စည်းကမ်းကောင်းသော တပ်မတော်

 

စည်းကမ်းကောင်းသော တပ်မတော်

 

အယ်ဒီတာ့အာဘော်                

 (၂၀၂၄ ခုနှစ်၊ မတ် ၆ ရက်)

    တပ်မတော်သည် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နေရသည်မှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးနှင့် ပတ်သက်လာ၍ ပါဝင်နေရခြင်းဖြစ်သည်။ ဒို့တာဝန်အရေးသုံးပါးမှာ မြန်မာ တစ်မျိုးသားလုံး၏ အသက်တမျှစောင့်ထိန်းကြရမည့် အရေးကိစ္စဖြစ်သည်။ တိုင်းရင်းသားလူ မျိုးပေါင်းတစ်ရာကျော် နေထိုင်သည့် မြန်မာနိုင်ငံအတွက် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို ထိခိုက်လျှင် ပြည်ထောင်စုပြိုကွဲမည်၊ ပြည်ထောင်စုပြိုကွဲကာ မညီမညွတ်ဖြစ်နေလျှင် လွတ်လပ်ရေး အချုပ်အခြာအာဏာသည် ချက်ချင်းပင် ကွယ်ပျောက်သွားနိုင်သည်။ ထို့ကြောင့် တပ်မတော်သည် နိုင်ငံတော်တွင် အရေးကြုံတိုင်း အမျိုးသား နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နေရခြင်းဖြစ်သည်။ နိုင်ငံတော်တွင် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး လိုလားလျက်ရှိသည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနိုင်ရေး တပ်မတော်မှ ဦးဆောင်လမ်းခင်းပေးခဲ့သည်။ ၂၀၁၁ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းခဲ့သည်။ ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုတွင်  တပ်မတော်အနေဖြင့် ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်။ နိုင်ငံ့ကောင်းကျိုးအတွက် လိုအပ်သည့် အကြံကောင်းများကိုလည်း ပေးခဲ့သည်။ ပြည်သူလူထု၏ အကျိုးစီးပွားကို အစဉ်ဦးထိပ် ထားသည်နှင့်အညီ ရောဂါဘယဘေးနှင့် အခြားသော သဘာဝဘေး အန္တရာယ်များ ကျရောက်ချိန်တိုင်းတွင် တပ်မတော်က အချိန်နှင့်တစ်ပြေးညီ ကူညီ၊ ကယ်ဆယ်၊ ပြန်လည်တည်ဆောက်ရေးများ ဆောင်ရွက်ပေးလျက်ရှိသည်။

    နိုင်ငံတော်တွင် တပ်မတော်နှင့် ပြည်သူ ညီညွတ်မှုရှိနေသမျှ မည်သည့်ဘေးရန်မဆို ညီညွတ်စွာ ကာကွယ်နိုင်ကြသည်။ တပ်မတော်သည် နိုင်ငံတော်အတွက် မရှိမဖြစ်သော အဖွဲ့အစည်းဖြစ်သည်။ ထိုအဖွဲ့အစည်းကို အမြဲတမ်းကျစ်လျစ် ခိုင်မာနေအောင် တည်ဆောက်ထားကြရမည်။ တပ်မတော်သားတိုင်းသည် နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရန်အတွက်  မိမိတို့၏ ကိုယ်ပိုင်ဆန္ဒ၊ ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့်  တပ်မတော်သို့ဝင်ရောက် အမှုထမ်းကြသူများဖြစ်သည်။ တပ်မတော်တွင် တာဝန်မထမ်းဆောင်မီက ရည်ရွယ်ချက် အမျိုးမျိုး၊ စိတ်ထားအဖုံဖုံရှိ ခဲ့ကြမည်ဖြစ်သော်လည်း တပ်မတော်သို့ ရောက်သည့်အခါ အားလုံးသည် တစ်သွေး၊ တစ်သံ၊ တစ်မိန့်အောက်တွင် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက်ဟူသော စိတ်ထားဖြင့် တာဝန်ထမ်းဆောင်ကြရသည်။

    တပ်မတော်သားတိုင်း၊ တပ်ရင်းတပ်ဖွဲ့တိုင်းတွင် စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ်ပြည့်စုံမှု ဟူသော အခြေခံအရည်အချင်းများ ရှိကြရသည်။ စိတ်ဓာတ်သည် အဓိကနေရာတွင်ရှိပေရာ စိတ်ဓာတ်ပိုင်းဆိုင်ရာတွင် ကြံ့ခိုင်သည့် စိတ်ဓာတ်၊ စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်၊ ကျည်တစ်တောင့် လူတစ်ယောက်ကျန်သည်အထိ တိုက်ရဲသည့် စိတ်ဓာတ်တို့ရှိနေရမည်။ အရေးကြုံလာလျှင် တပ်မတော်၏ ဂုဏ်ကိုအသက်စွန့်ပြီး မြှင့်တင်လိုသည့် စိတ်ဓာတ်ရှိရမည်။ ထို့ပြင်အချင်းချင်း ရိုင်းပင်းကူညီလိုသည့် စိတ်ဓာတ်နှင့် ရဲဘော်ရဲဘက်စိတ်များထားရှိရမည်။

    တပ်မတော်သားတို့တွင် ရဲဘော်ရဲဘက်စိတ်သည် အဓိကအရေးပါလှသည်။ နယ်ပယ်အသီးသီးမှ ဆွေမျိုးမတော်စပ်သူများ ဝင်လာကြသူများဖြစ်ကြသော်လည်း တပ်မတော်တွင် အတူတကွ တာဝန်ထမ်းဆောင်ကြရသောအခါ ဆွေမျိုးရင်းချာများကဲ့သို့ သွေးစည်းညီညွတ်သွားကြသည်။ တပ်မတော်သား အချင်းချင်းတစ်ဦး အပေါ်တစ်ဦး မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားဟူသော ရဲဘော်စိတ်ဖြင့် အပြန်အလှန် ချစ်ကြည်လေးစားကြသည်။

    တပ်မတော်သားတို့သည် တပ်မတော်တွင် အမှုထမ်းကြရာ၌ စစ်သည်တော် ကျင့်ဝတ်များနှင့်အညီ နေထိုင်ကျင့်ကြံကြရသည်။ လူတစ်ဦးချင်းစီ၏ တန်ဖိုးသည် လူ့ကျင့်ဝတ်သီလဖြစ်သကဲ့သို့ တပ်မတော်သား တစ်ဦးချင်းစီ၏ အကျင့်သီလသည်လည်း စစ်သည်တော်ကျင့်ဝတ်ပင်ဖြစ်သည်။ ကျင့်ဝတ်သီလ မရှိသောသူသည် လူကောင်းသူကောင်းမဟုတ်ဘဲ အကျင့်ပျက်သာဖြစ်သည်။ ထို့အတူစစ်သည်တော် ကျင့်ဝတ်မရှိသော တပ်မတော်သား တစ်ဦးသည်လည်း စစ်သည်တော်ကောင်း ဖြစ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် တပ်မတော်သားအဖြစ်သို့ ရောက်လာသည်နှင့် စစ်သည်တော်ကျင့်ဝတ်ကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာစောင့်ထိန်း လိုက်နာကြရသည်။

    တပ်မတော်သည် စတင်ဖွဲ့စည်းသည်မှ ယနေ့တိုင် နိုင်ငံတော်အတွက် ကျစ်လျစ်ခိုင်မာစွာ ရပ်တည်နေနိုင်သည်မှာ စစ်သည်တော်ကျင့်ဝတ်ကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာလိုက်နာ ကျင့်သုံးနေကြ၍ဖြစ်သည်။

    တပ်မတော်သည် မျိုးချစ်တပ်မတော်ဖြစ်သည်။ စည်းကမ်းကောင်းသော တပ်မတော်ဖြစ်သည် အစရှိသော အစဉ်အလာကောင်း ၁၂ ရပ်နှင့်ပြည့်စုံသည့် တပ်မတော်ဖြစ်သည်။ စစ်စည်းကမ်းသည် တပ်မတော်ကျောရိုး ဖြစ်ကာ စည်းကမ်းလိုက်နာမှုရှိပြီး အမိန့်နာခံမှုရှိမှသာလျှင် စစ်သားကောင်း တစ်ယောက်ပီသမည်ဖြစ်သည်။

    နိုင်ငံတော်၏ လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရာတွင်  အမိန့်နာခံမှုရှိခြင်းသည် အလွန်အရေးကြီးပြီး စည်းကမ်းကောင်းမွန်ရန်လည်း လိုအပ်မည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် တပ်မတော်သည် နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ဦးထိပ်ထားနေခြင်းဖြစ်၍ တပ်မတော်သား တစ်ဦးချင်းမှသည် တပ်မတော်တစ်ရပ်လုံး စွမ်းရည်ရှိအောင် ဆောင်ရွက်လျက်ရှိသည်ကို ဂုဏ်ယူလျက် ရှိပါကြောင်း ရေးသားလိုက်ရပေသည်။  ။