နိုင်ငံ့စီးပွား ပိုမိုတိုးတက်မြင့်မားရေး

 

နိုင်ငံ့စီးပွား ပိုမိုတိုးတက်မြင့်မားရေး

အစိုးရတစ်ရပ်ဆိုသည်မှာ တိုင်းပြည်ကောင်းစေရန်အတွက် အုပ်ချုပ်ရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ တရားဥပဒေစိုးမိုးရေးကဏ္ဍနှင့် လူမှုရေးကဏ္ဍများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရသည့် အာဏာပိုင်အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံတွင် ဦးဆောင်သည့် နိုင်ငံရေးပါတီ၊ ထိန်းကျောင်းပေးသည့် လွှတ်တော်များရှိပြီး မူဝါဒများချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။  လက်ရှိ အခြေအနေမှာ နိုင်ငံတော်ကို အရေးပေါ် အခြေအနေကြေညာ၍   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး  ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များချမှတ်ဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ရည်မှန်းချက်များ၊  ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များမှာ အဂ္ဂမဟာဗျူဟာ၊ မဟာဗျူဟာ၊ နည်းဗျူဟာများ ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇန်နဝါရီလ ၂၉ ရက်တွင်ကျင်းပသော ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄) သို့ တက်ရောက်အမှာစကား ပြောကြားစဉ် မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်တွင် နိုင်ငံ့စီးပွားရေးမှာ အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ  ကျဆင်းလျက်ရှိသည်ကို တွေ့ရကြောင်း၊ စီးပွားရေးစီမံခန့်ခွဲမှုများ လွဲမှားခဲ့မှုများနှင့် ပြည်တွင်းထုတ်လုပ်မှုကို အားမပေးဘဲ ပြည်ပမှ တင်သွင်းမှုများကိုသာ ဦးစားပေးဆောင်ရွက်ခဲ့သည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရ တာဝန်ယူချိန်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို ဦးစားပေးဆောင်ရွက်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် နိုင်ငံရေးပြဿနာများဖြစ်နေသည့်ကြားမှပင် နိုင်ငံ့စီးပွားရေးမှာ ၂ ဒသမ ၄ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိခဲ့သည်။ အလားတူ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံရေးပြဿနာ ဖြစ်ပွားမှုများ၊ စီးပွားရေးပိတ်ဆို့မှုများ စသည့်အခက်အခဲများကြားမှ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုင်ငံ့စီးပွားရေး မှာ ၃ ဒသမ ၄ ရာခိုင်နှုန်းအထိရောက်ရှိခဲ့ပါသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလအထိ နိုင်ငံ့စီးပွားရေးမှာ ၃ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ကြောင်းသိရှိရသည်။

၂၀၂၁ ခုနှစ်၊ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့တွင်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအရ ဆူပူအကြမ်းဖက် မှုများ၊ တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့မှု၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့မှု၊ နိုင်ငံတကာမှအပြုသဘောမဆောင်သည့် တုံ့ပြန်မှုများမရှိခဲ့ပါက နိုင်ငံ၏စီးပွားရေးမှာ ယခုထက်ပိုမိုတိုးတက်နေမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရ အနေဖြင့် ဦးတည်ချက်များကို မှန်မှန်ကန်ကန်ချမှတ်ဆောင်ရွက်ခဲ့သည့်အတွက် နိုင်ငံစီးပွားရေးမှာ တိုးတက် ခဲ့ခြင်းဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဘတ်ဂျက်များသုံးစွဲရာတွင် လုပ်ငန်းများကို သတ်မှတ်ထားသည့်အချိန်ကာလအတွင်း  ပြီးစီးအောင် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်သည်။ အထူးသဖြင့် လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများကို အဓိကထားဆောင်ရွက်ပေးလျက်ရှိရာ သတ်မှတ်ကာလအတွင်း ပြီးစီးရမည်ဖြစ်သည်။

နိုင်ငံ့စီးပွားမြင့်မားနေစေရေးအတွက် စိုက်ပျိုးသည့်သီးနှံများအားလုံး  ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်မည်ဆိုပါက ထုတ်ကုန်များတိုးမြင့်လာပြီး ထုတ်လုပ်သူများအတွက်  ဝင်ငွေများ ပိုမိုတိုးတက်လာမည်ဖြစ်သဖြင့် ဝယ်လိုအားများမြင့်တက်လာမည်ဖြစ်သည်။ စီးပွားရေးသဘောတရားအရ ဝယ်လိုအား မြင့်တက်လာမည်ဆိုပါက ရောင်းလိုအားများလည်းမြင့်တက်လာမည်ဖြစ်သဖြင့် ငွေကြေး လည်ပတ်မှုများကောင်းမွန်လာမည်ဖြစ်သည်။ ကုန်ထုတ်လုပ်မှုများတိုးမြှင့်လာအောင်ရွက်ပြီး  ဝင်ငွေများ တိုးတက်လာမည်ဆိုပါက နိုင်ငံ့စီးပွားရေးမှာများစွာတိုးတက်လာမည်ဖြစ်ပါသည်။

စိုက်ပျိုးရေးတွင် အဓိကလိုအပ်ချက်ဖြစ်သော မျိုး၊ မြေ၊ ရေ၊ နည်းဖြစ်သည့် မျိုးကောင်းမျိုးသန့်ရရှိ အောင်ဖန်တီးခြင်း၊ မြေအရည်အသွေးကောင်းမွန်အောင် စနစ်တကျပြုပြင်ခြင်းနှင့်  သင့်လျော်သည့် မြေသြဇာများကို ရရှိအောင်ဖန်တီးပေးခြင်း၊ စိုက်ပျိုးရေနှင့်အောင်ရေကို ဖူလုံစွာရရှိနိုင်ရေး ဖန်တီးပေးခြင်း၊ စိုက်နည်းစနစ်များ မှန်ကန်မှုရှိစေရေး၊  ခေတ်မီနည်းစနစ်များအသုံးပြုနိုင်ရေး ဖော်ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရမည်ဖြစ်သည်။အထက်ပါ အချက်လေးချက်ဖြင့်ပြည့်စုံပါက စိုက်ပျိုးရေးလုပ်ငန်းများအနေဖြင့် ပန်းတိုင်အထွက်နှုန်းရရှိနိုင်မည်ဖြစ်ပြီး ယခုထက်ပိုမိုအောင်မြင်နိုင်မည်ဖြစ်သည်။  မွေးမြူရေးလုပ်ငန်း သည်လည်းအလားတူဖြစ်ပါသည်။

စိုက်ပျိုးရေးထုတ်ကုန်များ ပန်းတိုင်ရည်မှန်းချက်ပြည့်မီစွာရရှိမည် ဆိုပါက ပို့ကုန်ပစ္စည်းများ တိုးတက်လာမည် ဖြစ်သည်။ ဥပမာအားဖြင့် ဆန်စပါးတစ်ခုတည်းကိုပင် ပန်းတိုင်ရည်မှန်းချက်ပြည့်မီ အောင်ဆောင်ရွက်နိုင်မည် ဆိုပါက နိုင်ငံ့စီးပွားရေးသည်လည်း  များစွာတိုးတက်လာနိုင်မည်ဖြစ်သည်။ လုပ်ငန်းဆောင်ရွက်မှုများ အောင်မြင်မှုရရှိရေး၊ အထွက်နှုန်းများ တိုးတက်လာစေရေးအတွက် နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ရင်းနှီးမတည်ငွေများပေးအပ်ထားပြီးဖြစ်သည်။ ပြည်တွင်းစားသုံးမှုနှင့် ပတ်သက်၍ ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်ရာတွင်  ထုတ်လုပ်မှုကုန်ကျစရိတ် အနည်းဆုံးနှင့်ထုတ်လုပ်ပြီး အမြတ်အနည်းဆုံး ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်လိုအပ်သည်။ အနှစ်ချုပ်ဆိုရသော် တိုင်းပြည်ကိုကောင်း စေလိုသည့်စိတ်ဖြင့် နိုင်ငံ့စီးပွားရေး ပိုမိုကောင်းမွန်အောင်  ဆက်လက်ကြိုးပမ်းကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။