ဂုဏ်ယူဖွယ်ကောင်းသည့် နိုင်ငံ့တာဝန်

 

ဂုဏ်ယူဖွယ်ကောင်းသည့် နိုင်ငံ့တာဝန်

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးသည် မြန်မာတို့၏ အမျိုးသားရေးတာဝန်များဖြစ်သည်။ ထိုအမျိုးသားရေး တာဝန်များကို ထမ်းဆောင်ရန်ပျက်ကွက်ခဲ့သော် သို့တည်းမဟုတ် ထမ်းဆောင်မည့်သူ မရှိခဲ့သော် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့ ရေရှည်တည်တံ့ရန်ခက်ခဲပေလိမ့်မည်။ မြန်မာလူမျိုးဟုဆိုရာတွင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသောတိုင်းရင်းသားလူမျိုးများကို  ကိုယ်စားပြုထားသောအမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင်  တိုင်းရင်းသား လူမျိုးပေါင်းတစ်ရာကျော်နေထိုင်လျက်ရှိကြရာတွင် ထိုလူမျိုးများအားလုံးသည် နေရာဒေသတစ်ခုတွင် လူမျိုးတစ်မျိုးနေထိုင်သည် မဟုတ်ပေ။ နိုင်ငံနှင့်အဝန်းတိုင်းရင်းသားလူမျိုးများ ရောနှောနေထိုင်ကြခြင်း ဖြစ်သည်။ ထို့ကြောင့်ဒို့တာဝန်အရေးသုံးပါးသည် မည်သည့်အချိန်အခါမဆို လိုအပ်နေမည်သာဖြစ်သည်။

နိုင်ငံသားတိုင်းသည်  ဒို့တာဝန်အရေးသုံးပါးကို  စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေး အလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းခြင်း၊ အတည်ပြုခြင်း ဖြစ်ပါသည်။ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး မိဘပြည်သူများ သိသင့်သိထိုက်သည်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက နေ့စဉ်နီးပါးရှင်းလင်းပြောကြားချက်ပေးလျက်ရှိသည်။ ထို့ပြင် သတင်းမီဒီယာ များတွင်လည်း ကဗျာများ၊ ဆောင်းပါးများ ရေးသားကာ မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ထဲထဲဝင်ဝင် ဂဃနဏ သိအောင်ဆောင်ရွက်ပေးလျက်ရှိသည်။ မိမိနိုင်ငံကိုမိမိတို့ကာကွယ်ခြင်းသည် မွေးရာပါတာဝန်ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံချိန်တွင် လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ြဗြ နှင့်တွေ့ဆုံချိန်တွင်လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ပြည်ပနိုင်ငံများတွင်တာဝန်ထမ်းဆောင်နေသည့် မြန်မာနိုင်ငံ၏သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် တွေ့ဆုံချိန်တွင်လည်းကောင်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး  ပြည်သူများသိရှိအောင် ပြောကြားခဲ့ပြီးဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေတို့မှာ ယခင်ကတည်းက ပြဋ္ဌာန်းခဲ့သည့်ဥပဒေများ ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပ တ်သက်ပြီး တွက်ချက်ချင့်ချိန် ဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံအတွက်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်ရန်အတွက်  သတ်မှတ်အပိုင်းအခြား အတွင်းမှာ သင့်တင့်လျောက်ပတ်သည့် အင်အားသာ တာဝန်ထမ်းဆောင်ရန်ဖြစ်သည်။ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်သည်။

အရန်တပ်ဖွဲ့ဥပဒေနှင့် ပတ်သက်၍လည်း စစ်မှုထမ်းဟောင်းအားလုံးကို ပြန်လည်ခေါ်ယူမည်မဟုတ်ဘဲ ခေါ်သင့်ခေါ်ထိုက်သူများကိုသာ ပြန်လည်တာဝန်ပေးအပ်သွားမည်ဖြစ်သည်။ နိုင်ငံတစ်ခုဖွံ့ဖြိုး တိုးတက်ရန်အတွက် နိုင်ငံရေးစွမ်းအား၊ စီးပွားရေးစွမ်းအားနှင့်ကာကွယ်ရေးစွမ်းအားများ ကောင်းမွန်နေရန် လိုအပ်ပါသည်။ ထိုစွမ်းအားသုံးခုသည် တစ်ခုနှင့်တစ်ခုဆက်နွှယ်လျက်ရှိသည်။ အဓိကအားဖြင့် စီးပွားရေးစွမ်းအားက အဓိကဖြစ်သော်လည်း ကာကွယ်ရေးစွမ်းအားဖြစ်သည့်  တည်ငြိမ်အေးချမ်း၍  တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိမှသာ စီးပွားရေးကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။  နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်အတွက် လိုအပ်သည့်စွမ်းအားစုများကိုတည်ဆောက်ရာတွင် ဘက်ညီမျှစွာ ကျင့်သုံးနေခြင်းဖြစ်သည်။

ပြည်ပကသွေးထိုးမြှောက်ပင့်မွေးမြူထားသော ပြည်ဖျက်မီဒီယာများ၊ တချို့သော EAOs များက ကောလာဟလများထုတ်လွှင့်ပြီး ပြည်သူလူထုစီးပွားဘဝမငြိမ်မသက်ဖြစ်အောင်၊ ပြည်သူလူထုစိုးရိမ်ထိတ်လန့်မှုများဖြစ်အောင်လုပ်ဆောင်နေကြသည်။ နိုင်ငံအတွင်းမတည်မငြိမ်မှုဖြစ်နေမှသာ သူတို့အဖျက်လုပ်ရပ်များ လုပ်နိုင်မည်ဖြစ်သည်။ တစ်နိုင်ငံလုံးစည်းလုံးညီညွတ်စွာ တည်ငြိမ်အေးချမ်းနေမှုကို လုံးဝလိုလားသူများ မဟုတ်သည့်အတွက် ကောလာဟလအမျိုးမျိုး၊ သတင်းအတုသတင်းအမှားများကို အမြဲတမ်းထုတ်လွှင့်နေခြင်း ဖြစ်သည်။ ဤသည်ကိုနားယောင်၍လိုက်ပါလုပ်ဆောင်ခဲ့သည်ရှိသော် နစ်နာမည်မှာလိုက်ပါ လုပ်ဆောင်သူ များသာ ဖြစ်လိမ့်မည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နိုင်သော အကျုံးဝင်နိုင်သည့် အင်အားမှာ ၁၃ သန်းသာရှိသည်။ ဤသည်မှာ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ သိရှိထားခြင်းဖြစ်သည်။ အဆိုပါ ၁၃ သန်းတွင် အမျိုးသားအင်အားမှာ ၆ သန်းကျော်သာရှိသည်။ အမျိုးသားဦးရေ  ၆ သန်းထဲမှ တစ်ရာခိုင်နှုန်း ၆၀၀၀၀ နီးပါးခန့်သာ ခေါ်ယူမှာဖြစ်သည်။ ဤသည်မှာလည်း  အလှည့်ကျ ဆောင်ရွက်သွားမည်သာဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်သည့်နေရာတွင် အခြားနိုင်ငံ များမှာလည်း အလှည့်ကျအကျုံးဝင်သည့်အလျောက် တာဝန်ထမ်းဆောင်ရခြင်းဖြစ်သည်။ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ပြည်သူ့စစ်မှုထမ်းများကိုခေါ်ဆိုရာတွင် အမျိုးသမီးများကိုလတ်တလောခေါ်ယူရန်  အစီအစဉ်မရှိ သေးကြောင်း သိရှိရသည်။ အနှစ်ချုပ်ရသော် မိမိနိုင်ငံကို မိမိတို့အသက်အရွယ်အလိုက် ကာကွယ်ရသည်မှာ ဂုဏ်ယူဖွယ်ကောင်းသည့် နိုင်ငံ့တာဝန်တစ်ရပ် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။