တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်)

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) တွင် “ကုန်သွယ်ရေး၊ စီးပွားရေးအပြင် လုံခြုံရေးအတွက်လည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး တရားမဝင်ကုန်သွယ်မှုများမှ တစ်ဆင့် လက်နက်ကိုင် အကြမ်းဖက်သမားများထံသို့ ငွေကြေးများစီးဆင်းမှုများဖြစ်ပေါ်စေပြီး ၎င်းမှတစ်ဆင့် လုံခြုံရေးအရထိခိုက်မှုများ ကိုဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုများ အား ထိထိရောက်ရောက် ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားရန်လိုကြောင်း” ထည့်သွင်းဆွေးနွေး ခဲ့ပါသည်။

တရားမဝင်ကုန်သွယ်မှုများနှင့် ပတ်သက်ပြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးနိုင်ငံဖြတ်ကျော် မဟာ မိတ်အဖွဲ့၏ဖော်ပြချက်တွင် တရားမဝင်ကုန်သွယ်မှု ဆောင်ရွက်ချက်များသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးပန်းတိုင်များကို အောင်မြင်အောင်ဆောင်ရွက်ရာ၌ သိသာစွာထိခိုက်မှုရှိနေသည်။ အထူးသဖြင့် တရားဝင်စီးပွားရေးလုပ်ငန်းများ၊ အစိုးရ၏အရေးကြီးသော ပြည်သူ့ဝန်ဆောင်မှု အခန်း ကဏ္ဍများအတွက် ရင်းနှီးမြှုပ်နှံမှုမှရရှိသည့် အခွန်အခများ၊ ထောင်ပေါင်းများစွာသော တရားဝင် အလုပ်အကိုင်အခွင့်အလမ်း များ၊ဂေဟစနစ်နှင့် လူ့အသက်အိုးအိမ်စည်းစိမ်များအပေါ် ထိခိုက် နစ်နာစေခြင်း များကို ဖြစ်ပေါ်စေနိုင်ပါသည်။

တရားမဝင်ကုန်သွယ်မှုများကြောင့် တိုက်ရိုက်ဆိုးကျိုးသက်ရောက်မှုနှင့် သွယ်ဝိုက်ဆိုးကျိုး သက်ရောက် မှု(၂) ပိုင်းတွေ့ရှိရသည်။ တိုက်ရိုက်ဆိုးကျိုး သက်ရောက်မှုများအနေဖြင့် စီးပွားရေးကဏ္ဍများစွာ၏ ကုန်ထုတ် စွမ်းအားနှင့် အမြတ်အစွန်းများကို ပျက်ပြားစေခြင်း၊ နှစ်စဉ်တရားဝင် စီးပွားရေးမှဝင်ငွေများ ဆုတ်ယုတ်စေခြင်း၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကိုထိခိုက်စေခြင်း၊ တရားမဝင်ကုန်သွယ်မှုမှ တရား မမျှတသည့် ယှဉ်ပြိုင်မှုကြောင့် တရားဝင်စီးပွားရေး လုပ်ငန်းများ၏ထုတ်လုပ်မှု၊ ရောင်းချမှု၊ တင်သွင်းမှု စသည်များကို လျော့ကျလာစေပြီး တရားဝင်လုပ်ငန်းများ၏ အလုပ်အကိုင်များ ဖန်တီးနိုင်မှုနှင့် အခွန်ပေးဆောင်နိုင်မှုတို့ကို ပျက်ပြားစေခြင်း၊ အစိုးရ၏ အခွန်ဝင်ငွေရရှိမှုများ ကျဆင်းခြင်းကြောင့် အများပြည်သူအတွက် ရင်းနှီးမြှုပ်နှံမှုများကို လျော့ကျစေပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပြင်းထန်စွာ ဆိုးကျိုးသက်ရောက်စေခြင်း၊ တရားမဝင်ကုန်သွယ်မှုနှင့်ဆက်နွှယ်ပြီး ရာဇဝတ်မှု ကျူးလွန်သည့် ဂိုဏ်းများ တိုးပွားလာစေခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း စသည်ဖြင့် ဖော်ပြထားသည်။

သွယ်ဝိုက်ဆိုးကျိုးများမှာ တရားမဝင်သည့် ငါးဖမ်းဆီးမှုများကြောင့် ငါးသယံဇာတများ ပြုန်းတီးခြင်းနှင့် အဆိုပါ ရင်းမြစ်များအပေါ် မှီခိုအားထား အသက်မွေးဝမ်းကျောင်းပြုကြသူများအတွက် စီးပွားရေးနှင့် အလုပ် အကိုင်အခွင့်အလမ်းများ ခြိမ်းခြောက်ခံရခြင်း၊ တရားမဝင်ငါးဖမ်းလှေများတွင် လူဆိုးဂိုဏ်းများ ၏ အတင်းအကျပ် စေခိုင်းမှုများခံရခြင်း၊ တရားမဝင်သစ်ခုတ်ခြင်းနှင့် သစ်ကုန်သွယ်မှုများကြောင့် သစ်တောများနှင့် တိရစ္ဆာန်များ၏ ဂေဟစနစ်များပျက်စီးပြီး ခရီးသွားလုပ်ငန်းကဏ္ဍမှ အလုပ်အကိုင်များ ကို ခြိမ်းခြောက်ခံရခြင်း၊ သစ်တောများကိုမှီတင်းနေထိုင်သည့် လူမှုအသိုက်အဝန်းနှင့် တိရစ္ဆာန်များ အတွက် ခြိမ်းခြောက်ခံရခြင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ပိုးသတ်ဆေးအတုအပများ အသုံးပြုမှုကြောင့် စီးပွားရေးအရ ပျက်စီးဆုံးရှုံးခြင်းနှင့် ရေရှည်တွင် သဘာဝပတ်ဝန်းကျင်အရည်အသွေး လျင်မြန်စွာ ကျဆင်းလာခြင်းတို့ကို တွေ့ရှိရသည်။

တရားမဝင်ကုန်စည်များကြောင့် ကုန်စည်အတုအပများ ဈေးကွက်အတွင်းများပြားလာပါက စားသုံးသူ များအနေဖြင့် ယုံကြည်မှု ပျောက်ဆုံးလာမည်ဖြစ်သည်။ တရားမဝင်ကုန်သွယ်မှု၏ ၆၀ ရာခိုင်နှုန်း ခန့်သည် မှောင်ခိုကုန်သွယ်မှုဖြစ်ပြီး ၃၀ ရာခိုင်နှုန်းခန့်က ကျသင့်တန်ဖိုးအောက်ဖော်ပြ၍ ကုန်သွယ်မှု ဆောင်ရွက်ခြင်းနှင့် ၁၀ ရာခိုင်နှုန်းသည် တရားဝင်၊ တရားမဝင် အပြိုင်တင်သွင်းမှုတို့ဖြစ်သည်။ တရားမဝင် ကုန်သွယ်မှုကြောင့် နောက်ဆက်တွဲဆုံးရှုံးမှုများအနေဖြင့် အဂတိလိုက်စားမှုများကို ဖြစ်ပေါ် စေသည်။ အမှန်တကယ်လုပ်နေသူများကိုထိခိုက်နစ်နာစေသည်။ နိုင်ငံ့အတွက် အခွန်ဘဏ္ဍာများ မရရှိသောကြောင့် နိုင်ငံ့ဝင်ငွေများ အကြီးအကျယ် ဆုံးရှုံးသည်။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ကျင်းပ သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) တွင် အမှာစကားပြောကြားစဉ် “တရားမဝင်ကုန်သွယ်မှုများ ချဲ့ထွင်ခြင်းနှင့်ပတ်သက်ပြီး  တရားမဝင် ကုန်သွယ်မှုများကြောင့် ထိခိုက်ဆုံးရှုံးမှုမှာ ခန့်မှန်းခြေအားဖြင့် ကမ္ဘာလုံးဆိုင်ရာ  GDP ၏ ၈ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအကြားတွင်ရှိကြောင်း၊ တရားမဝင်ကုန်သွယ်မှုများမှ ရရှိလာသည့် အမြတ်ငွေ ဒေါ်လာဘီလီယံပေါင်းများစွာကို အခြားသော တရားမဝင်လုပ်ငန်းများတွင် ပြန်လည် ရင်းနှီးမြှုပ်နှံခြင်း ဖြင့် လူ့အသိုင်းအဝိုင်း၏ စီးပွားရေးလုပ်ငန်းများအကြား မတည်ငြိမ်မှုများ ပိုမိုဖြစ်ပေါ်လာပြီး အဆိုးရွားဆုံးအဖြစ် နိုင်ငံတော်၏ကမ္ဘာ လုံးဆိုင်ရာ လုံခြုံရေးကိုခြိမ်းခြောက်သည့် အကြမ်းဖက် ငွေကြေးထောက်ပံ့မှုများကိုလည်း ပေါ်ပေါက်လာစေ ကြောင်းဖြင့် ဖော်ပြထားသည်ကို တွေ့ရှိရပါ ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။ ထို့ကြောင့် တရားမဝင် ကုန်သွယ်မှုများကို တိုက်ဖျက်သည့် လုပ်ငန်းများအား “အမျိုးသားရေးတာဝန်” အဖြစ်သတ်မှတ်ပြီး ဝိုင်းဝန်း ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။

၂၀-၂-၂၀၂၄ မြဝတီသတင်းစာ...