အရှိန်အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီးများတွင် မြှုပ်နှံပေး

 

အရှိန်အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီးများတွင် မြှုပ်နှံပေး

 

အယ်ဒီတာ့အာဘော်                

 (၂၀၂၄ ခုနှစ်၊ မတ် ၈ ရက်)

    နှစ်စဉ် မတ်လ ၈ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်သည်။ ၁၉၁၀ ပြည့်နှစ်တွင် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့၌ ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ ညီလာခံတွင် ဂျာမနီနိုင်ငံမှ အမျိုးသမီး ကိုယ်စားလှယ်တစ်ဦး၏ အကြံပြုတင်ပြချက်အရ နှစ်စဉ် မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် နှစ်စဉ်ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အတွက် နှစ်စဉ်ဆောင်ပုဒ်တစ်ခု သတ်မှတ်ပြီး  ကျင်းပခဲ့သည်မှာ  ၂၀၂၄ ခုနှစ်သို့ပင် ရောက်ရှိလာပြီဖြစ်သည်။

ယခုနှစ် မတ်လ ၈ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အတွက် သတ်မှတ်ထားသော ဆောင်ပုဒ်မှာ အရှိန်အဟုန်ဖြင့် တိုးတက်ရေး အမျိုးသမီးများတွင် မြှုပ်နှံပေး 'Invest in Women: Accelerate Progress''  ဟူ၍ဖြစ်သည်။ အမျိုးသမီးများ၏ အခန်းကဏ္ဍကိုမြှင့်တင်ပေးပြီး အမျိုးသားများနှင့်တန်းတူညီမျှရှိစေရန်၊ အမျိုးသမီးများ၏ အခွင့်အရေးနှင့် စွမ်းဆောင်နိုင်မှုများကို ဂရုပြုအာရုံစိုက် မိလာစေရန်နှင့် အမျိုးသမီးများ၏ အခွင့်အရေးများကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်ရန် ရည်ရွယ်လျက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကျင်းပလျက်ရှိသည်။

ဤကမ္ဘာလောကကြီးသည် အမျိုးသမီးများ၏ စွမ်းဆောင်မှုပေါ်တွင် တည်ရှိနေသည်ဟု ဆိုနိုင်သည်။ အမျိုးသမီးမှန်သမျှသည် မိခင်လောင်းများဖြစ်သည်။ လူသားမျိုးနွယ်တို့ကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနေသူများ ဖြစ်သည့်အတွက် လူသားတိုင်း၏ လက်ဦးဆရာသည် မိခင်များဖြစ်သည်။ မိခင်များ၏ သွန်သင်ဆုံးမကောင်းလျှင် ကောင်းသည့်အလျောက် အမျိုးသားကောင်း၊ အမျိုးသမီးကောင်းများ ပေါ်ထွက်လာမည်ဖြစ်ပေသည်။ ကြမ်းတမ်း ခက်ထန်စိတ်ရှိသူက မွေးဖွားသူသည် ကြမ်းတမ်းခက်ထန်သော အပြုအမူမျိုး ဖြစ်လာနိုင်သလို နူးညံ့သိမ်မွေ့စိတ်ဖြင့် မွေးဖွားလာသူသည် နူးညံ့သိမ်မွေ့ကာ ကမ္ဘာကြီးကို ကောင်းကျိုးပြုသူ ပေါများလာပေလိမ့်မည်။

ကမ္ဘာကြီးတွင် တစ်ချိန်က အမျိုးသမီးတို့ဘဝသည် တန်းတူအခွင့်အရေးပေးခြင်း မခံခဲ့ရဘဲ နှိမ့်ချဆက်ဆံခြင်းခံခဲ့ကြရသည်။ အလုပ်အကိုင် အခွင့်အလမ်းမှ အစပြု၍ အခြားသောလူမှုရေး၊ စီးပွားရေးတို့တွင် ခွဲခြားဆက်ဆံခြင်း ခံခဲ့ရသည်။ ကမ္ဘာကြီးတွင်  နည်းပညာများ ခေတ်မီတိုးတက် လာခြင်းနှင့်အတူ  အမျိုးသမီးများ၏ ကြိုးစားအားထုတ်မှုစွမ်းရည်ကြောင့် လူမှုရေးနယ်ပယ်၊ ပညာရေးနယ်ပယ်၊ စီးပွားရေး နယ်ပယ်နှင့် နိုင်ငံရေးနယ်ပယ်တို့အထိ  အမျိုးသမီးတို့ပါဝင် ဆောင်ရွက်လာနိုင်ကြပြီဖြစ်သည်။  အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာခြင်းနှင့် အတူ  အမျိုးသမီးများသည် အမျိုးသားများကဲ့သို့ လုပ်ငန်းခွင် ဝင်နိုင်ကြပြီဖြစ်သည်။

ကမ္ဘာပေါ်ရှိ လူမျိုးစုတိုင်းအတွက် အရေးကြီးဆုံးမှာ အမျိုးသမီးများ ဖြစ်ကြသည်။ အမျိုးသမီးတိုင်း၏ အဓိကတာဝန် ဝတ္တရားမှာလည်း အမျိုးအနွယ်ကို ထိန်းသိမ်း စောင့်ရှောက်ခြင်းဖြစ်သည်။  မြန်မာတို့၏ လူမှုကျင့်ဝတ် ဆိုင်ရာများတွင်လည်း စောင့်လေမျိုးနွယ်သည် အဓိကနေရာတွင် ပါရှိသည်။ အမျိုးပျောက်မှာ စိုးကြောက်လှသည်ဟူသော ဆောင်ပုဒ်သည် အမျိုးကို မစောင့်ရှောက်ဘဲ မိမိတို့စိတ်အလိုလိုက်ကာ မျိုးနွယ်ပျက်စီးမည်ကို သတိပေးခြင်းဖြစ်သည်။ ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းတွင်လည်း ဤအချက်ကို အလေးထားကြောင်း တွေ့မြင်ကြားသိ

နေရသည်။ အမျိုးသမီးများကို ယောကျ်ားများနှင့် အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ၊ စွမ်းဆောင်မှု ပညာရပ်ပိုင်းဆိုင်ရာများတွင် တန်းတူရည်တူမျှတစွာ ရှိနေရမည်ဖြစ်သော်လည်း သဘာဝတရားအရ အမျိုးသမီးတို့သည်လည်း အမျိုးသမီးတာဝန်၊ အမျိုးသားတို့သည်လည်း အမျိုးသား တာဝန်များမှာ သီးခြားစီရှိနေမည်သာ ဖြစ်သည်။

နိုင်ငံနှင့်လူမျိုးအလိုက် ယဉ်ကျေးမှု ဆိုင်ရာများတွင် သူ့နိုင်ငံ သူ့ယဉ်ကျေးမှု၊ မိမိနိုင်ငံ မိမိတို့ယဉ်ကျေးမှုကို အစဉ်လေးစား လိုက်နာကြရမည်ဖြစ်ပါသည်။ အမျိုးသမီးမှန်သမျှသည် ဟီရိ၊ သြတ္တပ္ပတရား နှစ်ပါးကို အမြဲလက်ကိုင် ထားကြရမည်သာဖြစ်သည်။ အရှက်အကြောက် ကင်းမဲ့မည်ဆိုပါက ကမ္ဘာကြီးတွင် ယဉ်ကျေးမှုများ ဆုတ်ယုတ်ကာ အရိုင်းအစိုင်းများအဖြစ် တွင်ရစ်တော့မည်ဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးတိုင်းသည် အသိပညာ၊ အတတ်ပညာများ တတ်ကျွမ်းပြီး စဉ်းစားဆင်ခြင် ဆုံးဖြတ်ခြင်း မှန်ကန်ရန် လိုအပ်လှပေသည်။

အမျိုးသမီးများတွင် မြင့်မြတ်သော ကိုယ်ကျင့်တရားသည် အဓိကဖြစ်သည်။

မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်မှာ အမျိုးသမီးများဖြစ်ပေရာ နိုင်ငံတာဝန် ထမ်းဆောင်မှုများတွင် အမျိုးသမီးများကိုလည်း တန်းတူအခွင့်အရေး ပေးထားပြီးဖြစ်သည်။ အမျိုးသမီးများ အနေဖြင့် ပြည်ထောင်စု တည်ဆောက်ရေးတွင် အရေးပါသည့်အင်အားစု တစ်ရပ်လည်းဖြစ်ပြီး နိုင်ငံအတွက် အလွန်အဖိုးတန်သည့် လူသားအရင်းအမြစ်များဖြစ်သည်။ မြန်မာနိုင်ငံရှိ အမျိုးသမီးတို့မှာလည်း တတ်ကျွမ်းသော ပညာရပ်များအလိုက် နိုင်ငံ့တာဝန်ကို ထမ်းဆောင်လျက်ရှိကြရာ အရှိန်အဟုန်ဖြင့် တိုးတက်ရေး အမျိုးသမီးများတွင် မြှုပ်နှံပေး ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးများဘဝ မြင့်မားတိုးတက်စေရေး အသိပညာ၊ အတတ်ပညာနှင့် အခြားသော ပညာရပ်များကို ဖြည့်ဆည်းပေးကြရန် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။  ။