တောင်သူလယ်သမားပြည့်အင်အား

 

တောင်သူလယ်သမားပြည့်အင်အား

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ မတ် ၂ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ အတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ပေးလျက်ရှိသည်။ စားရေရိက္ခာ ဖူလုံရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာတွင် တောင်သူလယ်သမားကြီးများ၏ အခန်းကဏ္ဍသည် အဓိကနေရာတွင်ရှိသည်။ ထို့ကြောင့် နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးကို ပဓာနကျသည့် တာဝန်တစ်ရပ်အဖြစ် အကောင်အထည်ဖော်လျက်ရှိသည်။

နိုင်ငံတော်၏အခြေခံ စီးပွားရေးကဏ္ဍကြီးဖြစ်သော စိုက်ပျိုးမွေးမြူရေး ကဏ္ဍမှ စားရေရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေး အစားအစာ ဘေးကင်းလုံခြုံရေးတို့ကို အဓိကထား၍ ဖော်ဆောင်ပေးရာတွင် တောင်သူလယ်သမားကြီးများနှင့် ၎င်းတို့၏မိသားစုများ၏ စွမ်းအားသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် ယင်းကဲ့သို့ စွမ်းအားရှင်များ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးကိုပါ တစ်ပါတည်း ဒွန်တွဲ ဆောင်ရွက်ပေးလျက်ရှိပါသည်။

ကမ္ဘာကြီးတွင် ရာသီဥတုပြောင်းလဲမှု၊ အင်အားကြီးနိုင်ငံအချို့၏ ဝင်ရောက်ခြယ်လှယ်မှုကြောင့် နိုင်ငံရေး မတည်ငြိမ်မှုများဖြစ်ပေါ်လျက်ရှိသည်။ ထိုကဲ့သို့  မတည်ငြိမ်မှုများကြောင့် နိုင်ငံအများစု၏ စားရေရိက္ခာ ဖူလုံမှုအပေါ် စိန်ခေါ်မှုများစွာ ပေါ်ပေါက်လျက်ရှိသည်။ နိုင်ငံတိုင်းက ပြည်တွင်းစားရေရိက္ခာ ဖူလုံရေးအတွက် မူဝါဒမျိုးစုံ ချမှတ်ကျင့်သုံးလျက်ရှိသည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း အရည်အသွေးနှင့် အထွက်နှုန်း  ပိုမိုကောင်းမွန်သည့် ဆန်စပါးတိုးချဲ့ စိုက်ပျိုးထုတ်လုပ်ရေးနှင့် ပြည်ပသို့ပိုမို တင်ပို့နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ရေးဆွဲအကောင်အထည် ဖော်လျက်ရှိသော အမျိုးသားပို့ကုန် အမယ်များတွင်  ဆန်နှင့်ဆန်ထွက်ပစ္စည်းများ ကဏ္ဍသည် ဦးစားပေး ကဏ္ဍတစ်ရပ်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏စီးပွားရေး ကုန်ထုတ်လုပ်ငန်းကြီးများ အနက်  လယ်ယာကဏ္ဍသည် အခြေခံအင်အားစုကြီး ဖြစ်သည်။ စီးပွားရေး၊ လူမှုရေးကဏ္ဍများကို အခြေခံကျစွာ အထောက်အပံ့ပေးလျက်ရှိသည်မှာ လယ်ယာစိုက်ပျိုးရေး ကဏ္ဍဖြစ်သည်။ နိုင်ငံတော်၏ ရေမြေသဘာဝအရင်းအမြစ်၊ လုပ်အား၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဓနအင်အားများအရ မြန်မာနိုင်ငံအနေဖြင့် လယ်ယာစိုက်ပျိုးရေး နိုင်ငံတစ်နိုင်ငံအဖြစ် ကာလကြာရှည်စွာကပင် အစဉ်တစိုက် ရပ်တည်လာခဲ့သည်။ ဆန်စပါးတင်ပို့မှု မြှင့်တင်ရေး မဟာဗျူဟာမျှော်မှန်းချက်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး နှင့်ဝင်ငွေတိုးတက် လာစေရေးအတွက် အရည်အသွေးမြင့်မားပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်မည့်ရေရှည်ဖွံ့ဖြိုး တိုးတက်သော ဆန်စပါးစိုက်ပျိုး ထုတ်လုပ်ရေးနှင့် တင်ပို့ရေးပင်ဖြစ်သည်။

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသော ကုန်ထုတ်လုပ်မှု ဆောင်ရွက်နေသော နိုင်ငံဖြစ်သည်။ နိုင်ငံ့လူဦးရေ၏  ၇၀ ရာခိုင်နှုန်းကျော်သည်  ကျေးလက်နေပြည်သူများဖြစ်ပြီး လယ်ယာလုပ်ငန်းဖြင့် တိုင်းကျိုးပြည်ပြု ဆောင်ရွက်နေကြသူများ ဖြစ်ကြသည်။  လူတိုင်းသည် နေ့စဉ်အစာစားသောက်ခြင်းဖြင့် အသက်ရှင် နေထိုင်ကြရသည်ဖြစ်ရာ ဆန်စပါးသည် လူသားတို့အတွက် မရှိမဖြစ်အရာဖြစ်သည်။ တောင်သူလယ်သမား ဦးကြီးများ၏ ဆန်စပါးစို က်ပျိုးပေးမှုကြောင့် အခြားသော တိုင်းသူပြည်သားတို့ အသက်ရှင်နေထိုင်ကြရသည်။ ထို့ကြောင့် တောင်သူလယ်သမား ဦးကြီးတို့သည်  ဆန်စားသုံးသူတိုင်းအတွက် ကျေးဇူးရှင်များ ဖြစ်ကြသည်။

မြန်မာနိုင်ငံရှိ တောင်သူလယ်သမားဦးကြီးများ လူမှုဘဝမြင့်မားရေး အတွက် နိုင်ငံတော်က စီမံဆောင်ရွက်လျက် ပံ့ပိုးမှုပြုနေသကဲ့သို့ တောင်သူလယ်သမားများ အပိုင်းကလည်း ဥစ္စာရင်လို ဥစ္စာရင်ခဲဆိုသည့်ပမာ ကြိုးပမ်း လုပ်ဆောင်ကြရမည်ဖြစ်သည်။ တက်ညီလက်ညီ လုပ်ဆောင်ကြမှသာ မည်သည့်လုပ်ငန်းမဆို အောင်မြင်မှု ရှိပေလိမ့်မည်။ ဒေသတွင်းစားရေရိက္ခာ ဖူလုံရေးသာမက ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့ရန်နှင့် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် သီးနှံများ၏ တစ်ဧကအထွက်နှုန်း တိုးတက်ရေးကို အလေးထား ဆောင်ရွက်ကြရမည် ဖြစ်သည်။ အဓိကအချက်များဖြစ်သည့် မျိုးကောင်းမျိုးသန့် ရရှိရေး၊ သွင်းအားစုများ ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိရေးအတွက် အစိုးရ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် တောင်သူလယ်သမားများ အားလုံးပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ပြည်တွင်းစားသုံးမှု ဖူလုံရုံသာမက ပြည်ပသို့ပိုမိုတင်ပို့နိုင်ရေးကို ကြိုးစားကြရမည်ဖြစ်သည်။လယ်ယာထွက်ကုန်ပစ္စည်းများ၊  မွေးမြူရေး ပစ္စည်းများသည် လူတို့မဖြစ်မနေစားသုံး ကြရမည်ဖြစ်သည့်အတွက် ကုန်ထုတ်လုပ်သူများ အနေဖြင့် မိမိတို့၏ပစ္စည်းအရည်အသွေး ကောင်းမွန်နေလျှင် ဈေးကွက်သည် ကျယ်ပြန့်နေမည်သာဖြစ်သည်။ ယနေ့ကျရောက်သော တောင်သူလယ်သမားနေ့တွင် လယ်ယာဦးကြီးများ လုပ်ငန်းအဆင်ပြေပြေနှင့် တိုးတက်ပါစေ၊ ခေတ်မီနည်းပညာများကို အသုံးပြုလျက် အထွက်နှုန်း တိုးအောင် ဆောင်ရွက်နိုင်ပါစေ၊ ပြည်ပသို့ တင်ပို့ရောင်းချနိုင်ခြင်းဖြင့် နိုင်ငံအတွက် ဝင်ငွေများ တိုးပွားရရှိပါစေကြောင်း ဆုတောင်း ဂုဏ်ပြုလိုက်ရပေသည်။    ။