သားကောင်းသမီးမွန်များ ပေါ်ထွန်းရေး

 

သားကောင်းသမီးမွန်များ ပေါ်ထွန်းရေး

 

အယ်ဒီတာ့အာဘော်               

  (၂၀၂၄ ခုနှစ်၊ မတ် ၃ ရက်)

    နိုင်ငံတိုင်းတွင်  နိုင်ငံတော် ကာကွယ်ရေးနှင့်  နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက် တပ်မတော်ကို ဖွဲ့စည်း တည်ထောင်ထားကြသည်။ လူငယ်လူရွယ်တိုင်း နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို စိတ်ဝင်စားစွာ ပါဝင်ထမ်းရွက်နိုင်ရေးအတွက် အခြေခံပညာအဆင့်တွင် ကင်းထောက်လူငယ်များ အဖြစ် လည်းကောင်း၊ တက္ကသိုလ်အဆင့်တွင် တက္ကသိုလ်အရန် တပ်ရင်းများဟု ခေါ်ဆိုသည့် တက္ကသိုလ် လေ့ကျင့်ရေးတပ်ဖွဲ့ဝင်များ အဖြစ် လည်းကောင်း လေ့ကျင့်သင်ကြား ပေးလေ့ရှိသည်။ ထိုသို့လေ့ကျင့် သင်ကြားပေးရာတွင် ကျောင်းသား၊ ကျောင်းသူများ စစ်ပညာသင်ကြား တတ်မြောက်စေရန်နှင့် ကိုယ်ကာယ ကျန်းမာကြံ့ခိုင်နိုင်စေရန် ရည်ရွယ်၍ လေ့ကျင့်သင်ကြား ပေးခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၁၉၂၀ ပြည့်နှစ်၌ ရန်ကုန်တက္ကသိုလ် စတင်ပေါ်ပေါက်လာခဲ့ပြီး တစ်နှစ်ခွဲအကြာ ၁၉၂၂ ခုနှစ် ဇွန်လတွင် တက္ကသိုလ်လေ့ကျင့်ရေး အရန်တပ်ရင်း (University Training Corps) ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၂၂ ခုနှစ် ဇွန်လတွင် အိန္ဒိယနယ်မြေ တပ်ဖွဲ့ဥပဒေအရ အမှတ်(၆) မြန်မာပြည်တပ်ရင်း တက္ကသိုလ်လေ့ကျင့်ရေး အရန်တပ်ဖွဲ့အဖြစ် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၂၂ ခုနှစ်မှ ၁၉၄၂ ခုနှစ်အထိ တက္ကသိုလ် အရန်တပ်ရင်း လေ့ကျင့်ရေး သင်တန်းများကို ဖွင့်လှစ်ခဲ့ပြီး ၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ် ကာလတွင် တက္ကသိုလ် အရန်တပ်ရင်း၏ ဆောင်ရွက်မှုများ ရပ်ဆိုင်းခဲ့ပါသည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေး ရရှိခဲ့သည်။ ၁၉၅၂ ခုနှစ်နိုဝင်ဘာလ ၅ ရက်တွင် တက္ကသိုလ်အရန် တပ်ရင်း(ရန်ကုန်)ကို ပြန်လည်ဖွဲ့ စည်းခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် တက္ကသိုလ်အရန်တပ်ရင်း(ရန်ကုန်)အား ဖွဲ့စည်းပုံအရ အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပြီး အမှတ်(၁) တက္ကသိုလ်လေ့ကျင့်ရေးတပ်ဟု အမည်ပြောင်းလဲခဲ့သည်။ အမှတ်(၁)တက္ကသိုလ်လေ့ကျင့်ရေး တပ်အနေဖြင့်  ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ပညာသင်နှစ်အထိ  ဖွင့်လှစ် သင်ကြားပေးခဲ့သည်။  ၂၀၁၃-၂၀၁၄  ပညာသင်နှစ်တွင်  အမှတ်(၂)တက္ကသိုလ် လေ့ကျင့်ရေးတပ်(မန္တလေး)နှင့် အမှတ်(၃)တက္ကသိုလ် လေ့ကျင့်ရေးတပ်(မော်လမြိုင်) တို့ကိုလည်း ဖွင့်လှစ်ခဲ့သည်။

ယခုအခါမြန်မာနိုင်ငံတစ်ဝန်းတွင် တက္ကသိုလ်လေ့ကျင့်ရေး တပ်ရှစ်ခုရှိပြီး ခုနစ်ခုသည် လေ့ကျင့်ရေး သင်တန်းများအတွက် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ နေပြည်တော်၊ ပုသိမ်၊ တောင်ငူတို့တွင် တက္ကသိုလ်လေ့ကျင့်ရေး တပ်များဖွင့်လှစ်ပြီး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား လေ့ကျင့်သင်ကြား ပေးလျက်ရှိသည်။ မိမိနိုင်ငံကိုမိမိတို့ ကာကွယ်နိုင်ရေးမှာ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်တို့၏ လက်ဝယ်တွင်တည်ရှိသည်။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အား ရှိမည်ဖြစ်ရာ လူငယ်တိုင်းတွင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် အမျိုးဘာသာ သာသနာကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်လိုသော စိတ်ဓာတ်များ ရှိနေကြရမည်ဖြစ်သည်။

နိုင်ငံ့တာဝန်ကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် လူငယ်ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်သည့်အခါ တက္ကသိုလ်လေ့ကျင့်ရေး တပ်များက လေ့ကျင့်သင်ကြားပေးခဲ့သည့် စစ်ပညာနှင့် အုပ်ချုပ်မှုဘာသာရပ်များက စစ်ဘက်၊ အရပ်ဘက်နှင့် ကိုယ်ပိုင်လုပ်ငန်းများ ဆောင်ရွက်သည့်အခါ များစွာအထောက်အကူ ပြုမည်ဖြစ်သည်။ တက္ကသိုလ်လေ့ကျင့်ရေးတပ် (UTC) သို့ တက်ရောက်ကြသူများ အနေဖြင့်  ခန္ဓာကိုယ်သန်စွမ်းမှု၊  ကျန်းမာရေး ကောင်းမွန်မှုနှင့်  မိမိကိုယ်ကို ယုံကြည်မှုများ ရှိလာမည်။

အမိန့်နာခံတတ်မှုနှင့် စည်းကမ်းကောင်းမွန်မှု ရှိလာမည်။ အဖွဲ့လိုက်ဆောင်ရွက်ရသည့် အတွက် ခေါင်းဆောင်မှု အခြေခံသဘောတရားကို သိရှိနားလည်မှုမှ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်များ ရရှိမည်။

တက္ကသိုလ်လေ့ကျင့်ရေး သင်တန်းများကို တက်ရောက်ပြီးမြောက်လျှင် တပ်မတော်သို့မဖြစ်မနေ ဝင်ရောက်ရမည်ဟူသော သတ်မှတ်ချက်မရှိပါ။ သို့သော်လည်း တိုင်းပြည်ကာကွယ်ရန် ထမ်းဆောင်လိုသည့် ကျောင်းသား၊ ကျောင်းသူများအတွက် လုံလောက်သည့် အထောက်အကူဖြစ်စေပါသည်။ အနာဂတ်လူငယ်များမှာ နိုင်ငံတော် အတွက်သာမက တပ်မတော်အတွက်လည်း အရေးပါသည်။ UTC နုပျိုစဉ်အချိန်မှစပြီး ယခုရင့်ကျက်လာသည့် ကာလအထိမွေးထုတ်ပေးခဲ့သည့် ကျောင်းသား၊ ကျောင်းသူများမှာ နိုင်ငံတော် ကာကွယ်ရေးအတွက် လိုအပ်လာသည့်အချိန်တွင် တက္ကသိုလ်လေ့ကျင့်ရေး တပ်များက ပူးပေါင်းဆောင်ရွက်ခဲ့သည့် အစဉ်အလာများ ရှိခဲ့ပြီးဖြစ်သည်။

တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ ထွက်ပေါ်လာသည့် နိုင်ငံ့ခေါင်းဆောင်များမှာ ယနေ့ဌာနအသီးသီးတွင် နိုင်ငံ့တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည်။ UTCသည် နိုင်ငံသားကောင်းများစွာ မွေးထုတ်ပေးနေသည့် သင်တန်းတစ်ခုဟု ဆိုနိုင်သည်။ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဆိုပါသင်တန်းသို့ မိမိတို့၏ ကိုယ်ပိုင်ဆန္ဒဖြင့် တက်ရောက်ကြခြင်းဖြစ်သည်။ သင်တန်းသို့ တက်ရောက်သူတိုင်းမှာ နိုင်ငံချစ်စိတ်၊ တပ်မတော်ကို ချစ်မြတ်နိုးစိတ်၊ တပ်မတော်သားများ၏ ဘဝကိုသိရှိခံစားလိုသည့်စိတ်၊ ကိုယ်ချင်းစာ နာတတ်သည့်စိတ်များဖြင့် သင်တန်းကို တက်ရောက်ကြခြင်းဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် တက္ကသိုလ် လေ့ကျင့်ရေးတပ်များမှ တိုင်းပြည်၏ အနာဂတ်ခေါင်းဆောင်များ၊ အနာဂတ်နိုင်ငံတော်ကို မလွဲမသွေ တာဝန်ယူကြရမည့် သားကောင်းသမီးမွန်များကို မွေးထုတ်ပေးလျက်ရှိသည်မှာ နိုင်ငံအတွက် ဂုဏ်ယူဖွယ်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။     ။