ဖွံ့ဖြိုးဝေစည် တိုင်းဒေသကြီးဧရာဝတီ

 

ဖွံ့ဖြိုးဝေစည် တိုင်းဒေသကြီးဧရာဝတီ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇန်နဝါရီလ ၂၀ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးအတွက် ဆွေးနွေး ပြောကြားရာတွင် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ပုသိမ်လေဆိပ်ကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နိုင်ငံတကာမှ လေယာဉ်များ ဆင်းသက်နိုင်သည်အထိ ဆောင်ရွက်ပေးနိုင်ရေး စီမံလျက်ရှိကြောင်း၊ ဒေသတွင်းမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း စနစ်တကျ စီမံဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဒေသတွင်း ခရီးသွားလာရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်သွယ်ရေးလမ်းကြောင်းများကို အဆင့်မြှင့်တင် ပေးသွားမည်ဖြစ်သဖြင့် လမ်းကြောင်းများပေါ်ရှိ မြို့ရွာများစနစ်ကျနမှုရှိစေရေး၊ သန့်ရှင်းသာယာလှပရေးကို ဆောင်ရွက်ကြရန်လိုပြီး မြို့ပြစီမံကိန်းများအနေဖြင့် စနစ်ကျနရန်လိုအပ်မည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးသည် ရေခံမြေခံကောင်းများနှင့် အခြေခံကောင်းများကို ပိုင်ဆိုင်ထားရှိပြီး မြန်မာနိုင်ငံအတွက်  အားကိုးအားထားရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်သည်။ ပညာရေးနှင့်ပတ်သက်၍လည်း ဧရာဝတီတိုင်း ဒေသကြီးသည် ကျောင်းတက်ရောက်သူဦးရေအများဆုံး၊ ကျောင်းနေထိုင်မှုနှင့် အောင်ချက်ရာခိုင်နှုန်း အမြင့်ဆုံးဖြစ်သည်။ အနာဂတ်အတွက် အခြေခံကောင်းများကို ပိုင်ဆိုင်ထားရှိပြီး ဖြစ်သဖြင့် တိုင်းဒေသကြီးတွင် အမြဲနေထိုင်လျက်ရှိသည့် မြို့မိမြို့ဖများအနေဖြင့် အတွေ့အကြုံရှိပြီး ဒေသအတွက် အကျိုးပြုနိုင်မည့် အစုအဖွဲ့များစုဖွဲ့၍ ဒေသ၏ အခြေခံကောင်းများကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်မည်ဆိုပါက ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးသည် ခရီးသွားလာရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နာမည်ကျော်ကမ်းခြေများ အပါအဝင် သဘာဝအလှအပများ၊ ဒေသထွက်အစားအသောက်များလည်းပေါများလှသည်။ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်နိုင်ရေးနှင့် အဆင်ပြေပြေသွားလာနိုင်ရန်အတွက် ပုသိမ်လေယာဉ်ကွင်း လေဆိပ်နှင့် လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်လျက်ရှိသည်။ တိုင်းဒေသကြီးအတွင်းရှိ ကားလမ်းများကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းအဆင့်လိုက် အမြန်ဆုံးအကောင်အထည်ဖော် လျက်ရှိသည်။ တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း စီမံဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ပုသိမ်ဒေသအနေဖြင့် ယခင်ကကုန်စည်ကူးသန်းရောင်းဝယ်မှုများ ဆောင်ရွက်ရာတွင် ရေကြောင်းကိုသာ အဓိကအသုံးပြု၍ ဆောင်ရွက်ခဲ့ကြရသည်။ လက်ရှိအချိန်တွင်လည်း ရေကြောင်းခရီးသွားလာရေး၊ ရေကြောင်းကုန်စည် ကူးသန်း ရောင်းဝယ်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး စီမံဆောင်ရွက်ပေးလျက် ရှိသည်။ မြန်မာနိုင်ငံအတွင်း ပို့ဆောင်ရေးစနစ်များတွင် လေကြောင်းဖြင့်သယ်ယူပို့ဆောင်ခြင်း၊ ရေကြောင်းဖြင့် သယ်ယူပို့ဆောင်ခြင်း၊ မော်တော်ယာဉ်ဖြင့် သယ်ယူပို့ဆောင်ခြင်းနှင့် မီးရထားဖြင့် သယ်ယူပို့ဆောင်ခြင်းဟူ၍ ရှိသည်။

ထိုလုပ်ငန်းစနစ်များတွင် မီးရထားဖြင့် သယ်ယူပို့ဆောင်ခြင်းသည် စရိတ်စကသက်သာစွာ ခရီးသည်အများ အပြားကိုလိုရာခရီးသို့ ပို့ဆောင်ပေးနိုင်သည်။ ထို့အတူ ကုန်စည်အမြောက်အမြားကိုလည်း ရထားလမ်း ကွန်ရက်ရှိရာ ဒေသအသီးသီးကို စရိတ်ကုန်ကျမှုအနည်းဆုံးဖြင့်အချိန်တိုအတွင်း ပို့ဆောင်ပေးနိုင်သည်။

ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရထားပို့ဆောင်ရေး ခရီးစဉ်များကိုလည်း အကျိုးရှိစွာ အသုံးပြုကြရမည်ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးသည် နိုင်ငံတော်ဝမ်းစာကို ဖြည့်ဆည်းပေးရာဒေသကြီးဖြစ်သည်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအများဆုံး လုပ်ကိုင်နေသည့် ဒေသကြီးဖြစ်သည့်အတွက် စိုက်ပျိုးရေးထုတ်ကုန်များအား ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး ကြိုးပမ်းကြရမည်ဖြစ်သည်။ စိုက်ဧကတိုးချဲ့ဆောင်ရွက်ခြင်းထက်  အထွက်နှုန်းကောင်းမွန်စေရေးနှင့် သီးထပ်စိုက်ပျိုးခြင်းများကိုပိုမိုအောင်မြင်စွာဆောင်ရွက်ကြရမည်ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မျိုးကောင်းရန်၊ မြေကောင်းရန်၊ ရေလုံလောက်စွာရရှိရန်၊ နည်းစနစ်တကျစိုက်ပျိုးရန်စသည့် အချက်များလိုအပ်သည်။ အဆိုပါလိုအပ်ချက်များကိုဖြည့်ဆည်းလျက် တိုင်းဒေသကြီး၏ ရေခံမြေခံကောင်းများကို အကျိုးရှိရှိအသုံးချနိုင်ရန် လိုအပ်လှသည်။

မြန်မာနိုင်ငံတွင် လယ်ယာစိုက်ပျိုးမှုများသည် အကွက်ငယ်များဖြင့် စိုက်ပျိုးကြသဖြင့် အနည်းဆုံး ဧကကွက်များကို အကောင်အထည်ဖော်ဆောင်ရွက်ကာ စက်မှုလယ်ယာစနစ်ကို အကောင်အထည်ဖော်ကြရမည် ဖြစ်သည်။ စက်မှုလယ်ယာစနစ်ကို အကောင်အထည်ဖော်ခြင်းဖြင့် အထွက်နှုန်းများလည်း တိုးတက်လာမည် ဖြစ်သည်။ မြေများကိုစနစ်တကျပြုပြင်၍ ကောက်ကွက်များပြည့်မီအောင်စိုက်ပျိုးခြင်း၊ နိုင်ငံတော်က လိုအပ်သည်များကို ဖြည့်ဆည်းပေးခြင်း၊ ဒေသခံများ၊ လုပ်ငန်းရှင်များမှ အမှန်တကယ်အလုပ်လုပ်ကိုင်ခြင်းများ ဆောင်ရွက်ကြမည်ဆိုပါက လုပ်ငန်းများပိုမိုအောင်မြင်မည်ဖြစ်သည်။ အလားတူ ဧရာဝတီတိုင်းဒေသကြီးမှာ ငါးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် အရင်းအမြစ်များကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။ ထို့ပြင် ကြက်၊ ဝက်၊ ဆိတ်၊ ကျွဲ၊ နွားစသည့်မွေးမြူရေးလုပ်ငန်းများကိုလည်း ပိုမိုလုပ်ဆောင်ကြမည်ဆိုပါက ဧရာဝတီတိုင်းဒေသကြီးမှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။