အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှု

 

အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇန်နဝါရီလ ၂၁ ရက်နေ့က (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုဖွင့်လှစ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး (၇)ထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ဂုဏ်ပြုဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားရာတွင် ပြည်သူများ၏ မျှော်မှန်းလူ့သက်တမ်း မြင့်မားလာစေရေးနှင့် ပြည်သူများတစ်ဦးချင်းစီက စိုက်ထုတ်သုံးစွဲရသည့်ကုန်ကျစရိတ်သက်သက်သာသာနှင့်အားလုံးလက်လှမ်းမီ အရည်အသွေး ပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ရပ်ဖြစ်ပေါ်လာစေရေးတို့အတွက် ကျန်းမာရေးနှင့် သက်ဆိုင်သည့် ဝန်ထမ်းအသီးသီး၊ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးတို့က ကောင်းမြတ်သည့် စေတနာ၊ မွန်မြတ်သည့်စိတ်ထား၊ ပြည့်ဝသည့်မေတ္တာတရား၊ အကြင်နာများနှင့် ဝိုင်းဝန်းကြိုးပမ်း ပူးပေါင်းဆောင်ရွက်ပေးကြပါရန် အလေးအနက် တိုက်တွန်းပြောကြားခဲ့ပါသည်။

ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ်တည်ဆောက်လျက်ရှိရာတွင် ပညာအရည်အချင်းပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များစွာ လိုအပ်ပေသည်။ ထိုကဲ့သို့ ပညာတတ် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်အတွက် ကျန်းမာရေးသည် အခြေခံကျလှသည်။ ကျန်းမာကြံ့ခိုင်မှသာ ကောင်းမွန်စွာ ပညာသင်ကြားနိုင်မည်ဖြစ်သည်။ ကောင်းမွန်စွာနိုင်ငံ့တာဝန်များကို ထမ်းဆောင်နိုင်မည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ပြည်သူများ၏ ကျန်းမာရေးကဏ္ဍအတွက် မူဝါဒများချမှတ်ကာ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးကို ရည်မှန်းချက်ထားပြီး အကောင်အထည်ဖော်လျက်ရှိပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ပြီး ကျေးလက် ကျန်းမာရေးဌာနများနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးခြင်း၊ မကွေးမြို့ပြည်သူ့ဆေးရုံကြီး၊ မုံရွာမြို့ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့ပြည်သူ့ဆေးရုံကြီး၊ ဘားအံမြို့ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီး၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးစသည့် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးတွင်ရှိသည့် ဆေးရုံကြီးများတွင် ကုသဆောင်သစ်များဖွင့်လှစ်ပေးခြင်း၊ ဝေဘာဂီအထူးကုဆေးရုံကြီး၊ အရိုးရောဂါ အထူးကုဆေးရုံကြီး (ရန်ကုန်)တို့တွင် တိုးချဲ့ကုသဆောင်သစ်များ ဖွင့်လှစ်ပေးခြင်း၊ ခုတင်(၅၀)ဆံ့ မြို့နယ်ပြည်သူ့ ဆေးရုံများတွင်(၂)ထပ်ကုသဆောင်သစ်များဖွင့်လှစ်ပေးခြင်း၊ ဆေးတက္ကသိုလ်နှင့် သူနာပြုတက္ကသိုလ်တို့အတွက် သင်ကြားရေးဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်ပေးခြင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန် ဌာနခွဲများ ဖွင့်လှစ်ပေးခြင်း စသည်တို့ကို မြှင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ အကြီးဆုံးဆေးရုံကြီး ဖြစ်သောကြောင့် တစ်နိုင်ငံလုံးတွင်ရှိသည့် ပြည်သူများ အားကိုးအားထားပြုရပြီး ဆေးပညာသင်ကြားရေးအတွက်လည်း ခေတ်အဆက်ဆက်အဓိကကျသည့် ဆေးရုံကြီးဖြစ်သည်။ အဆိုပါဆေးရုံကြီး၏ သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက ၁၈၇၃ ခုနှစ်ကတည်းက (၄၈၃) ခုတင်နှင့် တည်ဆောက်ခဲ့ပြီး ခေတ်အဆက်ဆက်တွင် ခုတင်များတိုးမြှင့်လာခဲ့သည်မှာ ၂၀၁၆ ခုနှစ်တွင်ခုတင်(၂၀၀၀)ဆံ့ဆေးရုံအထိ တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့သည်။ ဤဆေးရုံကြီးမှာပြည်သူများစွာကို အကျိုးပြုနေသည့်ဆေးရုံကြီးဖြစ်သည်။ (၇)ထပ်ဆေးကုသဆောင်သစ်ကြီးမှာ ၂၀၁၅ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာခဲ့ရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ တာဝန်ယူစဉ်ကာလ အတွင်းပြည်သူများအကောင်းဆုံး ကျန်းမာရေး စောင့်ရှောက်မှု ရရှိစေရန်ရည်ရွယ်ပြီး ဆေးရုံဆောက်လုပ်ခြင်းကို ပြီးစီးအောင်တစိုက်မတ်မတ် ဆက်လက် တည်ဆောက်ပေးသည့်အတွက် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး(၇)ထပ်ဆောင် အသစ်ကြီးဆောက်လုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ခုတင်(၂၀၀၀)ဆံ့ ရှိသည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ တိုးတက်များပြားလာသည့် လူနာများစိတ်အေးချမ်းသာစွာဖြင့် ဆေးကုသမှု ခံယူနိုင်ရန်နှင့်  နိုင်ငံတကာအဆင့်မီဆေးကုသမှုကို ပြည်သူများရရှိခံစားနိုင်စေရန်အတွက် ထပ်မံဆောက်လုပ် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ အခက်အခဲအမျိုးမျိုးဖြင့် ကြန့်ကြာနေသည့်(၇)ထပ်ဆေးရုံသစ်ကြီး တည်ဆောက်ရေး လုပ်ငန်းများ အမြန်ပြီးစီးအောင် ကြိုးပမ်းတည်ဆောက်ပေးခဲ့သည့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းနှင့် စိတ်ရောကိုယ်ပါ ကူညီဆောင်ရွက် ပေးကြသည့် ဌာနအသီးသီးက တာဝန်ရှိသူများကိုလည်း  ချီးကျူးဂုဏ်ပြုပါကြောင်း နိုင်ငံတော်အကြီးအကဲက ပြောကြားခဲ့သည်။ အနှစ်ချုပ်ဆိုရသော် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ  ပိုမိုတိုးတက်အောင် ဆောင်ရွက်ခြင်းကို ကြိုဆိုပါကြောင်း ဂုဏ်ပြုရေးသား လိုက်ရပေသည်။  ။