နှစ်နိုင်ငံပြည်သူများအကျိုးပိုမိုသယ်ပိုး

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်)

နှစ်နိုင်ငံပြည်သူများအကျိုးပိုမိုသယ်ပိုး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ကျင်းပသည့် ၂၀၂၄  ခုနှစ် ရွှေနဂါးတရုတ်နှစ်သစ်ကူးပွဲတော်သို့ တက်ရောက် ချီးမြှင့်ပြီးအမှာစကားပြောကြားရာတွင် “၂၀၂၄ ခုနှစ်သည် တရုတ်ရိုးရာအရ နဂါးနှစ်ဖြစ်ပါကြောင်း၊ နဂါးနှစ်သည် တရုတ်လူမျိုးတို့၏ ၁၂ နှစ်တွင် တစ်ကြိမ်သာကျရောက်သည့်အတွက် ကံကောင်းခြင်း၊ ကြွယ်ဝချမ်းသာ ခြင်း၊ ဘုန်းကံကြီးမားခြင်း၊ သြဇာကြီးခြင်း၊ စီးပွားလာဘ်လာဘများတိုးပွားခြင်းတို့ကို ကိုယ်စားပြုသည့်နှစ် ဟုသတ်မှတ်ယူဆကြပြီး ကြီးကျယ်ခမ်းနားသည့်ပွဲများနှင့် အရေးကြီးသည့် ဆုံးဖြတ်ချက်များကို ယခုနဂါးနှစ်အတွင်း ကျင်းပလေ့ရှိသည်ဟု သိရှိရပါကြောင်း” ထည့်သွင်းပြောကြား ခဲ့သည်။

တရုတ်-မြန်မာ  နှစ်နိုင်ငံဆက်ဆံရေးကို ပြန်ပြောင်းကြည့်မည်ဆိုပါက မြန်မာနိုင်ငံ၏ပျူခေတ်တွင် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့  တရုတ်နိုင်ငံကိုသွားရောက်ခဲ့သည့် သမိုင်းမှတ်တမ်းအထောက် အထားများတွေ့ရှိရသည်။ အဆိုပါအချက်များသည် ပျူခေတ်မတိုင်မီကတည်းက တရုတ်-မြန်မာ ဆက်ဆံရေး ခိုင်မာခဲ့သည်ကို အထင်အရှားတွေ့ရှိရခြင်းဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ၁ နှစ် နှင့် ၉ လခန့် အကြာတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်ထူထောင်ခဲ့သည့်အပေါ် မြန်မာနိုင်ငံအနေဖြင့် ပထမဦးဆုံး အသိအမှတ်ပြုခဲ့သကဲ့သို့ အဆိုပါအချိန်ကတည်းက တရုတ်တစ်နိုင်ငံတည်းဆိုသည့် မူဝါဒကိုသာကိုင်စွဲပြီး ယနေ့အချိန်အထိ ရပ်တည်လျက်ရှိသည့် ခိုင်မာသော အိမ်နီးချင်းနိုင်ငံတစ်ခုပင် ဖြစ်ပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတကြီး ရှီကျင့်ဖျင်၏ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်မှုများကိုလည်း  မြန်မာနိုင်ငံအနေဖြင့် အစောဆုံး ထောက်ခံပေးခဲ့သည်။ ရှေးအစဉ်အဆက် နိုင်ငံ့ခေါင်းဆောင်ကြီးများ၏ အမြော်အမြင်ကြီးစွာ တည်ဆောက်ခဲ့သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး(၅)ရပ်နှင့်အညီ မြန်မာ-တရုတ် နှစ်နိုင်ငံသည် အိမ်နီးချင်း ကောင်းပီသစွာ အပြန် အလှန်နားလည်မှုများနှင့် နေထိုင်ခဲ့ကြသည်။ ရံဖန်ရံခါတွေ့ကြုံရသည့်ပဋိပက္ခအချို့ကို နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူတို့၏ ငြိမ်းချမ်းစွာအဖြေရှာပြီး ခိုင်မာသည့်ဆက်ဆံရေးကို ထိန်းသိမ်းတည်ဆောက် နိုင်ခဲ့ကြသည်။

တရုတ်နိုင်ငံသည် မြန်မာ့အရေးနှင့်ပတ်သက်ပါက ခေတ်အဆက်ဆက် အိမ်နီးချင်းကောင်းဟူသည့် ဂုဏ်ပုဒ်အပြင် မိတ်ဆွေကောင်းဟူသည့် ခံယူချက်ဖြင့် ရပ်တည်ပေးခဲ့သည့် နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ ၏ပြည်တွင်းရေးရာကိစ္စရပ်များနှင့် ပတ်သက်ပြီး နိုင်ငံတကာစာမျက်နှာများတွင် မှန်ကန်သည့် လမ်းကြောင်းအတိုင်း ရပ်တည်ပေးလျက်ရှိနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တရုတ်လူမျိုးတို့၏ မိတ်ကောင်းဆွေမွန်ပီသမှုမှာ မြန်မာတို့အတွက် ဝမ်းသာဖွယ်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း လုံခြုံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါးတရားမဝင် ထုတ်လုပ်ရောင်းဝယ်မှုများ၊ လူကုန်ကူးမှုများ၊ အွန်လိုင်း လောင်းကစားမှုများနှင့် အွန်လိုင်းလိမ်လည်မှုများကို နှိမ်နင်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး  နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ၊ နယ်စပ် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လက်ရှိအခြေအနေထက် ပိုမိုတိုးတက် ကောင်း မွန်လာမည်ဟု ယုံကြည်ပါသည်။ ကမ္ဘာ့နိုင်ငံတိုင်းသည် မိမိနိုင်ငံလုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည်။ မြန်မာနိုင်ငံသည်လည်း ထို့အတူ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ နားလည်မှု၊ ယုံကြည်စိတ်ချရမှုများ ရရှိစေရေးအတွက်လည်း ဒေသအတွင်း၊ ဒေသအပြင်ဘက် အဖွဲ့အစည်းများ ဖွဲ့စည်းပြီး ကဏ္ဍစုံဖွံ့ဖြိုးရေးကို ကြိုးစားဆောင်ရွက်နေကြသည်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ၇ နှစ်ကျော်ကာလအတွင်း မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် နယ်ပယ် ပေါင်းစုံ တွင် စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်ပေး ခဲ့သောကြောင့် အဖွဲ့ဝင်နိုင်ငံများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူ ပြုလျက်ရှိသည်။

တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးကို အေးအတူပူအမျှ အသိုက်အဝန်းတစ်ခု အဖြစ် အတူယှဉ်တွဲနေထိုင်လျက်ရှိသောကြောင့် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စဉ်များတွင်လည်း  နှစ်နိုင်ငံအပြန်အလှန် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ သံလွင်၊ မဲခေါင်မြစ် နှစ်စင်းမှ အစပြုပြီး သဘာဝတောတောင်ရေမြေများစွာ ထိစပ်နေသည့် တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံတို့၏ ကောင်းမွန်သည့်ဆက်ဆံမှုများနှင့် တူညီသည့် ယဉ်ကျေးမှုများသည် ရေကိုသားသော် အကြားမထင် သကဲ့သို့ ဘယ်သူဖျက်ဖျက် ပျက်စီးမသွားဘဲ ခိုင်မာစွာ ဖြစ်တည်လျက်ရှိနေမည် ဖြစ်ပါသည်။

မြန်မာ-တရုတ်နှစ်နိုင်ငံသည် ရှေးဘုရင်များ လက်ထက်ကတည်းက ရွှေလမ်း၊ ငွေလမ်းဖောက်ပြီး နှစ်ပြည်ထောင် ချစ်ကြည်ရေးကို ခိုင်ခိုင်မြဲမြဲ တည်ဆောက်ခဲ့ကြသည်မှာ ယနေ့ထက်တိုင်ဖြစ်သဖြင့် ဆွေမျိုး ပေါက်ဖော်ရှိရင်းစွဲ သံယောဇဉ်တရား၊ မေတ္တာတရားများကို အဖိုးတန်အမွေကောင်းများအဖြစ် လက်ခံကျင့်သုံးပြီး အေးချမ်းသာယာသည့် လူမှုအသိုက်အဝန်းတစ်ခုကို လက်တွဲ ထူထောင်သွားကြရန် ဖြစ်ပါသည်။ အနှစ်ချုပ်ဆိုရသော် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မြဲ၍ နှစ်နိုင်ငံပြည်သူများ အကျိုး ပိုမိုသယ်ပိုးဆောင်ရွက် အောင်မြင်ပါစေကြောင်း ရေးသားလိုက်ရပေသည်။    ။

 

၁၉-၂-၂၀၂၄ သတင်းစာ