နိုင်ငံအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ

 

နိုင်ငံအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ

 

အယ်ဒီတာ့အာဘော်                

 (၂၀၂၄ ခုနှစ်၊ မတ် ၉ ရက်)

    ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၄) ကိုမတ်လ ၄ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ ရေးဆွဲရေးနှင့် စံပြုလုပ်ထုံးလုပ်နည်း ပြုစုရေးဆွဲရေးတို့နှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးကြသည်။ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ စံပြုလုပ်ထုံးလုပ်နည်း ပြုစုရေးဆွဲရေးနှင့် နည်းဥပဒေ ပြုစုရေးဆွဲရေး အလုပ်အဖွဲ့ကို စစ်ဥပဒေချုပ်ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းပေးခဲ့သည်။

ယင်းအလုပ်အဖွဲ့အနေဖြင့် နည်းဥပဒေရေးဆွဲရေး အစည်းအဝေး(၂)ကြိမ်ပြုလုပ်ခဲ့ပြီး နည်းဥပဒေ(တတိယမူကြမ်း)ကို ရေးဆွဲခဲ့ပြီးဖြစ်သည်။ စံပြုလုပ်ထုံးလုပ်နည်းကိုလည်း ဥပဒေရေးရာ ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ရေးဆွဲထားပြီးဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့အနေဖြင့်   လုပ်ငန်းများ စနစ်တကျဖြစ်စေရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစီးသည့် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟို၊ ဥက္ကဋ္ဌရုံးအဖွဲ့ကို ဖေဖော်ဝါရီလ ၂၁ ရက်တွင်လည်းကောင်း၊ မြို့နယ်၊ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များကို ဖေဖော်ဝါရီလ ၂၂ ရက်တွင် လည်းကောင်း၊ ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်းသည့် အလုပ်အဖွဲ့ရှစ်ဖွဲ့ကို ဖေဖော်ဝါရီလ ၂၄ ရက်တွင် လည်းကောင်း၊ ပြည်သူ့ စစ်မှုထမ်းဆိုင်ရာ  ှုွှ နည်းပညာနှင့် အချက်အလက်မှတ်တမ်းတင်ခြင်း အထောက်အကူပြု လုပ်ငန်းအဖွဲ့နှင့် ပြည်သူ့စစ်မှုထမ်းများ အလုပ်အကိုင် ပြန်လည်ခန့်အပ်ရေး အလုပ်အဖွဲ့ကို  ဖေဖော်ဝါရီလ ၂၅ ရက်တွင် လည်းကောင်း ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

ဖွဲ့စည်းတာဝန်ပေးထားသည့် အလုပ်အဖွဲ့များအနေဖြင့် ကဏ္ဍအလိုက် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပြည်သူ့စစ်မှုထမ်းများ လေ့ကျင့်ရေး အလုပ်အဖွဲ့အနေဖြင့် သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ် နိုင်ရေး လေ့ကျင့်သင်ကြားပေးနိုင်မည့် သင်တန်းကျောင်းကို လျာထားစီစဉ် ဆောင်ရွက်ထားပြီးဖြစ်ပါသည်။

ထို့ပြင် ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်စပ်လျဉ်း၍ ပြည်သူလူထုအတွင်း ထင်ယောင်ထင်မှား မဖြစ်စေရေးနှင့်  သတင်းမှန်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အချက်အလက်များကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်မှစ၍ Mobile Operator  လေးခုမှတစ်ဆင့်  Short Message  Service (SMS) များပေးပို့ ဆောင်ရွက်လျက်ရှိပါသည်။

ပြန်ကြားရေး ဝန်ကြီးဌာနမှ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သိမှတ်ဖွယ်ရာ လက်ကမ်းစာစောင် စောင်ရေ တစ်သိန်းအား တိုင်းဒေသကြီး၊ ပြည်နယ်များမှ တစ်ဆင့်ပြည်သူများသို့ အခမဲ့ဖြန့်ဝေ ပေးထားပြီးဖြစ်သည်။မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြားနှင့် ရေဒီယိုတို့မှလည်း သတင်း၊ TV Spot?၊ ဆောင်းပါး၊ အယ်ဒီတာ့အာဘော်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်မှ ပြည်သူသို့ ပြောကြားချက်များ စသည်ဖြင့် ထုတ်လွှင့်လျက်ရှိပါသည်။ အချို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ယင်းတို့၏ အစီအစဉ်ဖြင့် အခမဲ့ဖြန့်ဝေ ပေးနိုင်ခဲ့သည်ဟု သိရှိရပါသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေဖြင့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံချိန်တွင် လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ YMBA နှင့် တွေ့ဆုံချိန်တွင် လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်နေသည့် မြန်မာနိုင်ငံ၏ သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများနှင့် တွေ့ဆုံချိန်တွင်လည်းကောင်း ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်ပြီး  ပြည်သူများ သိရှိအောင် ပြောကြားခဲ့ပြီးဖြစ်သည်။ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်အရန်တပ်ဖွဲ့ ဥပဒေတို့မှာ ယခင် ကတည်းက ပြဋ္ဌာန်းခဲ့သည့် ဥပဒေများဖြစ်သည်။ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်ပြီး တွက်ချက်ချင့်ချိန် ဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံအတွက်လည်း ဝန်ထုပ်ဝန်ပိုး မဖြစ်ရန်အတွက် သတ်မှတ်အပိုင်းအခြား အတွင်းမှာ သင့်တင့်လျောက်ပတ်သည့် အင်အားသာ  တာဝန်ထမ်းဆောင်ရန်ဖြစ်သည်။ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေဖြစ်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံသားတိုင်းသည်  ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန် အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန် ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်မှုထမ်းဆောင်နိုင်ရန် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်က ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်း ဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့နိုင်ငံများမှ အများစုသည် မိမိနိုင်ငံကာကွယ်ရန်၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရန်အတွက် တပ်မတော်၏အင်အားကို တည်ဆောက်ကြရသည်။ ထိုသို့ တည်ဆောက်ကြသည့်အခါ နိုင်ငံ၏ဓနအင်အား၊ နိုင်ငံ၏လူဦးရေ စသည်များအပေါ် မူတည်ပြီး ဆန္ဒအလျောက် စစ်မှုထမ်းစေသည့်စနစ်နှင့် စစ်မှုမထမ်း မနေရစနစ်တို့ကို ရွေးချယ်ကျင့်သုံးလျက်ရှိကြရာ မြန်မာနိုင်ငံအနေဖြင့် မိမိနိုင်ငံကို ကာကွယ်ရေးတာဝန်သည် နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်သည့်အတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေကိုပြဋ္ဌာန်းခြင်းမှာ နိုင်ငံတော်အတွက် မှန်ကန်သင့်လျော်ကြောင်း ရေးသားလိုက်ရပေသည်။   ။