ပညာတတ်အရင်းအမြစ်များပေါကြွယ်ရေး

 

ပညာတတ်အရင်းအမြစ်များပေါကြွယ်ရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇန်နဝါရီလ ၂၅ ရက်က နေပြည်တော်ရှိ Naypyitaw State Academy ၌ကျင်းပသော(၂၃)ကြိမ်မြောက် ဝိဇ္ဇာနှင့် သိပ္ပံသုတေသနညီလာခံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားရာတွင် တိုင်းပြည် တစ်ခုဖွံ့ဖြိုးတိုးတက်ခြင်း၏ အခြေခံအုတ်မြစ်သည် ပညာတတ်အရင်းအမြစ်ပေါများခြင်းပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့်နိုင်ငံတော်အနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံသည့်ပညာတတ်များနှင့် သာယာဝပြော သည့်အနာဂတ်နိုင်ငံတော်ကြီးကိုတည်ဆောက်ရန် ဦးတည်ကြိုးပမ်းလျက်ရှိကြောင်း၊ ပညာတတ်များမွေး ထုတ်ရာ ဦးဆောင်တက္ကသိုလ်ကြီးဖြစ်လာရန်မျှော်မှန်းချက်ဖြင့် ဖွင့်လှစ်ခဲ့သည့် Naypyitaw State Academy တွင် နိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ်များက ဝိဇ္ဇာနှင့်သိပ္ပံပညာရပ်များ၏ မီးရှူးတန်ဆောင်ဖြစ် သည့် ဤသုတေသနညီလာခံကြီးကို ယနေ့မှစပြီး (၃)ရက်တိုင်တိုင် ကျင်းပမည်ဖြစ်သည့်အတွက် အလေး အနက်ချီးကျူး ဂုဏ်ပြုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ပညာသည်ဖွံ့ဖြိုးတိုးတက်မှု၏အရင်းခံဖြစ်သည့်အတွက် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး  စစ်မှန်စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုအရည်အသွေး၊ စွမ်းရည်များနှင့်ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ် ပေးနိုင်သည့်ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ကြိုးပမ်းဆောင်ရွက်ရေးသည် အရေးကြီးလှသည်။ ထိုသို့မြှင့်တင်ဆောင်ရွက်ရာတွင် ယခုကဲ့သို့သုတေသနညီလာခံများ၊ စာတမ်းဖတ်ပွဲများက များစွာ အထောက်အကူပြုစေမည်ဖြစ်သည်။ မျက်မှောက်ခေတ်ကိုပညာခေတ်ဟု တင်စားသတ်မှတ်ထားသည်နှင့်အညီ ကမ္ဘာပေါ်တွင်  တန်ဖိုးအရှိဆုံးဟုခံယူထားသည့်အရာမှာ ပညာသာဖြစ်သည်။

သုတေသနဟူသည်မှာ ဖန်တီးနိုင်မှုစွမ်းရည်မြင့်မားလှသည့်  စွမ်းဆောင်ချက်တစ်ခု (Research is a highly creative activity) ဟုဆိုကြသည်။ အရည်အသွေးရှိသည့် သုတေသနစွမ်းဆောင်ချက် တစ်ခုသည် ထုတ်ကုန်သစ်များထုတ်လုပ်ပေးနိုင်စွမ်း၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်စွမ်းရရှိစေပြီး စက်ရုံအသစ်များကို ပေါ်ထွန်းလာစေမည်ဖြစ်သည်။    ထုတ်လုပ်မှုကုန်ကျစရိတ်ကိုသက်သာစေပြီး နည်းပညာ သစ်များနှင့် တီထွင်ဖန်တီးမှုအသစ်များကို ထွက်ပေါ်လာစေနိုင်သည်။ ထို့ကြောင့် အရည်အသွေးရှိသည့် သုတေသန စွမ်းဆောင်ချက် တစ်ခုသည် နိုင်ငံတော်၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြုနိုင်မည် ဖြစ်သည်။

သုတေသနသည်  တက္ကသိုလ်များ၏အသက်သွေးဖြစ်သည်ဟု  သတ်မှတ်ထားသည်နှင့်အညီ သုတေသန ဆောင်ရွက်နေသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့သင်ယူ လေ့လာနေသည့် ပညာရပ်နယ်ပယ်များတွင် ပိုမိုတတ်ကျွမ်းထူးချွန်လာကြမည်ဖြစ်သည်။ တွေ့ရှိချက်အသစ် များမှတစ်ဆင့် ဆန်းသစ်တီထွင်မှုများကို ဆက်လက်လုပ်ဆောင်ကြခြင်းသည် လူမှုအသိုင်းအဝိုင်းကိုအကျိုး ပြုနိုင်သည့်အသိပညာရှင်၊ အတတ်ပညာရှင်များပေါ်ထွန်းလာကြမည်ဖြစ်သည်။ ထို့ကြောင့်နိုင်ငံတော်က တက္ကသိုလ်များအတွက် သုတေသနအသုံးစရိတ်များ၊   သုတေသနဓာတ်ခွဲခန်းသုံးပစ္စည်းများကို နှစ်စဉ် တိုးမြှင့်ခွင့်ပြုပေးခဲ့သည့်အပြင် သုတေသနစင်တာများကိုလည်း တိုးချဲ့ဖွင့်လှစ်ပေးခဲ့သည်။

မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ရည်ရွယ်ချက်မှာ နိုင်ငံတော်ကိုအကျိုးပြုမည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် သုတေသနလမ်းညွှန်မှုများပေးရန် ဟူ၍ဖြစ်သည်။ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင် အဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရက ၁၉၉၉ ခုနှစ် သြဂုတ်လတွင် စတင်ဖွဲ့စည်းပေးချိန်မှစပြီး ချမှတ်ပေးထားသည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်လျက်ရှိရာ သုတေသနလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ဝိဇ္ဇာ၊ သိပ္ပံနှင့်လူမှုရေးပညာရပ်များဆိုင်ရာ ဟောပြောပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲများနှင့်ညီလာခံများကို ၂၀၀၁ ခုနှစ်မှစတင်ပြီး နှစ်စဉ်ကျင်းပပေးလျက်ရှိသည်။

သုတေသနများဆောင်ရွက်ရာတွင် တစ်ဦးချင်းသုတေသနနှင့် အဖွဲ့လိုက်သုတေသနများဆောင်ရွက် ကြသကဲ့သို့ ပူးတွဲသုတေသနများကိုလည်း ဘာသာရပ်အချင်းချင်း၊ ပြည်တွင်းတက္ကသိုလ်များ အချင်းချင်း ပြည်တွင်း ပြည်ပတက္ကသိုလ်အချင်းချင်း ပူးပေါင်းလုပ်ဆောင်ကြမည်ဆိုပါက အဖိုးတန်သည့်သုတေသနကောင်းများစွာ  ပေါ်ထွက်လာနိုင်မည်ဖြစ်သည်။  တက္ကသိုလ်သုတေသနများမှ   ထုတ်ကုန်အသစ်များထုတ်လုပ်နိုင်သည့် နည်းပညာသစ်များကို စက်ရုံများသို့ နည်းပညာလွှဲပြောင်းပေးခြင်း ပြုလုပ်သကဲ့သို့ သုတေသနတွေ့ရှိချက် အသစ်များကို လိုအပ်သည့် အဖွဲ့အစည်းများသို့ ပညာဗဟုသုတမျှဝေပေးခြင်းပြုလုပ်ကာ နိုင်ငံ့စီးပွားရေး လုပ်ငန်းများကို အချိန်တိုအတွင်းဖွံ့ဖြိုးတိုးတက်လာအောင် ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။

ထိုသို့ဆောင်ရွက်ခြင်းဖြင့်  နိုင်ငံတော်ကအားကိုးအားထားပြုရသည့် တက္ကသိုလ်များဖြစ်လာကြပေမည်။

ယခုကျင်းပသည့်သုတေသနညီလာခံတွင် နိုင်ငံတစ်ဝန်းက  ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များ၊စစ်တက္ကသိုလ် အပါအဝင် အခြားဝန်ကြီးဌာန(၆)ခုတို့မှ ပညာရေးဝန်ကြီးဌာန၌ ပါရဂူကျမ်းလာရောက်ပြုစုနေသူ သုတေသီများက သုတေသနစာတမ်းပေါင်း (၃၁၄) စောင်ကို ဖတ်ကြားဆွေးနွေးကြမည်ဖြစ်ကြောင်းသိရှိရသည်။

အနှစ်ချုပ်ဆိုရသော်  အနာဂတ်နိုင်ငံတော်ကြီးကို  ပိုမိုဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရန်အတွက် သုတေသနညီလာခံမှ ရလဒ်ကောင်းများထွက်ပေါ်စေရန် ကြိုးပမ်းလျက်ရှိခြင်းကို ကြိုဆိုပါကြောင်း။   ။