ငွေကြေးလိမ်လည်မှုများ ဝိုင်းဝန်းတိုက်ဖျက်

 

ငွေကြေးလိမ်လည်မှုများ ဝိုင်းဝန်းတိုက်ဖျက်

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်)

    နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူတို့၏ ကောင်းကျိုးစီးပွားကို ပျက်စီးစေမည့် လုပ်ရပ်မှန်သမျှကို ထိရောက်စွာတားဆီး ကာကွယ်ပေးလျက်ရှိသည်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ထုတ် သတင်းစာများတွင် တရားမဝင် အွန်လိုင်းလောင်း ကစားဂိမ်းများနှင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်နေသည့် ထိုင်းနိုင်ငံသူ၊ နိုင်ငံသား ၁၄၈ ဦး၊ တရုတ်နိုင်ငံသား တစ်ဦးနှင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသား ၅၄၀ ဦး စုစုပေါင်း ၆၈၉ ဦးတို့အား ဖမ်းဆီးရမိသတင်းနှင့် Mashala Tech Co.,Ltd.  အမည်ရှိ အွန်လိုင်းချေးငွေလုပ်ငန်းဖြင့် အများပြည်သူများထံမှ ကုပ်သွေးစုပ်ငွေကြေး အမြတ်ထုတ်လိမ်လည် လုပ်ကိုင်နေသည့်အဖွဲ့အား ဖမ်းဆီးရမိ သတင်းနှစ်ပုဒ်ကို ဖော်ပြထားသည်။

ထိုသတင်းများသည် အများပြည်သူအတွက် အလွန်တန်ဖိုးရှိလှသည်။ ပထမသတင်းမှာ တာချီလိတ်မြို့၌ ဖမ်းဆီးရမိခြင်းဖြစ်ပြီး ဒုတိယသတင်းမှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ သတင်းနှစ်ခုလုံးမှာ အွန်လိုင်းမှနည်းလမ်း မျိုးစုံသုံး၍ လိမ်လည်မှုများပင်ဖြစ်သည်။ ပြည်သူများအားအွန်လိုင်းမှတစ်ဆင့်  အတိုးနှုန်းမြင့်မားစွာ ချေးငွေပေးခြင်းများ ပြုလုပ်၍ ၎င်းချေးငွေများအား အမြန်ဆုံး ပြန်လည်ပေးသွင်းစေခြင်း၊ ပေးသွင်းခြင်း မရှိပါက အဆိုပါချေးငွေရယူစဉ် နည်းပညာ အသုံးပြု၍ ၎င်းတို့ရယူထားသည့် အချက်အလက်များကို အသုံးချကာ ခြိမ်းခြောက်ငွေတောင်းခံခြင်း ပြုလုပ်လျက်ရှိသည်။

ငွေကြေးလိမ်လည်သူများ အနေဖြင့်  အဖွဲ့များဖွဲ့၍ နည်းလမ်းမျိုးစုံဖြင့် ငွေကြေးအမြတ်ထုတ်လျက် ရှိရာ အများပြည်သူများ သတိပြုနိုင်စေရေးအတွက် ဖြစ်စဉ်တစ်ခုကို ဖော်ပြလိုပါသည်။ အသေးစား စားသောက်ကုန် ဖြန့်ချိရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးထံသို့ ငွေကြေးလိမ်လည်သူများ အနေဖြင့် Delivery Service အသွင်ဖုန်းဖြင့် ဆက်သွယ်၍ ၎င်းတို့ Service အား စမ်းသပ်အသုံးပြုရန် ဆက်သွယ်ခဲ့သည်။ ထို့နောက် ဖုန်းဖြင့် ဆက်သွယ်ခြင်း၊ Viber မှ Video Call  ခေါ်ဆိုခြင်းများ ပြုလုပ်ပြီး ယုံကြည်မှုရှိစေရန် ဆောင်ရွက်ကာ လုပ်ငန်းနှင့် ပတ်သက်၍ စာချုပ်ချုပ်ဆိုခြင်း၊ လျှောက်လွှာတင်ခြင်းများ ဆောင်ရွက်ရန် အတွက် Application  တစ်ခုအား Download ပြုလုပ်စေခဲ့ပြီး Permission  များ တောင်းသည့်အခါတွင် Allowed ၊ Accept များ ပြုလုပ်စေကာ လုပ်ငန်းရှင်ဖြစ်သူ၏ ဖုန်းအတွင်းမှ အချက်အလက်များ အားလုံးကို နည်းပညာဖြင့် Hack ၍ တရားမဝင် ရယူသွားခဲ့သည်။

ထိုသို့ဆောင်ရွက်ပြီး ရက်ပိုင်းအတွင်း၌ လုပ်ငန်းရှင်ဖြစ်သူ၏ K Pay အတွင်းသို့ အကြောင်းတစ်စုံတစ်ရာ မရှိဘဲ ငွေပမာဏတူ ငွေလွှဲခြောက်ကြိမ် ရောက်ရှိလာခဲ့ပြီး ဖုန်းနံပါတ်တစ်ခုဖြင့် ဆက်သွယ်ကာ ဖုန်းနံပါတ်လွဲမှား၍ ငွေပေးပို့မိသည့် အသွင်ဖြင့်ပြောဆို၍ ငွေများအား ပြန်လည်လွှဲစေခဲ့သည်။ ထိုသို့ဖြစ်ပေါ်ခဲ့ပြီး တစ်ပတ်ခန့်အကြာတွင်  ဖုန်းနံပါတ်မျိုးစုံဖြင့် ဆက်သွယ်၍ ၎င်းတို့ထံမှ ရယူထားသည့် အွန်လိုင်းချေးငွေများအား ပြန်လည်ပေးဆပ်ရန် ဆက်တိုက် ပြောဆိုခဲ့သောကြောင့် လုပ်ငန်းရှင်က ၎င်းအနေဖြင့်မည်သည့် ချေးငွေမျှရယူထားခြင်း မရှိကြောင်း၊ မသိကြောင်းပြောဆိုခဲ့သည်။ ထိုအခါ လိမ်လည်သူများက ဆဲဆိုခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ပြီး လုပ်ငန်းရှင်ကိုသာမက ၎င်းတို့တရားမဝင် ရယူထားသည့် လုပ်ငန်းရှင်၏ Contact အတွင်းမှ ဆွေမျိုးသားချင်းများ၊ လုပ်ဖော်ကိုင်ဖက်များထံသို့လည်း ဆက်သွယ်ကာ အရှက်ခွဲခြင်းများ၊ သိက္ခာချခြင်းများ ပြုလုပ်လာခဲ့သည်။

အလိမ်ခံရသူ လုပ်ငန်းရှင်အနေဖြင့် ချေးယူထားခြင်းမရှိသည့် ငွေကြေးပမာဏ တစ်ခုအား မတတ်သာတော့သဖြင့် လွှဲပေးလိုက်ရသည်။

လိမ်လည်သူများမှာ ဤမျှနှင့်ကျေနပ်ခြင်းမရှိသေးဘဲ Viber မှတစ်ဆင့် Video Cal ခေါ်ထားသည့် ပုံများ၊ ဖုန်းအတွင်းမှ ကိုယ်ရေးကိုယ်တာပုံများ၊ မှတ်ပုံတင်များဖြင့် ခြိမ်းခြောက်၍ ငွေကြေးပမာဏ တစ်ခုအား ထပ်မံခြိမ်းခြောက် တောင်းဆိုပြန်သည်။ လုပ်ငန်းရှင်က မပေးသည့်အခါ လုပ်ငန်းရှင်၏  Contact အတွင်းမှ ဆွေမျိုးသားချင်းများ၊ လုပ်ဖော်ကိုင်ဖက်များထံသို့ ဆက်သွယ် အရှက်ခွဲခြင်းသာမက လူမှုကွန်ရက် စာမျက်နှာများ၌ လုပ်ငန်းရှင်၏ ဓာတ်ပုံများ၊ ဖုန်းနံပါတ်များ၊ မှတ်ပုံတင်များတင်၍ အကြမ်းဖက် PDF  ဖြစ်ကြောင်း စသည့်နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့သည်။

မိဘပြည်သူများ အနေဖြင့် ငွေကြေးလိမ်လည်မှုများ ပပျောက်စေရေးအတွက် မိမိတို့ပတ်ဝန်းကျင်တွင် အထက်ပါ ဖြစ်စဉ်များကဲ့သို့ ငွေကြေးနှင့် ပတ်သက်သည့် မသင်္ကာဖွယ်ရာ အပြုအမူများနှင့် လိမ်လည်လုပ်ဆောင်နေသည်ဟု ယူဆရမှုများ တွေ့ရှိရပါက သို့တည်းမဟုတ် သတင်းရရှိပါက တာဝန်ရှိသူများထံသို့ အမြန်ဆုံး အကြောင်းကြားခြင်းဖြင့် ပူးပေါင်းပါဝင် တိုက်ဖျက်ကြရမည်ဖြစ်သည်။ မိမိတို့၏ ဖုန်းအတွင်းသို့ မိမိတို့နှင့် သိကျွမ်းဖူးခြင်းမရှိသူများ၊ အဆက်အစပ် မရှိသူများကွ Wave Money ဖြင့် ငွေကြေးများစွာ လွှဲပို့ထားပြီး သင်ဟာကံထူးပါသည်။ Wave Money မှ ငွေပြောင်းလဲရယူလိုပါက ဖုန်းခေါ်ဆိုပေးပါဟုဆိုကာ ဖုန်းနံပါတ် ပေးလာပါလိမ့်မည်။ ထိုသို့လုပ်ဆောင်လာပါက အဆက်အသွယ် ပြန်မလုပ်ဘဲ သက်ဆိုင်ရာသို့ သတင်းပေး တိုင်ကြားရန်ဖြစ်ပါသည်။ ဆက်သွယ်ရေး နည်းပညာများတိုး တက်မြင့်မားလာသည်နှင့်အမျှ လူသားတို့အတွက် ကောင်းကျိုးများကို ရရှိခဲ့ကြသကဲ့သို့ မကောင်းမှုနှင့် လိမ်ညာလှည့်ဖြားမှုများလည်း တိုးတက်ဖြစ်ပေါ်လျက် ရှိသည်။ အွန်လိုင်းပေါ်တွင် လောင်းကစားမှုမှအစ လူကုန်ကူးမှု၊ သတင်းတုသတင်းမှား မျှဝေမှု၊ အယောင်ဆောင် ငွေကြေးအကျိုးအမြတ် ရှာဖွေမှု စသည့်လိမ်ညာ လှည့်ဖြားမှုမကောင်းမှုမျိုးစုံတို့ ပြုလုပ်နေကြသည်ကို အထူးသတိပြု ရှောင်ရှားကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။