နိုင်ငံအကျိုးကိုသာ ဦးစားပေးကြရန်

နိုင်ငံအကျိုးကိုသာ ဦးစားပေးကြရန်

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မှတ်ပုံတင်ခွင့်ပြုပြီးနိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့်ရင်းရင်း နှီးနှီးတွေ့ဆုံဆွေးနွေးစဉ် “နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်ပါက မိမိတို့အနေဖြင့် လုပ်သင့်လုပ်ထိုက် သည်များကို တစ်ဆင့်ပြီးတစ်ဆင့်  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ရှေ့လုပ်ငန်း စဉ်များ  အောင်မြင်စေရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရှေ့လုပ်ငန်းစဉ် ပဉ္စမအချက်ဖြစ်သည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာဖြစ်မြောက်စေရေး အုပ်ချုပ်သူအစိုးရတစ်ခုတည်းမရဘဲ နိုင်ငံရေး ပါတီများ၊ တိုင်းသူပြည်သားများ အားလုံးပါဝင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံကိုကိုယ်စားပြုမည့်သူများကို နိုင်ငံရေး ပါတီများမှသာ ရွေးချယ်ရမည်ဖြစ်သဖြင့် နိုင်ငံရေးပါတီများနှင့် ယခုကဲ့သို့တွေ့ဆုံရခြင်းဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

ဇန်နဝါရီလ ပထမပတ်အတွင်း နိုင်ငံရေးပါတီများနှင့်တွေ့ဆုံဆွေးနွေးပြီးနောက် နိုင်ငံရေးပါတီများ အနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုလွယ်ကူစေရေးအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ကို ဦးစွာပြင်ဆင်ပေးခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်၍ လိုအပ်သည့် ဥပဒေ ပြင်ဆင်မှုများ ကိုလည်းထုတ်ပြန်ပေးခဲ့သည်။ နိုင်ငံရေးပါတီများအတွက် လိုအပ်သည်များကို နိုင်ငံတော်မှ တတ်နိုင်သရွေ့ ဖြည့်ဆည်းပေးမည်ဖြစ်သော်လည်း နိုင်ငံရေးပါတီများအနေဖြင့် ကိုယ်ပိုင် ကြိုးစားအားထုတ်မှုများဖြင့် ဆောင်ရွက်ကြရမည်ဖြစ်သည်။ တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းရေးနှင့် ခိုင်မာစေရေးကို အာမခံထားပြီး ဖြစ်ပါသည်။

ပါတီစုံဒီမိုကရေစီစနစ်တွင် ပါတီများအနေဖြင့် ပါတီနိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်ရမည်ဖြစ် သကဲ့သို့ နိုင်ငံ့အရေးကိုဆောင်ရွက်သည့် နိုင်ငံရေးကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပါတီ နိုင်ငံရေး ဆိုသည်မှာ မိမိတို့ပါတီ၏မူဝါဒများကို ပြည်သူအများကလက်ခံလာအောင်၊ ပါတီဝင်များ ဖြစ်လာအောင် လုပ်ဆောင်ခြင်းဖြစ်ပြီး ပါတီနိုင်ငံရေးမှတစ်ဆင့် နိုင်ငံ့အရေးကို ဖော်ဆောင်ကြရမည် ဖြစ်သည်။ နိုင်ငံ့အရေး သည် ပထမ၊ ပါတီအရေးသည် ဒုတိယဖြစ်ပြီး နိုင်ငံနှင့်ပါတီယှဉ်လာပါက နိုင်ငံ့အကျိုးကိုသာ  ဦးစားပေးရန် ဖြစ်သည်။ နိုင်ငံသည်သာလျှင် အဓိကအရေးအကြီးဆုံးဖြစ်သည်။

ပါတီများအနေဖြင့် တိုင်းရင်းသားလူမျိုးကို ကိုယ်စားပြုသည့်ပါတီ၊ ဒေသကို ကိုယ်စားပြုသည့်ပါတီ၊ တစ်နိုင်ငံလုံးကို လွှမ်းခြုံကိုယ်စားပြုသည့် ပါတီဟူ၍ရှိသည်။ ပါတီများအနေဖြင့် ခိုင်ခိုင်မာမာ တည်ဆောက် ရန်လိုအပ်သလို ပါတီတွင်းဒီမိုကရေစီတည်ဆောက်ရန်လည်း လိုအပ်သည်။ သို့မှသာ ပါတီတစ်ခုသည် ခိုင်ခိုင်မာမာဖြစ်နေပေလိမ့်မည်။ ခိုင်မာသည့်ပါတီတည်ဆောက်မှုဖြစ်ရန်လိုအပ်သလို ပါတီဝင်များ၏ဝန်းရံ မှုများခိုင်မာရန်လည်းလိုအပ်သည်။ မိမိတို့ပါတီကိုအကောင်းဆုံးခိုင်မာအောင်  တည်ဆောက်ရမည်ဖြစ်သလို မိမိနိုင်ငံတော်ကိုလည်း  အကောင်းဆုံးဖြစ်အောင် ပါဝင်ဆောင်ရွက်သည့် အလေ့အကျင့်ကိုလည်း ဖော်ဆောင် ကျင့်သုံးကြရမည်ဖြစ်သည်။

နိုင်ငံ၏စီးပွားရေး တိုးတက်အောင်ဆောင်ရွက်ခြင်းသည် နိုင်ငံ့အရေးဖြစ်သည့်အတွက် ပါတီများ အနေဖြင့်လည်း တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောကဏ္ဍ၊ လက်မှုပညာနှင့် ဆက်စပ်လုပ်ငန်း ဆောင်ရွက်မှုကဏ္ဍ၊ ဝန်ဆောင်မှုနှင့် အရောင်း အဝယ်လုပ်ငန်းကဏ္ဍနှင့် အခြေခံအလုပ်သမားကဏ္ဍဟူသော ကဏ္ဍကြီး ၄ ရပ်တိုးတက်စေရေး၊ ပိုမို အားကောင်းလာစေရေးကို ပါတီများအနေဖြင့် ပါတီနိုင်ငံရေး ဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ ပါတီဝင်များဖြင့် ဆောင်ရွက် ကြရန်လိုအပ်ပါသည်။

ပညာရေးနှင့်ပတ်သက်၍လည်း   နောင်အနာဂတ်နိုင်ငံတော်ကို ပညာတတ်လူသား အရင်းအမြစ်များဖြင့် တည်ဆောက်နိုင်ရေးအတွက်လည်း ပါတီများအလိုက် ကြိုးစားဆောင်ရွက်ပေးကြရန် လိုအပ်ပါသည်။ ကလေးငယ်များ၏ ပညာရည်မြင့်မားရေးအတွက် ကောင်းမွန်သည့် လမ်းကြောင်းပေါ်မှ  မြှင့်တင် ပေးနိုင်ရေး၊ လမ်းညွှန်ပေးနိုင်ရေး ဆောင်ရွက်ပေးကြရန် လိုအပ်ပါသည်။ ပါတီများအနေဖြင့် နိုင်ငံ့အရေး ဆောင်ရွက်ရာတွင် စီးပွားရေးအရ၊ ပညာရေးအရ မြှင့်တင်မှုအခန်းကဏ္ဍ၌ ပါဝင်လာစေရေးကို နိုင်ငံတော်အကြီးအကဲက တိုက်တွန်းပြောကြားခဲ့သည်မှာ မိမိတို့အားလုံးနေထိုင်သည့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖြစ်သည်။

တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိသည့်အတွက် မြန်မာနိုင်ငံသည် မိမိတို့ခြေထောက်ပေါ် တွင်ရပ်တည်နိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ပြည်တွင်းအားကိုဖော်ဆောင်ပေးရန်အတွက် နိုင်ငံရေးပါတီများသည်လည်း ပါဝင်ပါသည်။ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများသည် မီဒီယာများ ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်နေသည်များ ရှိသည်။ တိုင်းရင်းသားအားလုံး၊ ပြည်သူများ အားလုံး ပြည်ထောင်စု စိတ်ဓာတ်ရှိကြရမည် ဖြစ်သည်။ ပြည်ထောင်စုစိတ်ဓာတ်ရှိမှ ဒို့တာဝန် အရေးသုံးပါးကို အလေးထားမည်ဖြစ်သည်။ သွေးထိုးလှုံ့ဆော်မှုများနှင့် အသိဉာဏ်အားနည်းမှုများကြောင့် ပြည်ထောင်စု စိတ်ဓာတ်ကို ထိခိုက်စေလျက်ရှိသည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံရေးပါတီများအနေဖြင့် ပါတီအရေးနှင့် နိုင်ငံ့အရေး ယှဉ်လာပါက နိုင်ငံ့အကျိုးကိုသာ ဦးစားပေးရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။