သုတေသနရလဒ်ကောင်းများရရှိရေး

 

သုတေသနရလဒ်ကောင်းများရရှိရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်သည် (၅၂)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသန ညီလာခံဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားသည့် ဂုဏ်ပြုမိန့်ခွန်း၌ ယနေ့ကမ္ဘာကြီးမှာပြောင်းလဲလာတဲ့နေထိုင် စားသောက်မှုပုံစံတွေကြောင့် မကူးစက်တတ်တဲ့ရောဂါများဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ အဝလွန်၊ ကင်ဆာစတဲ့ ရောဂါတွေကို ကြိုတင်ကာကွယ်မှု၊ ထိရောက်စွာကုသနိုင်မှုအတွက် ရှေ့ဆက်ရမယ့် ကျန်းမာရေး လုပ်ငန်းစဉ် တွေနဲ့ပတ်သက်ပြီး ဝါရင့်သမားတော်ကြီးများ၊ ဆေးပညာရှင်များက ပါဝင်ဆွေးနွေးမယ့် မကူးစက်တတ် သောရောဂါများ ကာကွယ်ခြင်း၊ ဖြစ်ပွားမှုလျော့ပါးအောင် ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များဆိုင်ရာ ပညာရပ်ဆွေးနွေးပွဲကိုလည်း ကျင်းပမှာဖြစ်လို့ မကူးစက်နိုင်တဲ့ ရောဂါကာကွယ်တားဆီးရေးမှာ မှန်ကန်တဲ့ကုထုံး များရရှိဖို့ အထောက်အကူကောင်းများ ရရှိမှာမလွဲဧကန် ဖြစ်ပါတယ်ဟူ၍ ထည့်သွင်း ပြောကြားခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်သော လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာ နေနိုင်ရေးနှင့် လူတိုင်းရောဂါဘယ ကင်းရှင်းရေးဆိုသည့် ရည်မှန်းချက်နှစ်ရပ် ပြည့်မီစေရေးအတွက် ကျန်းမာရေးကဏ္ဍကို မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင်ပြည်သူတို့၏မျှော်မှန်းသက်တမ်းမှာ ၂၀၂၂ ခုနှစ် ကိန်းဂဏန်းများအရ အမျိုးသား ၆၃ ဒသမ ၄ နှစ်၊ အမျိုးသမီး ၇၂ ဒသမ ၂ နှစ်ဖြစ်ပြီး ပျမ်းမျှသက် တမ်းမှာ ၆၇ ဒသမ ၇ နှစ်ဖြစ်သည်။ မျှော်မှန်းသက်တမ်း ပိုမိုမြင့်မားလာစေရန် အခြေခံကျန်းမာရေးကောင်း မွန်ရေး၊ ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်စားသောက်ကြရေး၊ ရောဂါများကြိုတင်ကာကွယ်ရေးနှင့်ပြည်သူ လူထုအတွင်း ကျန်းမာရေး အသိပညာမြင့်မားလာစေရေး ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင်ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံများကိုကျင်းပလျက်ရှိရာ ယခုအခါ(၅၂)ကြိမ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ယခုနှစ်(၅၂)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို ဇန်နဝါရီလ ၂၂ ရက်မှ ၂၆ ရက်အထိ ရန်ကုန်မြို့  ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)တွင် ကျင်းပလျက်ရှိရာ ညီလာခံ၏ဦးတည်ချက်ခေါင်းစဉ်မှာ ခိုင်မာပြီး သုတေသနကျင့်ဝတ်နှင့် ပြည့်စုံသောသုတေသန ကောင်းများကို တိုးမြှင့်ဆောင်ရွက်ကြပါစို့-Enhancing Research Integrity and Research Ethics ဖြစ်သည်။ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကိုကျင်းပခြင်းအားဖြင့် ကျန်းမာရေးနှင့် ပတ်သက်၍ ကာကွယ်ရေးနှင့်  ကုသရေးဆိုင်ရာပညာရပ်များတိုးတက်လာပြီး  ကျန်းမာရေး စောင့်ရှောက်မှု အဆင့်အတန်း မြင့်မားလာစေရန်နှင့် သုတေသနတွေ့ရှိချက်များကို လက်တွေ့အသုံးချမည့် သက်ဆိုင်ရာကျန်းမာရေး ပညာရှင်များ သိရှိဆွေးနွေးပြီး အသိပညာဖလှယ်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် ၁၉၆၅ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးဆိုင်ရာ  သုတေသနများမှထွက်ပေါ်လာသည့်  တိကျခိုင်မာသောရလဒ် အခြေပြု သုတေသနတွေ့ရှိချက်များပေါ် မူတည်ပြီး ကျန်းမာရေးမူဝါဒလမ်းညွှန်ချက်များ၊ မှန်ကန်တိကျသည့် ခေတ်မီ ကုထုံးများကို ချမှတ်ဖော်ထုတ်နိုင်ခဲ့ပြီးဖြစ်သည်။ထိုသို့အခြေခံအချက်အလက်များ ဖော်ထုတ်ရန် ဆောင်ရွက်သည့် သုတေသနများမှာ အရည်အသွေးမြင့်မားသည့် သုတေသနကောင်းများဖြစ်ရန် လိုအပ်ပေသည်။ အရည်အသွေးမြင့်မားရန်အတွက် မှန်ကန်သည့်သုတေသနနည်းပညာများကို အသုံးပြုရမည် ဖြစ်သလို သုတေသနကျင့်ဝတ်များနှင့်ညီညွတ်စွာဆောင်ရွက်ထားသည့်  သုတေသနလုပ်ငန်းများဖြစ်ရန်  အထူးလိုအပ်ပေသည်။  ယခုကျင်းပသည့်(၅၂)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံတွင် အခြေခံသုတေသနစာတမ်း ၂၃ စောင်၊ အသုံးချသုတေသနစာတမ်း ၂၂ စောင်၊ ကျန်းမာရေးစနစ် သုတေသနစာတမ်း ၁၃ စောင်နှင့် သုတေသနပိုစတာ ၅၁ စောင်တို့ကိုတင်သွင်း၊ ဖတ်ကြား၊ ပြသသွား မည်ဖြစ်ကြောင်းသိရှိရသည်။ သုတေသနညီလာခံတွင် တင်သွင်းဖတ်ကြားသည့် သုတေသနစာတမ်းများ၊ သုတေသနပိုစတာများမှာ နိုင်ငံတော်ကမျှော်မှန်းထားသည့် အမျိုးသားကျန်းမာရေး မူဝါဒများကို အပြည့်အဝအထောက်အကူပြုမည့် ကောင်းကျိုးများပေါ်ထွက်လာနိုင်မည်ဖြစ်သည်။

ယခုနှစ်(၅၂)ကြိမ်မြောက်  မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ၏အဓိကဦးတည် ချက်အရ ကျင့်ဝတ်နှင့်ပတ်သက်သည့် သုတေသနပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲဖြစ်သည့်အတိုင်း ကျန်းမာရေး ဝန်ကြီးဌာနအောက်တွင် ဖွဲ့စည်းထားသည့် သုတေသနကျင့်ဝတ်ကော်မတီများမှ အတွေ့အကြုံရှိ ဝါရင့် သုတေသီပညာရှင်များက ဦးဆောင်ဆွေးနွေးမည်ဖြစ်သည်။ သုတေသနကျင့်ဝတ်ဆိုင်ရာနည်းပညာများကို အတွေ့အကြုံဖလှယ်ရင်း  သုတေသနကျင့်ဝတ်ကော်မတီများ ပိုမိုအားကောင်းခိုင်မာစေရေးအတွက်  ရလဒ် ကောင်းများပေါ်ထွက်လာမည်ဟု ယုံကြည်ပါသည်။

ညီလာခံမှရရှိလာသည့် အထောက်အထားခိုင်မာသည့် သုတေသနရလဒ်များမှာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်တစ်ခုဖြစ်သည့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင် ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့်  ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်ရေးကို ပံ့ပိုးမည့်ရလဒ်ကောင်းများ ရရှိစေမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ကျန်းမာရေးသုတေသနလုပ်ငန်းများဖြင့် ပြည်သူများကောင်းကျိုး ပိုမိုသယ်ပိုးဆောင်ရွက် အောင်မြင်ပါစေကြောင်း။  ။