နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပဆီသို့

 

နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပဆီသို့

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ မတ် ၇ ရက်)

    ကမ္ဘာ့နိုင်ငံအများစုတွင် စားရေရိက္ခာ လိုအပ်မှုမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုမြင့်မားလျက်ရှိသည်။ ကမ္ဘာတစ်ဝန်း ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များအရ စိုက်ပျိုးထားသော သီးနှံများ ရိတ်သိမ်းချိန်မတိုင်မီ ထိခိုက်ပျက်စီးမှုများ ရှိနေသည်။ မြန်မာနိုင်ငံတွင်လည်း စားရေရိက္ခာ မလုံလောက်မှု အန္တရာယ်မှ ကျော်လွှားနိုင်ရေးနှင့် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းအား ကောင်းရေးတို့ကို ကြိုတင်စဉ်းစား လုပ်ဆောင်လျက်ရှိပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့် အရန်မျိုးစေ့များ စုဆောင်းထားရှိခြင်း၊ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခြင်း၊ သီးနှံပျက်စီး ဧရိယာများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို တောင်သူလယ်သမားများ၏ အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများပြဋ္ဌာန်းထားပြီး အထူးအလေးထား အားပေးကူညီ ဆောင်ရွက်လျက်ရှိသည်။

    ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ ရေကို   အကျိုးရှိရှိထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ရေလိုအပ်ချက်နည်းသော သက်တမ်းတိုသီးနှံများ ပြောင်းလဲစိုက်ပျိုးရပေမည်။ ဒေသအခြေအနေပေါ် မူတည်၍ ဒေသနှင့်ကိုက်ညီသော သီးနှံနှင့်သီးနှံပုံစံများကိုလည်း ပြောင်းလဲစိုက်ပျိုးကြရမည်ဖြစ်သည်။ ခေတ်မီရေသွင်းကိရိယာများ အသုံးပြုစိုက်ပျိုးခြင်း၊ ရေလိုအပ်မှုနည်းသည့် သီးနှံများပြောင်းလဲ စိုက်ပျိုးခြင်းဖြင့် ရေကိုချွေတာ သုံးစွဲကြရမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ရေရှားပါးမှုအခက်အခဲအား ဖြေရှင်းရန် ရေလှောင်တမံပေါင်း ၂၄၆ ခု၊ ရေလွှဲဆည် ၁၄၄ ခု၊ ရေကန် ၇၂ ခု၊ ရေတံခါး ၁၉၉ ခု၊ ရေတင်လုပ်ငန်း ၂၁၉ ခု စုစုပေါင်း၈၈၀ ခု ဆောင်ရွက်ပေးထားပြီး စိုက်ဧက ၃၁ သိန်းကျော်အား အကျိုးပြုလျက်ရှိပါသည်။

    ထို့ပြင် မြေအောက်ရေ အရင်းအမြစ်များမှ စက်ရေတွင်း ၂၅၅၁၃  ခုတူးဖော်ခြင်း၊  ယာယီချောင်းပိတ်တမံများ ပြုလုပ်ပြီး ဆိုလာရေတင်စနစ်ဖြင့် ရေရရှိရေး ဆောင်ရွက်ခြင်း၊ ပင်လယ်နှင့်ထိစပ်လျက် ရှိသောဒေသများ၊ မြစ်ဝကျွန်းပေါ်ဒေသများနှင့် မြစ်ရေကြီးမှုဖြစ်ပေါ်လေ့ရှိသော ဒေသများတွင် ရေကြီးနစ်မြုပ်မှု၊ ပင်လယ်ရေငန်ဝင်ရောက်မှုမှကာကွယ်ရန် ရေငန်တားတာများ တည်ဆောက်ခြင်း၊ ရေဘေး ကာကွယ်ရေးတာများ တည်ဆောက်ခြင်းတို့ဖြင့် စိုက်ပျိုးရေလုံလောက်စွာရရှိရေးနှင့် ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ရေး လုပ်ငန်းများကို နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိပါသည်။

    မည်သည့်လုပ်ငန်းမဆို ခေတ်မီနည်းပညာရှိမှသာ ပိုမိုတိုးတက်မည်ဖြစ်သည်။ သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရေးအတွက် ခေတ်မီစိုက်ပျိုး နည်းပညာများ၊ ရာသီဥတု၊ ဈေးကွက်နှင့် လယ်ယာကဏ္ဍဆိုင်ရာ သတင်းအချက်အလက်များကို “တောင်သူလယ်သမားကဏ္ဍ ရုပ်သံလိုင်း”၊  မြန်မာ့အသံရေဒီယိုမှ “သုတပဒေသာ စိုက်ပျိုးနည်းပညာ အစီအစဉ်” ဖြင့်ထုတ်လွှင့်ပေးခြင်း၊ မြဝတီရုပ်မြင်သံကြားမှ “စိုက်ပျိုးသုတ” အစီအစဉ်များ ထုတ်လွှင့်ပေးခြင်း၊ သတင်းစာများ၊ ဂျာနယ်များ၊ ပညာပေးစာစောင်များ၊ လယ်ယာစီးပွား သတင်းစာစောင်များ ထုတ်ဝေပေးခြင်း၊   မိုဘိုင်းဖုန်းများမှတစ်ဆင့်   စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို ဖြန့်ဝေပေးခြင်း  စသည်တို့ဖြင့် တောင်သူလယ်သမားများ အားလုံး လေ့လာသိရှိနိုင်အောင် ဆောင်ရွက်ပေးလျက် ရှိပါသည်။

    နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ အရင်းမပျောက်မတည်ငွေဖြင့်  ယခင်နှစ်က ပဲတီစိမ်းနှင့်နွေစပါး စီမံကိန်းကို လည်းကောင်း၊ ယခုနှစ်တွင် မိုးစပါးစီမံကိန်းနှင့် ဆီထွက်သီးနှံစီမံကိန်းကို လည်းကောင်း ပံ့ပိုးဆောင်ရွက် ပေးလျက်ရှိပါသည်။  စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ပြည်နယ် ၈ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ/တိုင်း ၆ ခုကို လည်းကောင်း၊ တိုင်းဒေသကြီး  ၆ ခုကိုလည်းကောင်း အရင်းအနှီးများ မတည်ထောက်ပံ့ပေးပြီး စိုက်ပျိုးမွေးမြူရေးနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။

    နိုင်ငံတော်အစိုးရ၏ ပံ့ပိုးပေးမှု၊ တောင်သူလယ်သမားကြီးများနှင့် လုပ်ငန်းရှင်များ၏ စွမ်းဆောင်မှုတို့ကြောင့်ဆန်နှင့်ဆန်ထွက်ပစ္စည်းများ၊ ပဲအမျိုးမျိုးနှင့်ပြောင်းတို့ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလအထိ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ နီးပါးကို ပြည်ပသို့ တင်ပို့နိုင်ခဲ့ပါသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလအထိ ဆန်တန်ချိန် ၁၄၆၅၇၉၃ တန်၊ ပဲတန်ချိန် ၁၂၉၂၇၆၆ တန်နှင့် ပြောင်းတန်ချိန် ၈၉၁၀၃၈ တန် ပြည်ပသို့တင်ပို့နိုင်ခဲ့ကြောင်း သိရှိရသည်။ ပွင့်လင်းရာသီကာလအတွင်း ပြည်ပသို့ ဆန်နှင့် ကောက်ပဲသီးနှံများ တင်ပို့ရာတွင် သင်္ဘောကြီးများ နှောင့်နှေးကြန့်ကြာခြင်းမရှိ ဝင်၊ ထွက်နိုင်ရေး၊ သတ်မှတ်ချိန်အတိုင်း သင်္ဘောတင်ပြီးစီးရေး၊ အလေအလွင့် အနည်းဆုံးဖြင့် အရည်အသွေးနှင့် အရေအတွက် ပြည့်မီစွာ တင်ပို့နိုင်ရေးတို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိသည်။

    ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် ၂ ဒသမ ၄ သန်းတင်ပို့ခဲ့သည့်အတွက် ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးအဆင့် (၅) နေရာတွင် ရောက်ရှိခဲ့သည်။ ယခု ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံမှ ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး အဆင့် (၈) နေရာတွင် ရှိနေပါသည်။ ပြည်ပနိုင်ငံများသို့ နှစ်စဉ်ဆန်တန်ချိန် ၂ ဒသမ ၁ သန်း တင်ပို့လျက် ရှိရာ နှစ်စဉ်အမေရိကန်ဒေါ်လာသန်း ၈၀၀ နီးပါးရရှိသည်။ လက်ရှိဘဏ္ဍာနှစ်တွင် ပြည်တွင်း၌ ဆန်ဈေးကွက် တည်ငြိမ်စေရန်အတွက် ကျန်ရှိနေသည့် ကာလအတွင်း ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုကို လျှော့ချသွားမည် ဖြစ်ကြောင်း သိရှိရသည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်း ဆောင်ရွက်ချက်များအား ဂုဏ်ပြုပါကြောင်း ရေးသားလိုက်ရပေသည်။      ။