မြန်မာ့အားကစားထူးထူးချွန်ချွန် ထက်ထက်မြက်မြက်ရှိနေစေရေး

 

မြန်မာ့အားကစားထူးထူးချွန်ချွန် ထက်ထက်မြက်မြက်ရှိနေစေရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇန်နဝါရီလ ၂၃ ရက်နေ့ကကျင်းပသည့် ၂၀၂၃ ခုနှစ်အတွင်း အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်အားကစား ပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်ကဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားရာတွင် အောင်မြင်မှုရရှိကြသည့် အားကစားသမားများကို နိုင်ငံတော်အနေဖြင့် နိုင်ငံတော်အဆင့်အခမ်းအနားနှင့် ထိုက်ထိုက်တန်တန်ဂုဏ်ပြုချီးမြှင့်ပေးနေသကဲ့သို့ အားကစားမောင်မယ်များ အနေဖြင့်လည်း နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ နိုင်ငံ့ဂုဏ်ကိုအားကစားဖြင့် မြှင့်တင်လိုသည့် စိတ်ဓာတ်များမွေးမြူပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အုပ်ချုပ်သူများ၊ နည်းပြများ၏ သွန်သင်ဆုံးမလေ့ကျင့်ပေးမှုများအတိုင်း စည်းကမ်းရှိရှိ၊ အမိန့်နာခံမှုအပြည့်အဝနှင့် နည်းစနစ်မှန်မှန် ပြင်းပြင်းထန်ထန် စဉ်ဆက်မပြတ် လေ့ကျင့်ဆောင်ရွက်နေကြရန် အထူးမှာကြားလိုကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။

အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင် နိုင်ငံတော်အတွက် စုစုပေါင်းရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၅ ခု၊ ကြေးတံဆိပ် ၁၄ ခု စုစုပေါင်းဆုတံဆိပ် ၂၄ ခု ရယူပေးနိုင်ခဲ့ခြင်းသည် နိုင်ငံ့ဂုဏ်ကိုအားကစားဖြင့် မြှင့်တင်ပေးရာ ရောက်သည့်အပြင် နိုင်ငံတကာအလယ်၌ အမိမြန်မာနိုင်ငံတော်အလံကို လွှင့်တင်ပြီး နိုင်ငံတော်သီချင်းသံ လွင့်ပျံ့အောင် စွမ်းဆောင်ကြိုးပမ်းခဲ့ကြသူများ ဖြစ်သည့်အတွက် အုပ်ချုပ်သူများ၊ နည်းပြများအပါအဝင် ပြိုင်ပွဲဝင်မြန်မာအားကစားသမားများ၏ ကြိုးပမ်းမှု ဇွဲ၊ စိတ်ဓာတ်တို့ကို နိုင်ငံတော်အကြီးအကဲကိုယ်တိုင်က ချီးကျူး ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး ပြင်းပြင်းထန်ထန် ကြိုးစားလေ့ကျင့်ပြင်ဆင်ခဲ့မှုများကို ဂုဏ်ပြုသည့်အနေဖြင့် ပြိုင်ပွဲအသီးသီးတွင် တစ်ဦးချင်းရွှေတံဆိပ်နှင့် အသင်းလိုက်ရွှေတံဆိပ်ရရှိခဲ့ကြသည့် အသင်းများကို ငွေကျပ်သိန်း ၃၀၀ စီ၊ တစ်ဦးချင်းငွေတံဆိပ်နှင့် အသင်းလိုက်ငွေတံဆိပ်ရရှိခဲ့ကြသည့်အသင်းများကို ငွေကျပ်သိန်း ၂၀၀ စီ၊ တစ်ဦးချင်းကြေးတံဆိပ်နှင့် အသင်းလိုက်ကြေးတံဆိပ်ရရှိခဲ့ကြသည့်အသင်းများကို ငွေကျပ်သိန်း ၁၀၀ စီစုစုပေါင်းငွေကျပ်သိန်း ၃၉၀၀ ကိုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အောင်မြင်မှုရရှိခဲ့သည့် ပြိုင်ပွဲများမှာ၂၀၂၃ ခုနှစ် စက်တင်ဘာလနှင့်အောက်တိုဘာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပခဲ့သည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲနှင့် (၄)ကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲ၊ ၂၀၂၃ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ရိုမေးနီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ E-Sports ချန်ပီယံရှစ်ပြိုင်ပွဲ၊ နိုဝင်ဘာလအတွင်း ကိုရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၄)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ၊ ထိုင်းနိုင်ငံမှာကျင်းပခဲ့သည့် (၁၉)ကြိမ်မြောက် ကမ္ဘာ့ပီတန်းချန်ပီယံရှစ်ပြိုင်ပွဲနှင့် ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲတို့ဖြစ်သည်။ အဆိုပါပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်များရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားမောင်မယ်များကို နိုင်ငံတော်က ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်း ဖြစ်သည်။

လူမှုဘဝတွင် ကျန်းမာရေးသည် အာရောဂျံ ပရမံလာဘံ ဆိုသည့်အတိုင်း ကျန်းမာရေးသည် လာဘ်တစ်ပါး ဖြစ်သည့်အတွက် နိုင်ငံတော်အကြီးအကဲက အားကစားရာသီတွင် အားကစားလှုပ်ရှားမှုများကို ဆောင်ရွက်ရန်မဟုတ်ဘဲ နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးလုံး ဆောင်ရွက်ရန်နှင့် အားကစားလှုပ်ရှားမှုအရှိန်ကို ရာသီအားလုံးတွင် ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရန် လမ်းညွှန်ထားသည်။ ထို့ကြောင့် လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုယ်လက်လှုပ်ရှားအားကစားတစ်ခုခုကို အစဉ်လေ့ကျင့်နေခြင်းဖြင့် ကျန်းမာကြံ့ခိုင်သည့် လူငယ်များဖြစ်အောင် ကြိုးစားကြရမည်ဖြစ်သည်။

ထိုမှတစ်ဆင့် မိမိတို့ဝါသနာပါသည့် အားကစားနည်းတစ်မျိုးကို ကျွမ်းကျင်အောင်လေ့ကျင့်ပြီး နိုင်ငံ့ဂုဏ် ဆောင်သည့် အားကစားသမားကောင်းဖြစ်လာရန် ကြိုးစားရပေမည်။ အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်သည့်အခါ တွင် စည်းကမ်းရှိရှိ၊ စည်းစနစ်ကျကျ၊ အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် မိမိ၏စွမ်းအားကုန် ရေကုန်ရေခန်းကြိုးပမ်း အားထုတ်ယှဉ်ပြိုင်ကြပြီး နိုင်ငံတော်အတွက် ရွှေတံဆိပ်ဆုများရရှိအောင် ကြိုးပမ်းကြရမည်ဖြစ်သည်။

အားကစားအောင်မြင်မှုများသည် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်ခြင်းဖြစ်သည့်အတွက် အားကစားနည်းများအလိုက် မြန်မာအားကစားအဖွဲ့ဆုရကြောင်း သတင်းကောင်းကို ပြည်သူတစ်ရပ်လုံးမျှော်လင့်လျက်ရှိကြသည်။ ဆုရရှိတိုင်းလည်း ဝမ်းသာအားရဖြစ်ကြရသည်။ အထူးသဖြင့် ရွှေတံဆိပ်ဆုရရှိ၍ မြန်မာနိုင်ငံတော် အလံလွှင့်တင်နိုင်မှု၊ နိုင်ငံတော်သီချင်းသီဆိုမှုကိုမြင်ရတိုင်း ဝမ်းသာပီတိမှာပြောဖွယ်မရှိတော့ပေ။ ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံတွင် ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေး အတွက်လည်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ပÍ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို ကျင်းပပေးမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံ့ဂုဏ်ဆောင်မည့် အားကစားသမားများ ထူးထူးချွန်ချွန်ထက်ထက်မြက်မြက် ပေါ်လာစေရေး ကြိုးပမ်းကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။