ကုသိုလ်နှင့်ယှဉ်တွဲ တပို့တွဲလထမနဲပွဲ

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်)

ကုသိုလ်နှင့်ယှဉ်တွဲ တပို့တွဲလထမနဲပွဲ

မြန်မာတို့၏ဆယ့်နှစ်လရာသီတွင် တပို့တွဲလပြည့်နေ့ကို သြဝါဒပါတိမောက်အခါတော်နေ့အဖြစ် သိမှတ်ကြသည်။ ထိုနေ့အကြောင်းကို မှတ်တမ်းပြုရမည်ဆိုပါလျှင် ဗုဒ္ဓဘုရားရှင်ပွင့်တော်မူပြီးနောက် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပို့တွဲလပြည့်နေ့တွင် မဇ္ဈိမဒေသ မာဂဓတိုင်း ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်ကြီး၌ ပထမဆုံးအကြိမ် သံဃာ့အစည်းအဝေးကြီး ကျင်းပပါသည်။ အဆိုပါ အစည်းအဝေးကြီးသည် ဆီးနှင်းမြူတိမ် အသူရိန်မီးခိုး အညစ်အကြေး ငါးမျိုးကင်းစင်ကာ သန့်ရှင်း ကြည်လင်သည့် လပြည့်နေ့ဖြစ်ခြင်း၊ ကိလေသာအညစ်အကြေး ကင်းစင်သည့်ရဟန္တာကြီး ၁၂၅၀  ကို မဖိတ်ကြားဘဲစုဝေးမိခြင်း၊ အားလုံးသော ရဟန္တာများမှာ ဧဟိဘိက္ခူချည်းသာ ဖြစ်တော်မူခြင်း၊ အားလုံးသော ရဟန္တာကြီးများမှာ အဘိညာဉ်ခြောက်ပါးရတော်မူကြသည့် ဆဋ္ဌဘိည ရဟန္တာကြီးများ ဖြစ်ခြင်းဟူသော အင်္ဂါလေးပါးနှင့်ပြည့်စုံသော အစည်းအဝေးကြီး ဖြစ်ပါသည်။

မြတ်စွာဘုရားရှင်သည် အရှင်သာရိပုတ္တရာမထေရ်မြတ်ကို “ပထမအဂ္ဂသာဝက” အဖြစ်လည်းကောင်း၊ အရှင်မောဂ္ဂလာန်မထေရ်မြတ်ကို “ဒုတိယအဂ္ဂသာဝက” အဖြစ်လည်းကောင်းချီးမြှင့်အပ်နှင်းတော်မူကာ ဘုရားရှင်တိုင်းပြုမြဲဖြစ်သည့် တပည့်သားသံဃာတော်တို့အား သြဝါဒပေးတော်မူပါသည်။ ဘုရားရှင် အဆူဆူတို့၏ အဆုံးအမဖြစ်သော သြဝါဒပါတိမောက်သည် ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်လည်း ဖြစ်ပါသည်။ သီလ၊ သမာဓိ၊ ပညာတို့ကို ဟောကြားထားပြီး လိုက်နာကျင့်သုံးသူများမှာ ကိုယ်နှုတ်နှလုံး သုံးပါးလုံးယဉ်ကျေးလိမ္မာပြီး အိုခြင်း၊ နာခြင်း၊ သေခြင်းတို့ ကင်းရာမြတ်နိဗ္ဗာန်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။

မြတ်စွာဘုရားရှင်သည် သြဝါဒပါတိမောက်ကို ဂါထာသုံးဂါထာဖြင့် ဟောကြားတော်မူပါသည်။ ပထမ ဂါထာမှာ “ခန္တီ ပရမံ တပေါ တိတိက္ခာ၊ နိဗ္ဗာနံ ပရမံ ဝဓန္တိ ဗုဒ္ဓါ။ န ဟိ ပဗ္ဗဇိတော ပရူပ ဃာတိ၊ န သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။” သည်းခံမှု ခန္တီတရားသည် မြတ်သောအကျင့်တည်း။ နိဗ္ဗာန်ကို အလွန်မြတ်၏ဟု ဘုရားရှင်တို့ဟောတော်မူကုန်၏။ ရဟန်းဟူသည်သူတစ်ပါးကိုမညှဉ်းဆဲ၊ သူတစ်ပါးကို ညှဉ်းဆဲသော် ရဟန်းမဟုတ်ဟူ၍ ဖြစ်သည်။ ဒုတိယဂါထာမှာ “သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္မဒါ။ သစိတ္တ ပရိယောဒပနံ၊ ဧတံ ဗုဒ္ဓန သာသနံ။” မကောင်းမှုဟူသမျှကို မပြုရာ။ ကုသိုလ်နှင့် ပြည့်စုံစေရာ၏။ မိမိစိတ်ကို ဖြူစင်စေရာ၏။ ဤသည်တို့ကား ဘုရားရှင်တို့၏ အဆုံးအမတော်တည်း ဟူ၍ဖြစ်သည်။ တတိယဂါထာမှာ “အနုပဝါဒေါ အနုပဃာတော၊ ပါတိမောက္ခ စ သံဝရော။ မတ္တညုတာစ သတ္တသ္မိံ၊ ပန္တဉ္စ သယနာသနံ။ အဓိစိတ္တေ စအာယောဂေါ၊ ဧတံ ဗုဒ္ဓါနသာသနံ။” သူတစ်ပါးကိုမကဲ့ရဲ့ မစွပ်စွဲမညှဉ်းဆဲရာ။ ပါတိမောက် သံဝရသီလကို စောင့်ရှောက်ရာ၏။ စားဖွယ်၌ အတိုင်းအရှည်ကို သိရာ၏။ ဆိတ်ငြိမ်သော ကျောင်းအိမ်ရာနေရာသို့ ကပ်ရောက်နေထိုင်၍ ထူးမြတ်သောစိတ်၌ လွန်စွာ အားထုတ်ရာ၏။ ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

များစွာသော  သံဃာတော်အရှင်မြတ်များသည်  မြတ်ဘုရားဆီသို့ဦးညွှတ်၍  နားစိုက်တော်မူကြပါသည်။ မြတ်ဘုရားကိုယ်တော်မှ ခြောက်သွယ်သောရောင်ခြည်တော်တို့သည် တောတောင် ရေ မြေ နေ လ နက္ခတ်တာရာတို့ကို လွှမ်းမိုးကာ ရှိနေလေသည်။ ခြောက်မျိုးသော ရောင်ခြည်တော်များသည် စကြဝဠာ အနှံ့ပြန့်ပွား ပြေးသွားလေဘိသကဲ့သို့ မြတ်ဘုရားရှင် ဟောမြွက်သည့် သြဝါဒပါတိမောက်ဒေသနာကို အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အသံတော်ဖြင့် အကနိဋ္ဌဗြဟ္မာပြည်သို့တိုင်အောင်လျှံ၍ ညံ၍ရှိလေသည်။

တပို့တွဲလအချိန်အခါသည် ဆောင်းလည်းမပီ နွေလည်းမမည်သော ကာလဖြစ်သည်။ တဖွဲဖွဲကျဆင်း သော ငွေနှင်းမှုန်လေးများ ပြယ်စပြုလာကာ ကောင်းကင်တစ်ခွင်လုံး ဝင်းပကြည်လင်လျက်ရှိသည်။ တပို့တွဲလသည် ကောက်ဦးပေါ်ချိန်ဖြစ်၍ လဆန်းအချိန်မှ လပြည့်နေ့တိုင်အောင် နိုင်ငံအနှံ့အပြားတွင် ထမနဲထိုးပွဲများကို ကျင်းပလေ့ရှိကြသည်။ နှမ်းဆီနှင့် နှမ်းနိုင်နိုင်ထည့်ရသည်ကို အကြောင်းပြု၍ နှမ်းမနဲဟူ၍ လည်းအမည်တွင်သေးသည်။ တချို့ဒေသတွင် ယာဂုဟုခေါ်ကြသည်။ အများမတူသပ၊ သာဓုပွဲမဟာကို၊ ယာဂုထမနဲထိုးချိန်အခါကျမှ ပျော်စရာကောင်းလှကြောင်း ရှေးစာဆိုများက ဖွဲ့ဆိုကြ သည်။

ယနေ့ခေတ်ကာလတွင် တပို့တွဲလဟုဆိုလိုက်သည်နှင့် ထမနဲဟူသော ဝေါဟာရနှင့် ဆက်စပ်သိမြင် ကြသည်။ ထမနဲသည် တပို့တွဲလနှင့် လိုက်ဖက်သော စားဖွယ်ဖြစ်သည်။ တပို့တွဲလတွင် ထမနဲပွဲများကို ပျော်ပျော်ပါးပါး ကျင်းပသည့် အစဉ်အလာရှိပါသည်။ ဒယ်အိုးကြီးများတွင် ကောက်ညှင်း၊ မြေပဲ၊ ဆီ စသည်ဖြင့် ထမနဲအတွက်လိုအပ်သော ပစ္စည်းများကို အချိုးကျထည့်ကာ အားကောင်းမောင်းသန် ယောကျ်ားကြီးများက အားသွန်ခွန်စိုက် ယောက်မကြီးများဖြင့်မွှေကာ ထမနဲထိုးကြသည့်မြင်ကွင်းသည် ရိုးရာထမနဲပွဲ၏ မြင်ကွင်းသရုပ်ဖြစ်သည်။ ကျောင်းများ၊ ရုံးများ၊ အသင်းအဖွဲ့များတွင် ထမနဲထိုး ပြိုင်ပွဲများကို တပျော်တပါး ကျင်းပသည်။ အကဲဖြတ်ဒိုင်များဖြင့် အမှတ်ပေးကာ ဆုရွေးချယ် ချီးမြှင့်ပေး သည့်အတွက် အလွန်ပျော်စရာကောင်းလှသည်။ ထမနဲများကို ဘုရားအားကပ်လှူခြင်း၊ အများ ပရိသတ်အား ဝေငှခြင်းတို့သည်ကား ကုသိုလ်ပွားများခြင်း ဖြစ်သည်။ မြန်မာတို့၏ စည်းလုံး ညီညွတ်ခြင်းနှင့် ကုသိုလ်ယူသည့် ပျော်စရာပွဲဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။