အထူးပင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း

 

အထူးပင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ (၇၆)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေး ပွဲတွင် တိပိဋကဓရတိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်မြတ်အလှူခံရရှိတော်မူမည့် ဘဒ္ဒန္တပညာသိရီလင်္ကာရ ဆရာတော်ထံသို့ ပေးပို့ဆက်ကပ်သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာဆက်ကပ်သည့် အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် မင်းကွန်းတိပိဋကနိကာယကျောင်းတွင် ဇန်နဝါရီလ ၂၇ ရက်နေ့က ကျင်းပခဲ့ကြောင်းသိရှိရသည်။

ဆရာတော် ဘဒ္ဒန္တပညာသိရီလင်္ကာရသည်  (၁၆) ပါးမြောက်  တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ တံဆိပ်တော်မြတ် ရရှိတော်မူသည့် ဆရာတော်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပေါ်တွင်အဆင့် မြင့်ဆုံး ရက်အရှည်ဆုံး ကျင်းပသည့် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးတွင် တိပိဋက ဓရ တိပိဋကကောဝိဒရွေးချယ်ရေးအဖွဲ့ ဆရာတော်ကြီးများ အပြီးသတ်ဆုံးဖြတ်၍ ထုတ်ပြန်လာမည့် အောင်စာရင်းကို ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ မျှော်လင့်စောင့်စားခဲ့ကြသည်။ ဆရာတော်သည် ယခုနှစ် (၇၆)ကြိမ်မြောက် ကျင်းပသောစာမေးပွဲကြီးတွင် အဘိဓမ္မာနောက်ပိုင်းဖြစ်သော ယမကနှင့်ပဋ္ဌာနဟူသော ခက်ခဲနက်နဲလှသော ကျမ်းနှစ်ဆူ၏ ခဲရာခဲဆစ်သဘောအဓိပ္ပာယ်များကို အောင်မြင်စွာဖြေဆိုနိုင်ခဲ့သည်။ ထို့ကြောင့် တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့တံဆိပ်တော်၊ အောင်လက်မှတ်၊ အရိုးဝါကနက္ကဒဏ်ထီးဖြူတော် (၃)လက် အမှတ်တံဆိပ်ပါ သာသနာ့အောင်လံတော်ကို ခံယူရရှိမည် ဖြစ်ပါသည်။

ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ပေးပို့သည့် သဝဏ်လွှာတွင် တပည့်တော်များ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် ယခုနှစ်ကျင်းပသော(၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် သင်ရိုးပိဋကတ်တော်များ၏အဖွင့် ကျမ်းများဖြစ်သော အဋ္ဌကထာ၊ ဋီကာ၊ အနုဋီကာ၊ ယောဇနာ၊  ဂဏ္ဌိ၊ နိဿယများလာ ခက်ခဲနက်နဲသော သဘောအဓိပ္ပာယ်တို့ကို ဆရာတော်၏သဒ္ဓါစွမ်းအား၊ သတိစွမ်းအား၊ သမာဓိစွမ်းအား၊ ပညာစွမ်းအားတို့ ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပြီးဖြစ်၍ နိုင်ငံတော်မှဆက်ကပ်သော တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ် တော်ကို အလှူခံရရှိတော်မူမည်ဖြစ်ရာ ဆရာတော်သည် ပရိယတ္တိသာသနာအတွက် တပည့်ရဟန်းသံဃာများအား စာပေပို့ချခြင်းစသော သာသနာပြုလုပ်ငန်းများ ကျန်းမာချမ်းသာစွာဖြင့် ဆောင်ရွက်တော်မူနိုင်ပါမည့် အကြောင်း ယခုကဲ့သို့တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော် ဆွတ်ခူးရရှိတော်မူသဖြင့်(၁၆) ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည်အဖြစ် ပေါ်ထွန်းလာခြင်းကိုလည်း အထူးပင် ဂုဏ်ယူဝမ်းမြောက်ကြောင်း ထပ်လောင်းလျှောက်ထားအပ်ပါသည်ဘုရားဟူ၍ ဖော်ပြထားပါသည်။

ဆရာတော်ဘဒ္ဒန္တပညာသိရီလင်္ကာရသည် သာမဏေကျော်၊ သာသနဓဇဓမ္မာစရိယ၊ ဝိနယဓရ၊ ဝိနယကောဝိဒ၊ ဒီဃဘာဏက၊ ဒီဃနိကာယကောဝိဒစသည့် ဘွဲ့တော်များ အောင်မြင်ရရှိတော်မူပြီး ဆက်လက်၍ အားထုတ်တော်မူရာ ၁၃၇၃ ခုနှစ်တွင်ကျင်းပသော(၆၄)ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒရွေးချယ်ရေး စာမေးပွဲတွင် သင်ရိုးပိဋကတ်သုံးပုံဟုဆိုအပ်သော ဝိနည်းငါးကျမ်း၊ သုတ်သုံးကျမ်း၊ အဘိဓမ္မာ ခုနစ်ကျမ်းတို့ကို ခက်ခဲနက်နဲစွာလေ့လာကျက်မှတ်၍ သတ်မှတ်အချိန် သတ်မှတ်ရက်အတွင်း သတ်မှတ်စာမျက်နှာ သတ်မှတ်ကျမ်းစာများကို အာဂုံပြန်ဆိုနိုင်ခဲ့ပြီး အာဘိဓမ္မိကဘွဲ့တံဆိပ်တော်နှင့် တိပိဋကဓရ ဘွဲ့တံဆိပ်တော်တို့ကို ရရှိတော်မူခဲ့ပါသည်။

မြတ်စွာဘုရားရှင်သည် ၄၅ ဝါကာလပတ်လုံးဟောကြားတော်မူသည့် ပရိယတ္တိတရားတော်များသည် လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ပေးစွမ်းနိုင်ပါသည်။ ထိုတရားတော်များမဆိတ်သုဉ်း မကွယ်ပျောက် ရလေအောင် ဆရာတော် သံဃာတော်တို့က သင်ကြားပို့ချပေးလျက်ရှိကြသည်။ သာသနာ့ဒါယကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအမှူးပြုသောဥပါသကာ၊ ဥပါသိကာမအပေါင်းသူတော် ကောင်းတို့ကလည်း ပရိယတ္တိဘက်တွင်လည်းကောင်း၊ ပဋိပတ္တိဘက်တွင်လည်းကောင်း လေးဖြာပစ္စယ ပြည့်ဝစေရန် ပြည့်လျှံသော စေတနာသဒ္ဓါတရားတို့ဖြင့် လေးစားကော်ရော် ပူဇော်လှူဒါန်းလျက် အထက်တန်းကျသော သာသနာပြုကုသိုလ်မှုများ ပွားများလျက်ရှိပါသည်။

ဆရာတော် သံဃာတော်အရှင်သူမြတ်တို့ အနေဖြင့်လည်း ဗုဒ္ဓမြတ်စွာသာသနာတော်တွင် ဗဟုသုတ ဓမ္မဓရ ပုဂ္ဂိုလ်သက်သက်မျှသာ မဟုတ်ဘဲ ဓမ္မာနုဓမ္မပဋိပန္နပုဂ္ဂိုလ် စစ်စစ်အဖြစ်သို့ ရောက်အောင်ကျင့်ဆောင် ကြိုးကုတ်အားထုတ် လျက်ရှိသည်မှာ ဗုဒ္ဓဘာသာသာသနာတော်အတွက် ဝမ်းမြောက်ဖွယ်ဖြစ်ပါသည်။

 

မြတ်စွာဘုရားရှင် ဟောကြားတော်မူသည့် တရားတော်များကို ရတနာခြင်းတောင်းထဲ၌ သဘောတူရာ စုပေါင်း၍ထည့်လိုက်လျှင်  ဝိနည်းသုတ္တန်၊ အဘိဓမ္မာ၊ ပိဋကတ်ဟူ၍ ပိဋကတ်သုံးပုံဖြစ်လာသည်။

ဤပိဋကတ်တရားမြတ်တို့ကို သင်ယူအပ်သောကြောင့် ပရိယတ္တိဟု ခေါ်ပါသည်။ ပိဋကတ်သုံးပုံလာတရားဓမ္မ တို့ကို သိရှိမှတ်မိအောင် အာဂုံဆောင်နိုင်ခြင်းမှာ ထူးခြားအံ့ဖွယ်ဖြစ်ပါသည်။ ယခုအခါ မြန်မာနိုင်ငံတွင် နှစ်ပေါင်း(၇၆)နှစ်အတွင်း တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ရ ဆရာတော်ပေါင်း(၁၆)ပါးရှိနေပြီ ဖြစ်ပါသည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်အစိုးရနှင့်အတူ ပြည်သူများကလည်း ဝမ်းသာပီတိဖြစ်ရပါကြောင်း ရေးသား ဂုဏ်ပြုအပ်ပါသည်။   ။