ဒစ်ဂျစ်တယ်လူ မှုစီးပွားရေး ဘဝမြင့်မားရေး

 

ဒစ်ဂျစ်တယ်လူ မှုစီးပွားရေး ဘဝမြင့်မားရေး

 

အယ်ဒီတာ့အာဘော်                

 (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများ၏ ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ် ဖွင့်ပွဲ အခမ်းအနားသို့  တက်ရောက်အမှာစကား ပြောကြားရာတွင်”ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားကိုလည်း  “ဒစ်ဂျစ်တယ်မြန်မာသို့ (Towards  Digital Myanmar)”ဟူသည့် ဆောင်ပုဒ်နှင့် ကျင်းပခြင်းဖြစ်သဖြင့် နိုင်ငံတော်၏ လက်ရှိဆောင်ရွက်နေသည့် ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များနှင့်လိုက်လျော ညီထွေရှိပြီး လုပ်ငန်းစဉ်များကို များစွာ အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း” ထည့်သွင်းပြောကြားခဲ့ပါသည်။

ယနေ့ကမ္ဘာကြီးတွင် ဒစ်ဂျစ်တယ်နည်းပညာနှင့် လွှမ်းခြုံလည်ပတ်လျက် ရှိနေပါသည်။ သိပ္ပံနှင့်နည်းပညာ တိုးတက်မြင့်မားလာသည်နှင့်အမျှ နယ်ပယ်ကဏ္ဍအသီးသီးတွင်   ဒစ်ဂျစ်တယ်နည်းပညာကို အသုံးချပြီး အခွင့်အလမ်းများ ရယူလျက်ရှိနေကြသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် မျက်နှာစာအသီးသီး တွင် ဒစ်ဂျစ်တယ်နည်းပညာကို ထိရောက်အောင် အသုံးချနိုင်သည့်နိုင်ငံများ တိုးတက်အောင်မြင်နေသည် ကိုမြင်တွေ့နိုင်သည်။ မျက်မှောက်ကာလတွင် ဒစ်ဂျစ်တယ်နည်းပညာဖြင့် အရာရာကို ဖန်တီးနေနိုင်ပြီ ဆိုသည်ကိုလည်း  မြင်တွေ့သိရှိနေကြပြီဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့်  ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ရန်၊ နောက်ကျမကျန်ရစ်စေရန်၊ ဒစ်ဂျစ်တယ် လူမှုဘဝ၊ ဒစ်ဂျစ်တယ် စီးပွားရေးဘဝများကို ထူထောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ပါသည်။ နိုင်ငံတော်အနေဖြင့် တီထွင်ဖန်တီးမှု စွမ်းရည်ကိုမြှင့်တင်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကဏ္ဍနှင့်  အုပ်ချုပ်ရေးကဏ္ဍများတွင် ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှုများ ဆောင်ရွက်နေပြီဖြစ်သည်။ ဒစ်ဂျစ်တယ် စီးပွားရေးစနစ်ကို ဖွံ့ဖြိုးတိုးတက်စေပြီး ပြည်သူတို့၏ လူမှုစီးပွားဘဝကို တိုးတက်အောင်ဆောင်ရွက်ရန် ဆိုသည့်မျှော်မှန်းချက်နှင့် ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ (Digital Economy Deve- lopment Committee-DEDC) ကိုဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည်။

ဒစ်ဂျစ်တယ်နည်းပညာကို နိုင်ငံအတွင်း ကျေးလက်ဒေသပါမကျန် နေရာဒေသမရွေး အသုံးပြု နိုင်ရန်အတွက် တစ်နိုင်ငံလုံးတွင် ဆက်သွယ်ရေးကွန်ရက်များ ဖြန့်ကြက် ထားရှိပြီးဖြစ်သည်။ ဆက်သွယ်ရေးကွန်ရက်များ ပိုမိုဖြန့်ကြက်လာနိုင်သည်နှင့်အမျှ တိုးတက်လာသည့် သတင်းအချက်အလက် နည်းပညာများနှင့်အတူ Facebook ၊ Youtube ၊ Telegram စသည့် ဆိုရှယ်မီဒီယာ အသုံးပြုမှုများလည်း များပြားလာနေပြီဖြစ်ပါသည်။ ထိုကဲ့သို့ ဆိုရှယ်မီဒီယာများကို အသုံးပြုကြသည့်နေရာတွင် စနစ်တကျအကျိုးရှိရှိ အသုံးချနိုင်ရန် အရေးကြီးလှသည်။ အသုံးပြုသူတိုင်းအနေဖြင့် အခြားသူကို ထိခိုက်နစ်နာမှုများ မဖြစ်စေ ရန်၊ အထူးသဖြင့် နိုင်ငံတော်၏ အမျိုးသားရေးစရိုက်လက္ခဏာ၊ နိုင်ငံတော်လုံခြုံရေးနှင့် နိုင်ငံတော်၏အကျိုး စီးပွားကို ထိခိုက်မှုမဖြစ်စေရန် အထူးဂရုပြုဆောင်ရွက်ကြရမည်ဖြစ်သည်။

ဒစ်ဂျစ်တယ်ရေစီးကြောင်းသည် ယနေ့ကာလတွင် တန်ဖိုးရှိသည့် သတင်းအချက်အလက်များ သိုမှီးရာနေရာဖြစ်သကဲ့သို့ အလိမ်အညာများ၊ မသေချာ မရေရာမှုများနှင့် ပြည့်နှက်နေသည့် သတင်းအချက် အလက်များ စွန့်ပစ်ရာနေရာဖြစ်နေသည်ကိုလည်း သတိပြုကြရမည်ဖြစ်သည်။ ဒစ်ဂျစ်တယ်နည်းပညာများကို အန္တရာယ်ကင်းစွာ စနစ်တကျ အသုံးပြုနိုင်ရန်အတွက် သုံးစွဲသူတစ်ဦးချင်းတွင် လုံလောက်သည့်အသိ  ပညာဗဟုသုတရှိရန်လိုအပ်သည်။ ထို့ပြင် စောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ စည်းကမ်းများကိုလည်း လိုက်နာကြ ရမည်ဖြစ်သည်။

ယနေ့လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့်  ဒစ်ဂျစ်တယ် နည်းပညာ အသုံးချနိုင်ရန်အတွက် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန် မဖြစ်မနေ လိုအပ်လျက်ရှိသည်။ အဆိုပါလိုအပ်ချက်ကို နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက် ပေးနေခြင်းရှိသကဲ့သို့ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်နှင့် ကွန်ပျူတာအသင်းများကလည်း ပုဂ္ဂလိကကဏ္ဍအနေဖြင့် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်နှင့် ပုဂ္ဂလိကကဏ္ဍတို့ ဟန်ချက်ညီညီ ပူးပေါင်းဆောင် ရွက်နိုင်မှသာ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များကို လျင်လျင်မြန်မြန် အကောင်အထည် ဖော်နိုင်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီး ဖြစ်လာနိုင်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် e-Government စနစ်ကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် “e- Government  ဦးဆောင်ကော်မတီ}} ကိုဖွဲ့စည်းထားပြီး ဦးဆောင်ကော်မတီက  ချမှတ်ထားသည့် မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် “e-ID စနစ်လုပ်ငန်း ကော်မတီ”၊ “e-Government  အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ” တို့ကို ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၄ ခုနှစ်တွင်ဆောင်ရွက်မည့် သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းများတွင်လည်း Computer- Assisted Personal Interviewing(CAPI) စနစ်ကို ကျင့်သုံးမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်၏ လူမှုစီးပွားဘဝများတွင် ဒစ်ဂျစ်တယ်နည်းပညာကို အကျိုးရှိရှိ ထိရောက်စွာ အသုံးချလျက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။