်းသူများအတွက် အထောက်အပံ့ကောင်းများဖြစ်သည်။

၂၀၂၃-၂၀၂၄ ခုနှစ် ပညာရေးစုံညီပွဲတော်ကို  နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ၌ ကျင်းပလျက်ရှိသည်။ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ အသိပညာဗဟုသုတနှင့် ဉာဏ်ရည်ဉာဏ်သွေး ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးအတွက် မြို့နယ်အလိုက် ကျောင်းအသီးသီးတွင် ပျော်ပျော်ရွှင်ရွှင်စည်စည် ကားကားကျင်းပနေသည့် သတင်းများကို  ကြားသိတွေ့မြင်နေရသည်မှာ အားရဖွယ်ဖြစ်သည်။ ယနေ့လူငယ် များသည် အနာဂတ်တာဝန်များကို လက်ဆင့်ကမ်းပြောင်းလဲ ထမ်းဆောင်ကြရမည့်သူများ ဖြစ်ကြသည်။ လူငယ်များသည် တက်ကြွလှုပ်ရှားသောအရွယ်၊ စူးစမ်းလေ့လာသောအရွယ်၊ ဖယောင်းကဲ့သို့ ပြောင်းလွယ် ပြင်လွယ်သောအရွယ် ဖြစ်သည်။

နုနယ်ငယ်ရွယ်သော နှလုံးသားပိုင်ရှင်လူငယ်လူရွယ်များ  လမ်းမှားပေါ်သို့ မရောက်စေရေး၊ လမ်းမှန်ပေါ်တွင် လျှောက်လှမ်းနိုင်ရေးကို မိဘနှင့်ဆရာသမားများက ကောင်းစွာထိန်းသိမ်း စောင့်ရှောက်ပေးကြရမည်ဖြစ်သည်။ လူငယ်များအနေဖြင့် ထားရှိရမည့် စိတ်ဓာတ်ကို ပြောပါဆိုလျှင် မိမိနိုင်ငံတော်ကိုချစ်မြတ် နိုးသည့်စိတ်သာ ဖြစ်သည်။ မိမိနိုင်ငံကိုမှမချစ်သူသည် ဘာကိုမျှလည်းချစ်မည်မဟုတ်ဟု ဆိုထားပေရာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိနေကြရမည်ဖြစ်သည်။ လူငယ်မောင်မယ်တိုင်းက နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိနေမှသာ နိုင်ငံတော်၏ အနာဂတ်မှာ ထွန်းလင်းတောက်ပနေမည် ဖြစ်သည်။

တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ကြသည့်  မြန်မာနိုင်ငံအတွက်တစ်သွေးတည်း၊ တစ်သား တည်း  စည်းလုံးညီညွတ်စွာ   အေးအတူပူအမျှနေထိုင်ကြရေးသည်  အသက်တမျှအရေးကြီးသည်။

ပြည်ထောင်စုအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုမရှိပါက နိုင်ငံ၏လွတ်လပ်ရေး ကိုများစွာထိခိုက်စေမည်ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူလူငယ်များဆိုသည်မှာ တိုင်းရင်းသားပေါင်းစုံ ရှိနေသည့်အတွက် လူငယ်ဘဝကတည်းက  အချင်းချင်းရင်းနှီးချစ်ခင်စွာနေထိုင်ကြရမည်ဖြစ်သည်။ ထိုသို့ ရင်းနှီးချစ်ခင်မှု ရှိစေရေး အတွက်လည်း ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်းများ၌ ပညာရေးစုံညီ ပွဲတော်များ ကျင်းပခြင်း၊ အားကစားပြိုင်ပွဲများကျင်းပခြင်း၊ လူငယ်အသိပညာပေး ဟောပြောပွဲများ ကျင်းပနေခြင်းလည်း ဖြစ်သည်။

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊  ပညာရည်မြင့်မားရေး၊  တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး စည်းလုံးညီညွတ်ရေးတို့သည် အမျိုးသားရေးကိစ္စ၊ အမျိုးသားရေး အကျိုးစီးပွားဖြစ်သည်။ 

ဤသည်များကို အကောင်အထည်ဖော် ပေးနေခြင်းသည်  အနာဂတ်နိုင်ငံတော်နှင့် မျိုးဆက်သစ်လူငယ်များ အတွက်ဖြစ်သည်။  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်  အသိပညာ၊ အတတ်ပညာသာမက  အတွေးအခေါ်အယူအဆ၊ ဆင်ခြင်တုံတရားများ ပြည့်ဝပြီး ဘက်စုံထူးချွန်သော လူငယ်လူရွယ်ဖြစ်လာအောင် နည်းလမ်းအသွယ်သွယ်ဖြင့်  ဆောင်ရွက်လျက်ရှိရာ မျိုးဆက်သစ်လူငယ်လူရွယ်များ အားလုံးက  လိုက်ပါ လုပ်ဆောင်ကြခြင်းဖြင့် အနာဂတ်နိုင်ငံတော်ကို ပိုမိုလှပအောင် စွမ်းဆောင်ကြရန်ဖြစ်ကြောင်း  ရေးသားလိုက် ရပေသည်။   ။