ပြည်တွင်းကုန်ထုတ်လုပ်မှုတိုးတက်ရေး

 

ပြည်တွင်းကုန်ထုတ်လုပ်မှုတိုးတက်ရေး

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ တိုးတက်ရေးသည်အဓိကဖြစ်သည်။ မိမိတို့ပြည်တွင်းတွင် ပြည်သူများအတွက် လုံလောက်စွာ ထုတ်လုပ်ပေးနိုင်မှုအပြင် ပြည်ပသို့တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်ပသို့ပို့ကုန်များပြားလာမှ နိုင်ငံခြားဝင်ငွေများ မိမိတို့နိုင်ငံအတွင်းသို့ ပိုမိုဝင်ရောက်လာမည်ဖြစ်သည်။ တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကိုမဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကို ဦးတည်ချက်ချမှတ်ထားရာ အောင်မြင်အောင် ကြိုးစားလုပ်ဆောင်ရန်မှာ လုပ်ငန်းရှင်များ၏တာဝန် ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ဇန်နဝါရီလ ၂၃ ရက်က ကရင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေး လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် MSME များအောင်မြင်ရန်မှာ ဒေသမှဌာနဆိုင်ရာ တာဝန်ရှိသူများ၊ MSME အေဂျင်စီများ၊ MSME Member များနှင့်ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း၊ ကုန်ချော ထုတ်လုပ်နိုင်မှသာ မိမိတို့ဒေသစားသောက်ကုန်နှင့် သုံးကုန်အတွက် ဖူလုံနိုင်မည်ဖြစ်ပြီး ပိုလျှံပါကလည်း ပြည်ပသို့ တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် သွင်းကုန်အစားထိုးထုတ်လုပ်နိုင်ခြင်းပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်အား မလွှဲမရှောင်သာ၍ ခေတ္တတာဝန်ယူနေစဉ် ကာလအတွင်း နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်အဖြစ် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ချမှတ်ထားပြီး အမျိုးသားရေးရည်မှန်းချက် အနေဖြင့်လည်း  တိုင်းပြည်သာယာဝပြောရေးနှင့်  စားရေရိက္ခာ ဖူလုံရေးကို ချမှတ်ဖော်ဆောင်လျက်ရှိသည်။  တိုင်းပြည်သာယာဝပြောရေးနှင့်  စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကိုမဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး၊ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင်ဆောင်ရွက်၍ နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေးဟူသည့် စီးပွားရေး ဦးတည်ချက်များကို လက်တွေ့ကျကျ ရေးဆွဲဖော်ဆောင်လျက်ရှိပါသည်။

နိုင်ငံတော်အနေဖြင့် ပြည်တွင်းမှထွက်ရှိသော ကုန်ကြမ်းအခြေခံစားသုံးဆီ၊ ဆန်နှင့်ဆန်ကွဲ၊ ဝါ၊ ရော်ဘာ၊ လက်ဖက်၊ ကော်ဖီ၊ ကြိမ်၊ သစ်၊ ဝါးစသည်ဖြင့် ၁၀ မျိုးကို ဒေသနှင့်ကိုက်ညီမှုအလိုက် ဆောင်ရွက်ရန် သတ်မှတ်ထားပါသည်။ ကုန်ချောထုတ်လုပ်နိုင်ရန်မှာ ကုန်ကြမ်းသည်အဓိကလိုအပ်ချက်ဖြစ်၍ ဒေသအလိုက် ထွက်ရှိသည့် ကုန်ကြမ်းကိုအခြေခံ၍ စဉ်းစားဆောင်ရွက်ရမည်ဖြစ်သည်။ ကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ်ရာတွင် One Region One Product အဖြစ် ဆောင်ရွက်၍ ဒေသမှ ပြည်တွင်းဖူလုံသည်အထိ ထုတ်လုပ်ရမည်ဖြစ်သည်။ ထိုမှတစ်ဆင့် ပြည်ပသို့တင်ပို့နိုင်သည်အထိ ဆောင်ရွက်ကြရမည်ဖြစ်သည်။

MSME လုပ်ငန်းသည် အမျိုးသားရေးရည်မှန်းချက်နှင့် တိုက်ရိုက်ဆက်စပ်မှုရှိနေသည်။  အဆိုပါ လုပ်ငန်းအတွက် လိုအပ်ချက်အဖြစ် အရင်းအနှီးအတွက် ချေးငွေလိုအပ်ချက်၊  နည်းပညာလိုအပ်ချက်၊ ကုန်ကြမ်းလိုအပ်ချက်၊ ဈေးကွက်လိုအပ်ချက်နှင့် စက်ပစ္စည်းကိရိယာ မြေနေရာများလိုအပ်ချက်များကို MSME လုပ်ငန်းရှင်များက နိုင်ငံတော်အစိုးရထံတင်ပြကြသည်။ ယင်းတို့အနက် အရင်းအနှီးလိုအပ်ချက်ကို အများဆုံးတွေ့ရှိရသဖြင့် နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၇၀ ဘီလီယံအထိ မတည်ထုတ်ပေးထားပြီး ဖြစ်သည်။ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိပါက Online လျှောက်လွှာဖြင့်ရယူနိုင်ပြီး ပုဂ္ဂလိကဘဏ် ၁၆ ခုတို့ဖြင့်လည်း ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။

နည်းပညာနှင့်ပတ်သက်၍ ကုန်ပစ္စည်းအရည်အသွေးကောင်းမွန်ရန်မှာ လူ့စွမ်းအားအရင်းအမြစ် (HR) ဖွံ့ဖြိုးမှုသည် အဓိကကျလှသည်။ ဈေးကွက်မရရှိခြင်းနှင့်ရေရှည်မထိုးဖောက်နိုင်ခြင်းသည် Labour Skill တွင်လိုအပ်ချက် ရှိခြင်းကြောင့် ဖြစ်သည်။ ကျွမ်းကျင်လုပ်သားရရှိရန်ဝန်ကြီးဌာန ၁၀ ခုတွင် လုပ်ငန်းအလိုက် သင်တန်း  ၂၆၀  ခုလေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။  ကျွမ်းကျင်လုပ်သားရှိမှသာ အရည်အသွေး ကောင်းမွန်သော ထုတ်ကုန်ပစ္စည်းများ ရရှိမည်ဖြစ်သည်။ ဈေးကွက်အတွင်းဝယ်လိုအားလည်း ရှိလာမည်ဖြစ်သည်။  အနှစ်ချုပ်ဆိုရသော်   MSME  လုပ်ငန်းများအောင်မြင်ရေးနှင့်  ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်ရေးတို့အတွက်    နိုင်ငံတော်ကလိုအပ်ချက်များ ဖြည့်ဆည်းပေးလျက်ရှိပေရာ လုပ်ငန်းရှင်များ၊ လုပ်သားများက လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။     ။