မီးခိုးမြူငွေ့တိုက်ဖျက်ရေး

 

မီးခိုးမြူငွေ့တိုက်ဖျက်ရေး

 

အယ်ဒီတာ့အာဘော်                

 (၂၀၂၄ ခုနှစ်၊ မတ် ၄ ရက်)

    မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ ၂၀၂၁ ဖြင့်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် “နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် ပတ်သက်၍ လေထုအရည် အသွေးစောင့်ကြည့် တိုင်းတာစစ်ဆေးခြင်းနှင့်  ဆန်းစစ်ခြင်းဆိုင်ရာ စီမံကိန်း” ပိတ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၉ ရက်က နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပခဲ့သည်။ စီမံကိန်းကာလ နှစ်နှစ်နှင့်ခြောက်လတာ ကာလအတွင်း လေထုအရည်အသွေး ဆိုင်ရာအဓိက Parameter  ၁၁ မျိုးနှင့် ရာသီဥတုဆိုင်ရာ Parameter   ၆ မျိုးကို တိုင်းတာနိုင်သည့် ရွေ့လျားလေထု အရည်အသွေး တိုင်းတာရေး စက်ကိရိယာများ ဝယ်ယူပြီး မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့၏ နယ်စပ်ဖြစ်သည့် တာချီလိတ်ခရိုင်အတွင်း ပတ်ဝန်းကျင်လေထု အရည်အသွေးတိုင်းတာခြင်း လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့သည်။

နှစ်စဉ်ပွင့်လင်းရာသီတွင် တွေ့ကြုံရသည့် တောမီးလောင်ကျွမ်းခြင်းနှင့် အခြားမီးလောင်ကျွမ်းမှုများကြောင့် ဖြစ်ပေါ်လာသည့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ပြဿနာများကို ဖြေရှင်းဆောင်ရွက်နိုင်ရန် အတွက် မြန်မာနိုင်ငံအနေဖြင့် ဒေသအဆင့်နှင့် နိုင်ငံတကာအဆင့်တို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လျက်ရှိသည်။ မြန်မာ-တရုတ် နှစ်နိုင်ငံ ဗဟိုအစိုးရများအကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးတွဲကာကွယ်ရေး ကော်မတီဖွဲ့စည်းထားရှိပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တောမီးကာကွယ်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

တောမီးလောင်ခြင်း၊တောမီးရှို့ခြင်း၊ တောင်ယာမီးရှို့ခြင်း စသည်တို့ကြောင့် ဖြစ်ပေါ်လာသည့် မီးခိုး မြူငွေ့တွင် အလွန်သေးငယ်သည့် အမှုန်အမွှားများ Particulate Matter (PM 2.5 နှင့် PM 10)၊ ကာဗွန်ဒိုင် အောက်ဆိုက်၊ ကာဗွန်မိုနောက်ဆိုက်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်၊ ဆာလ်ဖာဒိုင်အောက်ဆိုက်၊ အိုဇုန်း၊ ရေငွေ့နှင့် အခြားအဆိပ်ဓာတ်ငွေ့များ ရောနှောပါဝင်လျက်ရှိသည်။ နှစ်စဉ်တောင်ယာ မီးရှို့ကြသည့် ဖေဖော်ဝါရီလနှင့်မတ်လတို့တွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဖြတ်ကျော်နေသည့်မီးခိုးမြူများ၊ ပြာမှုန့်များ ရက်ရှည်ကြာစွာ ဖုံးလွှမ်းကျဆင်းမှုကြောင့် မျက်စိစပ်ခြင်း၊ ချောင်းဆိုးခြင်း၊ နှာခေါင်းသွေးယိုခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ခံစားကြရသည်။

မီးခိုးမြူငွေ့တွင်ပါဝင်သည့် ကာဗွန်မိုနောက်ဆိုက်သည် ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ရင်ဘတ် အောင့်ခြင်းနှင့် ကြာမြင့်စွာ ရှူရှိုက်နေရပါက  သေဆုံးသွားနိုင်သည်။ ဆာလ်ဖာဒိုင်အောက်ဆိုက်သည် နှာခေါင်းနှင့်လည်ချောင်း ယားယံခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခြင်း၊ ရင်ဘတ်တစ်ဝိုက်တင်းကျပ်ခြင်း၊ နိုက်ထရိုဂျင်ဒိုင် အောက်ဆိုက်ကို အချိန်ကြာကြာရှူနေရပါက ချောင်းဆိုးရင်ကျပ်ခြင်း၊ အဆုတ်ကိုထိခိုက်စေ ခြင်းတို့ဖြစ်စေသည်။ ထို့ပြင် ပန်းနာရင်ကျပ်ရှိသူများ ပိုမိုဆိုးရွားစေခြင်းနှင့် အရေပြား ယားယံခြင်းတို့ ဖြစ်စေနိုင်သည်။  အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် အဆုတ်သို့ရောက်ရှိကာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ဖြစ်ပွားစေသည်။

မီးခိုးမြူများကြောင့် လူများ၏ ကျန်းမာရေးကိုသာမက ပတ်ဝန်းကျင် အခြေအနေများကိုလည်း ယိုယွင်းထိခိုက်စေနိုင်သည်။ မီးခိုးမြူများ ကျရောက်ခြင်းကြောင့် ယာဉ်များသွားလာမှု၊ လေယာဉ်များ ဆင်းသက်မှုတို့အပေါ်   အန္တရာယ်ဖြစ်စေနိုင်သည်။ ကျောင်းများပိတ်ရခြင်း၊ ဈေးများပိတ်ရခြင်းတို့ကြောင့် ပညာရေး၊ စီးပွားရေးတို့ ထိခိုက်နစ်နာရသည်။ သို့ဖြစ်ရာ တောင်ယာမီး၊ တောမီးတို့ကြောင့် နယ်စပ် ဖြတ်ကျော်မီးခိုးမြူများ မဖြစ်ပေါ်စေရေး၊ လေထုညစ်ညမ်းမှု လျှော့ချရေးတို့ကို နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့်အလျောက် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ အာဆီယံ သဘောတူညီချက် (ASEAN Agreement on Transboundary Haze Pollution) ကို ၂၀၀၃ ခုနှစ် မတ်လ ၅ ရက်နေ့က သဘောတူ လက်မှတ်ရေးထိုးရာတွင် မြန်မာနိုင်ငံသည်လည်း အဖွဲ့ဝင်နိုင်ငံအဖြစ် ပူးပေါင်းပါဝင်ခဲ့သည်။

မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား စသည့်နိုင်ငံတို့တွင် လေထုညစ်ညမ်းမှုဒဏ်ကို ခံစားကြရသည်။ တောင်ယာမီး၊ တောမီးတို့ကြောင့် ထွက်ပေါ်လာသည့် မီးခိုးမြူငွေ့များသည်  တစ်နိုင်ငံမှတစ်နိုင်ငံသို့ အတားအဆီးမရှိ ဝင်ရောက်ပြီး ဒေသခံပြည်သူတို့အပေါ် ကျန်းမာရေး အန္တရာယ်များ ဖြစ်ပွားစေခြင်းကြောင့် အဆိုပါနယ်စပ်ဖြတ်ကျော် မီးခိုးမြူများ(Transboundary Smoke) ကိုထိန်းချုပ်နိုင်ရန် သက်ဆိုင်ရာ နိုင်ငံတို့က ကြိုးပမ်းနေကြရသည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း အလေးအနက်ထားကာ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်နေခြင်းဖြစ်သည်။

နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့များဖြစ်ပေါ်ခြင်းနှင့် စပ်လျဉ်း၍  အာရှမိုးလေဝသဌာန(ASMC) က စောင့်ကြည့်တိုင်းတာလျက်ရှိပြီး ဒေသတွင်း တောင်ယာမီးရှို့ခြင်း၊ တောမီးလောင်ခြင်း ဖြစ်ပေါ်သည့်နေရာများ(Hot Spots) ကိုထုတ်ပြန်လျက်ရှိသည်။ ယခုအခါ  ခြောက်သွေ့ရာသီသို့ ရောက်ရှိလာပြီဖြစ်ရာ တောင်ယာမီး၊  တောမီးများမရှို့မိစေရန် အသိပညာပေးခြင်း၊ အရေးယူတားဆီးခြင်း၊ သစ်တောများ ထိန်းသိမ်းကာကွယ်ခြင်းတို့ကို ထိရောက်စွာ ဆောင်ရွက်ခြင်းအားဖြင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုများ ထိန်းချုပ် လျှော့ချကြရမည်ဖြစ်သည်။ တောင်ယာမီးရှို့ခြင်း၊  တောမီးလောင်ခြင်းနှင့် အခြားမီးလောင်ကျွမ်းမှု အမျိုးမျိုးတို့ကြောင့် ဖြစ်ပေါ်လာသည့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုပြဿနာများကို စောင့်ကြပ် ကြည့်ရှုရန်နှင့် ထိန်းချုပ်လျှော့ချနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် နယ်မြေဒေသ တာဝန်ရှိသူများက ဒေသခံ ပြည်သူများကို မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် ပတ်သက်၍အသိပညာပေး လုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးထားပြီးဖြစ်ပေရာ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့များ လျော့နည်းရေးတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။