စိုက်ပျိုးမွေးမြူရေး အလေးထား

 

စိုက်ပျိုးမွေးမြူရေး အလေးထား

 

အယ်ဒီတာ့အာဘော်                

 (၂၀၂၄ ခုနှစ်၊ မတ် ၅ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်အကောင်အထည် ဖော်လျက်ရှိရာ တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ စီးပွားရေးကဏ္ဍများ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးနှင့် ပို့ကုန်မြှင့်တင်နိုင်ရေး တို့အတွက် စီးပွားရေး ဦးတည်ချက်(၃)ရပ်ချမှတ်၍ ရေတိုရေရှည်စီမံကိန်းများ ရေးဆွဲကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးထုတ်လုပ်သော သီးနှံများအနက် အဓိက သီးနှံများဖြစ်သော စပါး၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ စက်မှုကုန်ကြမ်း သီးနှံများဖြစ်သည့် ဝါ၊ ကြံ၊ ကော်ဖီနှင့်ပဲမျိုးစုံ၊ ပြောင်း စသည့်သီးနှံများကို သတ်မှတ်ဧကပြည့်မီအောင် စိုက်ပျိုးကြရမည် ဖြစ်ပါသည်။

အဆိုပါစိုက်ပျိုးသီးနှံများအား ပန်းတိုင်အထွက်နှုန်း ရရှိအောင် စိုက်ပျိုးကြရမည်ဖြစ်သည်။ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းတို့နှင့်ပတ်သက်၍ မျိုးကောင်းမျိုးသန့် သုံးစွဲရေး၊  မြေကိုစနစ်တကျ ပြုပြင်ဆောင်ရွက်ရေး၊ အောင်ရေရရှိရေး၊ စိုက်နည်းစနစ်များ မှန်ကန်ရေးနှင့် သီးထပ်စိုက်ပျိုးမှုတို့ဖြင့် စိုက်ပျိုးသီးနှံများအားလုံး ပန်းတိုင်အထွက်နှုန်း ရရှိအောင် စွမ်းဆောင်နိုင်မည်ဆိုပါက လုပ်ငန်းလုပ်ကိုင်သူ အားလုံးအတွက်လည်းကောင်း၊ နိုင်ငံတော်အတွက် လည်းကောင်း ကောင်းကျိုးများ တိုးပွားမည်ဖြစ်ပါသည်။

စားရေရိက္ခာဖူလုံရေးနှင့် ပို့ကုန်ကဏ္ဍ မြှင့်တင်ရေးအတွက် သီးနှံအလိုက် နှစ်စဉ်စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိပြီး အဓိကကျသော သီးနှံအထွက်နှုန်းတိုး တက်ရေးကို တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ယနေ့ထိစပါးဧက ၁၇ သန်း၊ ပဲမျိုးစုံဧက ၁၀ ဒသမ ၅၇ သန်း၊ ဆီထွက်သီးနှံဧက ၈ ဒသမ ၂၄ သန်း၊ အစေ့ထုတ်ပြောင်းဧက ၁ ဒသမ ၆ သန်းနှင့်ဝါသီးနှံဧက သုည ဒသမ ၅၂ သန်း စိုက်ပျိုးပြီးစီးခဲ့ပြီ ဖြစ်ကြောင်း သိရှိရသည်။ လက်ရှိအချိန်တွင် စားသုံးဆီကို လိုအပ်သည်ထက် ပိုမိုစားသုံးနေကြသဖြင့် ပြည်သူအချို့မှာ ကျန်းမာရေးအရ ထိခိုက်မှုများရှိနေသလို တစ်ဖက်မှာလည်း ပြည်တွင်းလို အပ်ချက်ကို ပြည်ပမှမှာယူ တင်သွင်းရယူမှုများ မြင့်တက်လျက်ရှိသည်။

ပြည်သူများအနေဖြင့် စားသုံးဆီကို လိုသလောက်သာ သုံးစွဲခြင်းဖြင့် ကျန်းမာရေး ကောင်းမွန်မှုကို အထောက်အကူပြုနိုင်မည် ဖြစ်သည့်အပြင် ပြည်တွင်းဆီထွက်သီးနှံများမှ ထုတ်လုပ်သော စားသုံးဆီဖြင့် လုံလောက်စေရန် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံခြားငွေ သုံးစွဲမှုကိုလည်း လျှော့ချစေနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဆီထွက်သီးနှံများ တိုးမြှင့်ထုတ်လုပ်ရေးကို ကြိုးစားဆောင်ရွက် ကြရမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ပြည်တွင်းစားသုံးဆီ ဖူလုံစွာထုတ်လုပ်နိုင်ရန်  ဆီထွက်သီးနှံများ ဧကပြည့်စိုက်ပျိုးပြီး ပန်းတိုင်အထွက်နှုန်း ရရှိအောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။

ပြည်ပမှတင်သွင်းမှုများ လျော့နည်းလာမည် ဆိုပါက နိုင်ငံ့စီးပွားရေး တိုးတက်မှုကို အထောက်အကူပြုနိုင်မည် ဖြစ်သည်။ ချည်နှင့်ချည်ထွက်ပစ္စည်း တင်သွင်းမှုလျှော့ချနိုင်ရန်နှင့် ပြည်တွင်း လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပြီး ပိုလျှံပါက ပြည်ပတင်ပို့နိုင်ရန်အတွက် ချည်မျှင်ရှည်ဝါ သီးနှံတစ်ဧကအထွက်နှုန်း တိုးတက်ရေး ဆောင်ရွက်ခြင်းနှင့် စိုက်ဧကတိုးချဲ့ပြီး ၅ နှစ်တာကာလအတွင်း မူလစိုက်ခဲ့ကြသည့်ဧက ၈ သိန်းပြည့်မီအောင် စီမံဆောင်ရွက်လျက်ရှိသည်။ ဝါတစ်ဧက အထွက်နှုန်းပိဿာ ၇၀၀ ထွက်ရှိရေးနှင့် အရည်အသွေးကောင်း ဝါနှင့်ဝါဂွမ်းများ ရရှိရေးတို့ကို အဓိကရည်မှန်းဆောင်ရွက်လျက်ရှိရာ တောင်သူလယ်သမားကြီးများကလည်း ကြိုးစားဆောင်ရွက် ပေးကြရမည်ဖြစ်ပါသည်။

ကမ္ဘာ့ဈေးကွက်တွင် သေချာသော နှစ်ရှည်စိုက်ပျိုးရေးဖြစ်သည့် ကော်ဖီစိုက်ပျိုးခြင်း လုပ်ငန်းနှင့်ပတ်သက်၍ စိတ်ပါဝင်စားသူများ၊ အရင်းအနှီး တတ်နိုင်သည့် တိုင်းရင်းသားများအနေဖြင့် ရင်းနှီးလုပ်ကိုင်နိုင်ရန် နိုင်ငံတော်က ဖိတ်ခေါ်လျက်ရှိသည်။ နိုင်ငံတော်အနေဖြင့် ကနဦးဧက ၁ သိန်းစိုက်ပျိုးရန် လျာထားပါသည်။ ဆက်လက်၍ ဧက ၃ သိန်းအထိနှင့် နောင်တွင်ဧက ၁ သန်းအထိ စိုက်ပျိုးနိုင်ရေး မျှော်မှန်းဆောင်ရွက်လျက်ရှိပါသည်။

သီးနှံအလိုက်   မျိုးကောင်းမျိုးသန့်များ အပြည့်အဝ သုံးစွဲစိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့ထုတ် လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိသည့်အပြင်  လုပ်ငန်းရှင်များ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိနိုင်ရန်အတွက် ၂၀၁၉ ခုနှစ်မှစ၍ မျိုးစေ့ပြပွဲများကိုလည်း နှစ်စဉ်ဆောင်ရွက် ပေးလျက်ရှိပါသည်။

တောင်သူလယ်သမားကြီးများအတွက် လိုအပ်သော ယူရီးယားဓာတ်မြေသြဇာများကို ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချရေးကိုလည်း စွမ်းအင်ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် သီးနှံအထွက်နှုန်း တိုးတက်ရေးအတွက် ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ ပေါင်းစပ်သုံးစွဲရေး ပညာပေးခြင်း၊ သဘာဝမြေသြဇာများ ဒေသအလိုက် ထုတ်လုပ်သုံးစွဲ

နိုင်ရေး နည်းပညာဖြန့်ဝေပေးခြင်း၊ သွင်းအားစု ဈေးနှုန်းများ သက်သာစွာဝယ်ယူ ရရှိနိုင်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခြင်းတို့အပြင်  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ပေးမှုများကြောင့် တောင်သူလယ်သမားကြီး များ၏ စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများ တိုးတက်အောင်မြင်လာခြင်းနှင့်အတူ နိုင်ငံတစ်ဝန်းရှိ ပြည်သူများ၏ စားဝတ်နေရေးနှင့် လူနေမှုဘဝများ တိုးတက်လာတော့မည် ဖြစ်ပါသည်။ အနှစ်ချုပ်ဆိုရသော် စိုက်ပျိုး၊ မွေးမြူရေးကို အလေးထား လုပ်ဆောင်ခြင်းဖြင့် နိုင်ငံ့စီးပွား တိုးတက်ရေးကို အထောက်အကူ ပြုလာမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။