သမိုင်းတွင်သော စစ်အင်ဂျင်နီယာ

 

သမိုင်းတွင်သော စစ်အင်ဂျင်နီယာ

 

အယ်ဒီတာ့အာဘော်              

(၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၉ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် (၇၅)နှစ်မြောက် စိန်ရတုအင်ဂျင်နီယာ တပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်၍ ဂုဏ်ပြုအမှာစကား ပြောကြားစဉ် “ခေတ်အဆက်ဆက် စစ်အင်ဂျင်နီယာတပ်ဖွဲ့၏ စွမ်းဆောင်မှုများကို ကြည့်မည်ဆိုပါက လွတ်လပ်ရေး ရပြီးချိန်ကစပြီး ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေး စစ်ဆင်ရေးများတွင် စစ်အင်ဂျင်နီယာ တပ်ဖွဲ့အနေဖြင့် စစ်မြေပြင်အင်ဂျင်နီယာ အကူပေးတာဝန်များအပြင် ခြေလျင်တပ် များနှင့်အတူ ရဲဝံ့စွန့်စားစွာ ပါဝင်တိုက်ပွဲဝင်ခဲ့ကြကြောင်း၊ စစ်အင်ဂျင်နီယာ တပ်ဖွဲ့မှအရာရှိ၊ စစ်သည်များသည် ၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံတော် တည်ဆောက်ရေးအတွက် ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သကဲ့သို့ နယ်စပ်ဒေသများတွင်လည်း လမ်းဖောက်ခြင်း၊ တံတားများ တည်ဆောက်ခြင်းနှင့် တပ်မတော်အတွက်မရှိမဖြစ် လိုအပ်သည့် အခြေခံအဆောက်အအုံများ တည်ဆောက်ပေးခြင်းစသည့် အင်ဂျင်နီယာပိုင်းဆိုင်ရာ လုပ်ငန်းများကို ထမ်းဆောင်ခဲ့ကြကြောင်း” ထည့်သွင်း ပြောကြားခဲ့ပါသည်။

မြန်မာ့တပ်မတော် စတင်ဖွဲ့စည်းခဲ့သည့် အချိန်ကတည်းက တပ်မတော်၏ အစိတ်အပိုင်းတစ်ခုအဖြစ် စစ်အင်ဂျင်နီယာတပ်ဖွဲ့ ပါဝင်ခဲ့သည်။   စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များအနေဖြင့်   တပ်မတော်စတင် တည်ထောင်ချိန်မှ ယနေ့ကာလအထိ ပေးအပ်လာသည့် ရည်မှန်းချက်တာဝန်များအပေါ် “ရွေ့လျားနိုင်ရန် (TO MOVE)၊ တိုက်ခိုက်နိုင်ရန် (TO FIGHT)၊ နေထိုင်နိုင်ရန် (TO LIVE)” ဆိုသည့် အင်ဂျင်နီယာ တပ်ဖွဲ့၏ ဆောင်ပုဒ်နှင့်အညီ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကောင်းဆုံးကျေပွန်အောင် စွမ်းဆောင်ခဲ့ကြသည်ကို နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်က အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။ စစ်အင်ဂျင်နီယာ တပ်ဖွဲ့သည် တပ်မတော်နှင့်နိုင်ငံတော်၏ စစ်ဦးစီးနှင့် စစ်ထောက်ဆိုင်ရာ ရည်မှန်းချက် တာဝန်များကို ပံ့ပိုးကူညီနိုင်စေရန် ဖွဲ့စည်းထားသည့် လက်ရုံးဝန်ထမ်း တပ်ဖွဲ့တစ်ခုဖြစ်သည်။

စစ်အင်ဂျင်နီယာတပ်ဖွဲ့၏ သမိုင်းကြောင်းကို လေ့လာကြည့်ပါက မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလအဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းခဲ့သည့် မြန်မာ့တပ်မတော်တွင်လည်း စစ်အင်ဂျင်နီယာတပ်ဖွဲ့သည် လက်ရုံးဝန်ထမ်း တပ်ဖွဲ့တစ်ခုအဖြစ် ပါဝင်ပြီး တိုက်ခိုက်ရေး တာဝန်များနှင့် စစ်မြေပြင်အင်ဂျင်နီယာလုပ်ငန်း တာဝန်များကို ထမ်းဆောင်ကာ နိုင်ငံလွတ်လပ်ရေးအတွက် နယ်ချဲ့ကျူးကျော်သူများကို တိုက်ထုတ်ခဲ့သည်။ ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင်  ုြီဥ သောင်းကျန်းသူများက မေမြို့ (ယခုပြင်ဦးလွင်မြို့)ကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ အဆိုပါအချိန်တွင် ပြင်ဦးလွင်မြို့တွင် ရှိနေသည့် လေ့ကျင့်ရေး အင်ဂျင်နီယာ တပ်ရင်းမှအရာရှိ၊ စစ်သည်များသည် ရနိုင်သမျှသော လူအင်အား၊ လက်နက်အင်အားနှင့် ခဲယမ်းမီးကျောက်များ စုစည်းပြီး ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်ခဲ့ကြသည့်အတွက် ပြင်ဦးလွင်မြို့ကို ဖေဖော်ဝါရီလ ၂၄ ရက်တွင် ပြန်လည် သိမ်းပိုက်ရရှိခဲ့သည်။

အဆိုပါ တိုက်ပွဲတွင်လေ့ကျင့်ရေး အင်ဂျင်နီယာတပ်ရင်းမှ တပ်ကြပ်လှမောင်၏ ဇနီးမချစ်ပို၏ ရဲစွမ်း သတ္တိသည် သမိုင်းတွင် မော်ကွန်းရေးထိုးနိုင်ခဲ့သည်ကို တွေ့ရှိရသည်။ မချစ်ပိုသည် စစ်သားဇနီးပီသစွာနှင့် အရေးကြုံလာချိန်တွင် အာဇာနည်သူရဲကောင်း စိတ်ဓာတ်နှင့် မိမိအသက်ကိုမငဲ့ကွက်ဘဲ တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ခဲ့သူ တစ်ဦးဖြစ်သည်။ မချစ်ပိုသည် သောင်းကျန်းသူများကို တိုက်ခိုက်ရင်း ၁၉၄၉ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင် သောင်းကျန်းသူများ၏ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံခဲ့ရပြီး သူရဲကောင်းပီသစွာ တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရသည်။ ထိုသို့ မချစ်ပို၏ သူရဲကောင်းပီသမှုနှင့် ရဲစွမ်းသတ္တိပြည့်ဝမှုများကို ၁၉၅၀ ပြည့်နှစ်တွင် နိုင်ငံတော်ကသူရဘွဲ့ ပေးအပ်ပြီး အသိအမှတ်ပြု ချီးမြှင့်ခဲ့သည်။ ဤသို့ဖြင့် စစ်အင်ဂျင်နီယာတပ်ဖွဲ့၏ ဂုဏ်ကိုဆောင်နိုင်ခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော သူရဘွဲ့ရအမျိုးသမီးတစ်ဦး အဖြစ် ဂုဏ်ယူဖွယ် မော်ကွန်းတင်နိုင်ခဲ့သည်။

ထိုသို့ထူးချွန်ပြောင်မြောက်စွာ  ရဲစွမ်းသတ္တိပြသနိုင်ခဲ့သည့် စစ်အင်ဂျင်နီယာ တပ်ဖွဲ့ကို ဂုဏ်ပြု သည့်အနေဖြင့် ပြင်ဦးလွင်မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည့် ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်ကို စစ်အင်ဂျင်နီယာ တပ်ဖွဲ့နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။ ဂုဏ်ပြုမှတ်တမ်းတင်ထိုက်သည့် တာဝန် ထမ်းဆောင်နိုင်မှု၊ တိုင်းပြည်နှင့်လူမျိုးအပေါ် သစ္စာစောင့်သိမှု၊ တပ်ဖွဲ့၏ အစဉ်အလာကောင်း တစ်ခုအဖြစ်  သာဓကတင်အောင် စွမ်းဆောင်နိုင်မှုတို့အတွက် တပ်ဖွဲ့ဝင်အဆင့်အတန်း အားလုံးတို့၏ စံနမူနာပြဖြစ်စေရန် စစ်အင်ဂျင်နီယာ တပ်ဖွဲ့နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းမှာ (၇၅)နှစ်မြောက် စိန်ရတုကာလကို ရောက်ရှိခဲ့ပြီဖြစ်သည်။

ယနေ့ကာလတွင်လည်း စစ်အင်ဂျင်နီယာတပ်ဖွဲ့၏ ဆောင်ရွက်ချက်များမှာ နိုင်ငံတော်နှင့် တပ်မတော် အတွက်ဂုဏ်ယူဖွယ်များသာဖြစ်သည်။ ၂၀၂၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ဗုဒ္ဓါဘိသေက အနေကဇာတင် ပြီးစီးခဲ့ပြီး ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့်  မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအတွင်းရှိ ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်နှင့်အုပ်ချုပ်မှုအဆောက်အအုံ စသည်များကို တာဝန်ယူပြီး ကုသိုလ်ပြုပါဝင် တည်ဆောက်ခွင့်ရရှိခဲ့ခြင်းသည် စစ်အင်ဂျင်နီယာတပ်ဖွဲ့၏ သမိုင်းဝင်မှတ်တမ်းများပင်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် “အင်ဂျင်နီယာစွမ်းရည်ထက် အောင်နိုင်တိုက်ပွဲဆက်” ဆိုသည့်အတိုင်း နိုင်ငံတော်နှင့် တပ်မတော်က အားကိုးအားထားပြုရသည့် လက်ရုံးဝန်ထမ်း တပ်ဖွဲ့တစ်ခုအဖြစ် ဆက်လက် ရပ်တည်နိုင်ပါစေကြောင်း ရေးသားလိုက်ရပေသည်။   ။