နိုင်ငံတော်အကျိုးပြုသုတေသနလုပ်ငန်း

နိုင်ငံတော်အကျိုးပြုသုတေသနလုပ်ငန်း

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်)

နိုင်ငံတစ်နိုင်ငံအတွက် သုတေသနလုပ်ငန်းသည် မရှိမဖြစ်သော လုပ်ငန်းဖြစ်သည်။ ခေတ်နှင့်အညီ ခေတ်မီစွာဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သည့်လုပ်ငန်းခွင်တွင်မဆို သုတေသနလုပ်ငန်းသည် ရှိနေရမည်ဖြစ်သည်။ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ် ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရပ်ဆိုင်ရာ ဘာသာရပ်များကို စာတွေ့သာမက ကွင်းဆင်းလေ့လာ သုတေသနပြုလုပ်ကြပြီး  လက်တွေ့နယ်ပယ်နှင့် ပေါင်းစပ်ကာ အကျိုးဖြစ်ထွန်းအောင် ပြုလုပ်ကြသည်။ သုတေသနကို အဓိကအားပြု၍ ဆောင်ရွက်ကြသည့် နိုင်ငံများမှာ တိုးတက်မှုများ ရရှိနေသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်သုတေသနလုပ်ငန်းများ ဆောင်ရွက်နေကြရမည်ဖြစ်သည်။

သုတေသနဆိုသည်မှာပါဠိဘာသာစကား “သုတ” ဟူသည့်အကြားအမြင်နှင့် “ဧသန” ဟူသည့် “ရှာမှီးခြင်း” တို့ ပေါင်းစပ်ထားခြင်းဖြစ်သည့်အတွက် ကြောင်းကျိုးတရားကို ရှာမှီးခြင်းဟု အဓိပ္ပာယ် ရပါသည်။

“ပညာဖြင့် ကြောင်းကျိုးတရားကိုသိ၏” ဆိုထားသကဲ့သို့ သုတေသီတို့သည် အရာခပ်သိမ်းကို ပြေးကြည့်ရန် မလိုဘဲ အတွေ့အကြုံအမြော်အမြင်နှင့် ခြေခြေမြစ်မြစ်နှစ်နှစ်ကာကာ တွေးတောရုံမျှ၊ သုတေသနအသိ အမြင်ကိုအသုံးချကာ စူးစမ်းရှာဖွေရုံမျှဖြင့် သမ္မာဒိဋ္ဌိ-မှန်ကန်သောအမြင်၊ မှန်ကန်သော ရလဒ်ကိုရရှိ စေမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် တက္ကသိုလ်ပေါင်းမြောက်မြားစွာရှိနေပေရာ သုတေသနသည်တက္ကသိုလ်များ၏ အသက် သွေးကြောဟုဆိုနိုင်သည်။ သုတေသနပြုခြင်းကို ကျောင်းသား၊ ကျောင်းသူတိုင်းက စိတ်ဝင်စားမှု ရှိလာပါက လူငယ်တို့၏အနာဂတ်မှာ အောင်မြင်မှုများကိုလက်ကိုင်ရရှိကြမည်ဖြစ်သည်။ အထူးသဖြင့် တက္ကသိုလ်နယ်မြေများတွင်  စဉ်ဆက်မပြတ်သုတေသနပြုမှုများရှိစေရန်အတွက်  ဆရာ၊  ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ သက်ဆိုင်သူများနှင့် စိတ်ဝင်စားသူများက ဝိုင်းဝန်းကူညီအားပေးရန် လိုပေသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးကို အဓိကထားလုပ်ကိုင်လျက်ရှိရာတွင် အဆိုပါ လုပ်ငန်းများ အဆင့်မီမီတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများကို လုပ်ဆောင်နေကြရမည်ဖြစ် ပါသည်။

ပြည်ပနိုင်ငံတက္ကသိုလ်များတွင် ပါမောက္ခတစ်ဦး၏ အရည်အသွေးကိုတိုင်းတာရာ၌ သူသည်သုတေသန စာတမ်းပေါင်းမည်မျှပြုစုပြီး သုတေသနစာအုပ်ပေါင်းမည်မျှ ထုတ်ဝေထားသည်ဟူသောအချက်ကို တွက်ဆ၍ ပါမောက္ခ၏ အရည်အသွေးကို တိုင်းတာကြောင်း သိရှိရသည်။ တက္ကသိုလ်က ပါမောက္ခ ဆိုသည်မှာ သင်ကြားရေးသာမက သုတေသနကိုလည်း ပြုစုရမည်ဖြစ်သည်။ တက္ကသိုလ်တိုင်းတွင် ပါမောက္ခအပါအဝင် တက္ကသိုလ်မှဆရာ၊ ဆရာမများသည် သုတေသနကို အပြိုင်အဆိုင် လုပ်ဆောင်ခြင်း ဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုစီတွင် ပါရဂူသင်တန်းဖွင့်လှစ်သည့် တက္ကသိုလ်အနည်းဆုံး တစ်ခုရှိရေး လမ်းညွှန်မှုပြုထားချက်နှင့်အညီ ပညာရေးဝန်ကြီးဌာနက သက်ဆိုင်ရာဒေသ၏ အလား အလာပေါ် မူတည်၍ Center for Research and Innovation (CRI) များ ထူထောင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။

CRI များပေါ်ပေါက်လာပါက ဒေသတွင်း၌ရှိသည့် လုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍ ဒေသလူမှု စီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းပညာလိုအပ်ချက်ကို အဆိုပါတက္ကသိုလ်များက ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် သုတေသနလုပ်ငန်းများ အားကောင်းခဲ့သဖြင့် ထူးချွန်ထင်ရှား သော ပညာရှင်များစွာ ပေါ်ထွန်းလာခဲ့ပြီး နိုင်ငံကိုအကျိုးပြုနိုင်ခဲ့ကြောင်း သိရှိရသည်မှာ သုတေသန လုပ်ငန်း၏ တန်ဖိုးမြင့်မားခြင်းကို ညွှန်းဆိုသည့် သက်သေပြယုဂ်ဖြစ်သည်။

ယနေ့ခေတ်ကာလတွင် အရှိန်အဟုန်ကောင်းနေပြီဖြစ်သော သုတေသနလုပ်ငန်းများကို မျိုးဆက်သစ် တို့က ဆက်လက်အမွေခံကာ သုတေသနလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက် နေကြရမည်ဖြစ်သည်။ သုတေသနလုပ်ငန်းဆိုသည်မှာ အလွန်စိတ်ဝင်စားဖွယ် ကောင်းသည့် အလုပ် တစ်ခုလည်း ဖြစ်သည်။

မိမိသုတေသနပြုလိုက်သော ဘာသာရပ်၊ ပညာရပ်များကြောင့် လုပ်ငန်းနယ်ပယ်တိုးတက်လာလျှင် နိုင်ငံတော်သည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ သုတေသနဟူသည်မှာ ဖန်တီးနိုင်မှု စွမ်းရည်မြင့်မားလှသည့်   စွမ်းဆောင်ချက်တစ်ခုဖြစ်ပါသည်။

အရည်အသွေးရှိသည့် သုတေသနစွမ်းဆောင်ချက်တစ်ခုသည် ထုတ်ကုန်သစ်များထုတ်လုပ်ပေးနိုင်စွမ်း၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်စွမ်းရရှိစေပြီး စက်ရုံအသစ်များကို ပေါ်ထွန်းလာစေနိုင်သည်။ ထုတ်လုပ်မှုကုန်ကျစရိတ်ကို သက်သာစေနိုင်ပြီး နည်းပညာသစ်များနှင့် တီထွင်ဖန်တီးမှုအသစ်များကို ထွက်ပေါ်လာစေနိုင်သည်။ ထို့ကြောင့် အရည်အသွေးရှိသည့် သုတေသနစွမ်းဆောင်ချက် တစ်ခုသည် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုနိုင်မည် ဖြစ်သည်။ အထူးသဖြင့် အသေးစား၊ အငယ်စားနှင့်အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများတွင် ထုတ်ကုန်များ အရည် အသွေး ပိုမိုကောင်းမွန်ရေးအတွက် သုတေသနပြုဆောင်ရွက်ကြမည်ဆိုပါက နိုင်ငံ့စီးပွား ပိုမိုမြင့်မား လာမည် ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ကဏ္ဍပေါင်းစုံတွင် သုတေသနပညာရှင်များ ပေါ်ထွန်းကာ နိုင်ငံ့ကောင်း ကျိုးပြုနိုင်ကြပါစေကြောင်း ရေးသားလိုက်ရပေသည်။    ။

၂၆-၁-၂၀၂၄ သတင်းစာ