တားဆီးကာကွယ် မီဒီယာအဆိပ်သင့်အန္တရာယ်

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်)

တားဆီးကာကွယ် မီဒီယာအဆိပ်သင့်အန္တရာယ်

ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်ပေရာ လူငယ်များအနေဖြင့် နည်းပညာနှင့်နေ့စဉ်ထိတွေ့ ဆက်သွယ် ဆက်ဆံနေကြရသည်။ နည်းပညာခေတ်တွင် သတင်းများသည် အကန့်အသတ်မရှိထွက်ပေါ် လာလျက်ရှိသည်။ အချို့သောသတင်းမီဒီယာများသည် နိုင်ငံကိုအမှောင်ထဲသို့ကျအောင် ချောက်ချလျက် ရှိသည်။ သတင်းတု၊ သတင်းအမှားများကြောင့် မလိုလားအပ်သည့် ပြဿနာများဖြစ်ပေါ်လျက်ရှိသည်။ သတင်းမှားများကို ခွဲခြားသိရှိရှောင်ရှားပြီး သတင်းမှန်များကို ကောင်းမွန်စွာ အသုံးချတတ်မည်ဆိုပါက မိမိတို့ နေ့စဉ်လူမှုဘဝအတွက် များစွာအကျိုးကျေးဇူးရှိမည် ဖြစ်သည်။

အချို့သောသတင်းများသည် စိတ်ခံစားမှုကို အခြေမခံသင့်ဘဲ ဦးနှောက်နှင့် ချင့်ချိန်စဉ်းစားသင့်ပေသည်။ စိတ်ခံစားမှုများလာပါက အမှားကိုအမှန်ထင်တတ်သည်။ နိုင်ငံတော်၏ ဆောင်ရွက်ချက်များကို သိရှိ နားလည်စေရန်အတွက် မီဒီယာအခန်းကဏ္ဍသည် များစွာအရေးပါလှသည်။ လူငယ်များသည် နောင် အနာဂတ်အတွက် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ရမည့်သူများ ဖြစ်သည်။ ထို့ကြောင့် နိုင်ငံ့တာဝန်ကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြရမည့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်မောင်မယ် များအနေဖြင့် အတွေးအခေါ်မမှားရန်နှင့် လမ်းမှားမရောက်စေရန် အလွန်အရေးကြီးလှသည်။ အတွေး အခေါ်အမြော်အမြင်နှင့် ပြည့်စုံသည့်လူငယ်များဖြစ်ရန်မှာ ပညာရေး၏ အခန်းကဏ္ဍသည် များစွာ အရေးကြီးပါသည်။

လူငယ်ကဏ္ဍသည် အရေးကြီးသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်အနေဖြင့်လည်း လူငယ်ကဏ္ဍကို အလေးထားပြီး မြှင့်တင်ပေးလျက်ရှိသည်။ ယနေ့ မြန်မာနိုင်ငံတွင် အချို့လူငယ်များသည် အတွေးအခေါ်အယူအဆများ လွဲမှားနေသည့်အတွက် လမ်းမှား သို့ ရောက်ရှိနေကြသည်။ လမ်းမှားသို့ရောက်ရှိသွားသော လူငယ်အများစုအနေဖြင့် မိမိတို့၏မိဘများ၊ ဆွေမျိုးညီအစ်ကိုမောင်နှမများနှင့် အဆက်အသွယ်ပြတ်တောက်ကာ နောက်ဆုံးတွင် အကျည်းတန်၊ အကျိုးမဲ့စွာ အသက်ဆုံးရှုံးသွားကြရသည်။ လူငယ်တို့မှာ မိမိတို့လုပ်ရပ်မှားမှန်းသိသော်လည်း အကြမ်းဖက် သောင်းကျန်းသူနယ်ပယ်မှ ပြန်လည်ထွက်ခွာရန် အခြေအနေကောင်းကို မရရှိတော့။ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား နိုင်ငံတော်အစိုးရနှင့် တပ်မတော်က နွေးထွေးစွာကြိုဆိုခြင်း၊ ကောင်းမွန်စနစ်ကျစွာ မိဘရပ်ထံပြန်လည်အပ်နှံပေးခြင်း စသော သတင်း ကောင်းများကို ပြည်ဖျက်မီဒီယာများ ဖော်ပြပေးခြင်း လုံးဝမရှိပေ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များ အနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးကို အလေးထားလုပ်ဆောင်နေသည်မှာ လူငယ်တို့ မျက်မြင် ကိုယ်တွေ့ဖြစ်သည်။ လူငယ်များမှာ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ကြရမည့်သူများဖြစ်သည့်အတွက် မီဒီယာအဆိပ်သင့်မှု အန္တရာယ်ကို ရှောင်ရှားနိုင်ရန်လိုအပ်သည်။ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာဘွဲ့အသီးသီးရရှိပြီး နိုင်ငံ့တာဝန်ထမ်းဆောင်ချိန်တွင် နိုင်ငံ့အရေးကို ပါဝင်ဆောင်ရွက် ကြရသည့်အခါ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၏ အရေးကြီးပုံကို သိရှိနားလည်ကြရမည် ဖြစ်သည်။ အဆိပ်သင့်မီဒီယာတို့၏ ဖြိုခွဲမှုတွင်ပြည်ထောင်စု ပြိုကွဲရေးလုပ်ဆောင်နေသည်ကိုလည်း သတိပြု ရမည်ဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူတိုင်းက မိမိတို့၏ ပညာရေးလမ်းကြောင်းတွင် အနှောင့်အယှက်ဖြစ်စေမည့် သတင်းတု၊ သတင်းမှား မီဒီယာများ၏ အန္တရာယ်ကိုရှောင်ရှားနိုင်မှသာ မိမိတို့၏အနာဂတ်၊ မိမိနိုင်ငံတော်၏ အနာဂတ်သာယာလှပနေမည် ဖြစ်သည်။ နိုင်ငံတော်ကိုကောင်းမွန်အောင်၊ တည်ငြိမ်ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ရာတွင် မီဒီယာတို့၏ အခန်းကဏ္ဍသည် အရေးပါလှသည့် အတွက် စတုတ္ထမဏ္ဍိုင်ဟု သတ်မှတ်ထားခြင်းဖြစ်သည်။ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဟူသော မဏ္ဍိုင်သုံးရပ်ဖြင့် လုပ်ဆောင်နေခြင်း ဖြစ်သည်။ အဆိုပါ မဏ္ဍိုင်သုံးရပ်ဖြောင့်မတ် တည်ကြည်စွာ လျှောက်လှမ်းနိုင်ရေးကို စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာက ထိန်းကျောင်းပေးရမည် ဖြစ်သည်။

မြန်မာနိုင်ငံပျက်စီးရေးလမ်းကြောင်းသို့ ရောက်ရှိစေရန်အတွက် ပြည်ပနိုင်ငံအချို့မှမြှောက်ပင့် ထား သည့် ပြည်ဖျက်မီဒီယာများသည် သတင်းတု၊ သတင်းမှားကို စဉ်ဆက်မပြတ် ထုတ်လွှင့်လျက်ရှိသည်။  အကြမ်းဖက် သောင်းကျန်းသူများ၏ အဖျက်လုပ်ရပ်များကိုမူ သိလျက်နှင့်တမင်ထိမ်ချန်ထားကြသည်။ နိုင်ငံပျက်စီးအောင် လုပ်ဆောင်နေသည်ကို လူငယ်တိုင်းကမြင်အောင်ကြည့်၍ သိအောင်ကြိုးစားကြ ရမည်ဖြစ်သည်။ အကြမ်းဖက်သောင်းကျန်းသူတို့၏ အဖျက်လုပ်ရပ်လုပ်ဆောင်နေသမျှကို လုံခြုံရေး တပ်ဖွဲ့ဝင်များက လုပ်ဆောင်နေခြင်းမျိုး  သတင်းအမှားများကို ထုတ်လွှင့်နေသည်မှာ သတင်းမီဒီယာ ကျင့်ဝတ်နှင့်မညီသလို လူမှုဝတ္တရားများနှင့် မညီလှပေ။ သူခိုးကိုဓားရိုးကမ်းသည့်ပမာ အကြမ်းဖက် အားပေးမီဒီယာများမှာ တိုင်းပြည်နှင့်လူမျိုးကို ဖျက်ဆီးနေသူများ ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်၏ အဖိုးတန်ရတနာများဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံတော်က အားကိုးအားထားပြုထိုက်သည့် နိုင်ငံ့သားကောင်းရတနာဖြစ်အောင် ကြိုးစားကြရာတွင် မီဒီယာ အဆိပ်သင့်မှု အန္တရာယ်ကိုလည်း အထူးသတိပြု ကာကွယ်နိုင်ကြရန်ဖြစ်ကြောင်း ရေးသားလိုက်ရ ပေသည်။   ။