နိုင်ငံ့အတွက်ဂုဏ်ယူဖွယ်အသင်းကြီး

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်)

နိုင်ငံ့အတွက်ဂုဏ်ယူဖွယ်အသင်းကြီး

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)သည် မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ မြန်မာတို့၏ စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့သော အဖွဲ့ကြီးလည်းဖြစ်သည်။ သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် ပထမဦးဆုံးထွန်းညှိပေးလိုက်သော အလင်းရောင်ဖြစ်သည်။ ထိုအလင်းရောင်မှစတင်ကာ မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုများတွင် လူငယ်လူရွယ်တို့ ထဲထဲဝင်ဝင် ပါဝင်လာခဲ့ကြပြီး “သခင်မျိုးဟေ့-တို့ဗမာ” ဟူသော ကြွေးကြော်သံများ နိုင်ငံတစ်ဝန်းဖုံးလွှမ်းခဲ့သည်။

ဝိုင်အမ်ဘီအေအသင်းကြီး စတင်ဖွဲ့စည်းစဉ်ကတည်းက ရည်ရွယ်ချက်သည် “အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ” ကြီးပွားမြင့်မားရေးပင်ဖြစ်သည်။ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာစောင့်ရှောက်ရေးသည် နိုင်ငံ့အရေးပင်ဖြစ်ပြီး နိုင်ငံ့အရေးနှင့်ပတ်သက်၍ နိုင်ငံတော်တွင်ရှိသည့် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအနေဖြင့်လည်း နိုင်ငံ့အရေးကို ဆောင်ရွက် နေခြင်း ဖြစ်သကဲ့သို့ ဝိုင်အမ်ဘီအေအသင်းကြီးအနေဖြင့် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာတို့ ဖြင့် နိုင်ငံ့အရေးကိုဆောင်ရွက်ခြင်းဖြစ်သည်။

အသင်းကြီးအနေဖြင့် လူငယ်လူရွယ်များကို ယဉ်ကျေးသိမ်မွေ့အောင်ဆောင်ရွက်ပေးပြီး ကောင်းမွန် သည့် လူမှုအသိုင်းအဝိုင်းကို ဖော်ဆောင်ပေးလျက်ရှိသည်။ ထိုသို့ဖော်ဆောင်ပေးခြင်းဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဝိုင်အမ်ဘီအေအသင်းကြီးအနေဖြင့် အမျိုးသားရေး စိတ်ဓာတ်ခွန်အားကို တည်ဆောက်ပေးရမည်ဖြစ်သည်။ လူငယ်လူရွယ်များအနေဖြင့် မူလအခြေခံ စိတ်ဓာတ်ကောင်းများ ရရှိစေရေး၊ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်လိုသည့် စိတ်ဓာတ်များ ရရှိစေရေး၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့အပေါ်တွင်ထားရှိသည့် စိတ်ဓာတ်များ ကောင်းမွန် စေရေးနှင့် မှန်ကန်သည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရေး ဆောင်ရွက်ပေးရမည် ဖြစ်သည်။

လက်ရှိအချိန်တွင် လူငယ်လူရွယ်များအနေဖြင့် နိုင်ငံတော်ကို ထိခိုက်ပျက်စီးစေလိုသည့် ပြည်တွင်း ပြည်ပမှ သွေးထိုးလှုံ့ဆော်သူများ၊ နိုင်ငံရေးအရ အစွန်းရောက်သူများ၏ ပယောဂများကြောင့် အကြမ်းဖက်မှု ဖြစ်စဉ်များတွင် ပါဝင်နေကြသည်ကို စိတ်မကောင်းဖြစ်ဖွယ် တွေ့မြင်ရသည်။ နိုင်ငံတော်၏ အဖိုးတန်မျိုးဆက်သစ် လူငယ်လူရွယ်များအနေဖြင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်မှုမရှိဘဲ  အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်နေသည့် လမ်းကြောင်း အမှားပေါ်သို့ ရောက်ရှိ နေသည်မှာ နိုင်ငံ့အနာဂတ်အတွက် စိုးရိမ်ဖွယ်ရာပင် ဖြစ်သည်။ ထို့ကြောင့်လူငယ်များကို မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရေး ဆောင်ရွက်ပေးကြရမည် ဖြစ်သည်။

လူငယ်များကို ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ထိရောက်သည့် လူသားအရင်းအမြစ် များအဖြစ် မွေးထုတ်ပေးရမည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်များအနက် လူမှုရေး ဦးတည်ချက်တွင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်  ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဟု ချမှတ်ထားသကဲ့သို့ ဝိုင်အမ်ဘီအေအသင်းကြီး၏  ရည်ရွယ်ချက်တွင်လည်း လူငယ်များ၏ ကာယဗလ၊ ဉာဏဗလနှင့်စိတ္တဗလများ ကောင်းမွန်စေရေး ချမှတ်ထားခြင်းဖြစ်သဖြင့် နိုင်ငံကောင်းမွန်ရန်အတွက် တူညီသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။

ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီး(YMBA)၏ ရာသက်ပန်ဂုဏ်ထူးဆောင်နာယက အဂ္ဂမဟာ မင်္ဂလ ဓမ္မဇောတိကဓဇ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(ဗဟို)အဖွဲ့ဝင်များအားတွေ့ဆုံစဉ် “YMBA အသင်းကြီးကို စတင်ဖွဲ့စည်းခဲ့သည့် ခေါင်းဆောင်များနှင့် ခေတ်အဆက်ဆက် တာဝန်ယူထမ်းဆောင် ခဲ့သည့် ခေါင်းဆောင်များအနေဖြင့် အမြင်ကျယ်ကျယ်ဖြင့် ဆောင်ရွက်ခဲ့ကြသကဲ့သို့ ယခုအချိန်တွင် လည်း အမြင်ကျယ်ကျယ်ဖြင့်ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်အတွက်လိုအပ်သည့် လူသား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး ့ြဗြ အသင်းကြီးအနေဖြင့် ဆောင်ရွက်စေလိုကြောင်း” ပြောကြားခဲ့သည်။

မိသားစုတစ်စု၊ နိုင်ငံတစ်နိုင်ငံကို ကောင်းမွန်အောင်၊ လုံခြုံစိတ်ချပြီး တိုးတက်မှုရှိအောင် ပုံဖော်တည် ဆောက်ရာတွင် လူကြီးများသည် ၎င်းတို့ဖြတ်သန်းလာကြသည့် အတွေ့အကြုံများ၊ အသိအမြင်များကို တွန်းအား၊ ဆွဲအားအဖြစ် အသုံးပြုကြရပြီး လူငယ်လူရွယ်များမှ ၎င်းတို့၏ နုပျိုသည့်ခွန်အားများဖြင့် လိုက်ပါဆောင်ရွက်ရခြင်း ဖြစ်သည်။ မိသားစုတစ်စု၊ နိုင်ငံတစ်နိုင်ငံ ကောင်းမွန်စေရေးအတွက် မိသားစုဝင်များ၊ နိုင်ငံသူ၊ နိုင်ငံသားများကသာ ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် မိသားစုကို ချစ်သည့်စိတ်၊ နိုင်ငံကိုချစ်သည့် စိတ်များ ရှိနေကြရမည်ဖြစ်သည်။

နိုင်ငံတော်တည်ဆောက်ရေးအတွက် စုစည်းညီညွတ်သောပေါင်းစည်းစွမ်းအား (Well Organize) ဖြစ်အောင် နိုင်ငံတော်အစိုးရအနေဖြင့် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိသည်။ ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်းကြီး (YMBA) အနေဖြင့်လည်း အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာစောင့်ရှောက်ရေးနှင့် အမျိုးသား သွေးစည်းညီညွတ်ရေးကို တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်မှာ နိုင်ငံတော် အတွက် ဂုဏ်ယူဖွယ်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။