ဝါအထွက်နှုန်းတိုးတက်စေရေး

 

ဝါအထွက်နှုန်းတိုးတက်စေရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ်လ ၇ ရက်နေ့ကကျင်းပသော ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့်အထည်အလိပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ဆွေးနွေးစဉ် ဝါစိုက်ပျိုးမှုများမှ ထွက်ရှိသည့်ဝါများကို ဗိုင်းငင်ခြင်းအားဖြင့် ဝါဂွမ်း၊ လင်တာဂွမ်း(အမျှင်တို)နှင့်ဝါစေ့များထွက်ရှိလာမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ ဝါစေ့များကို ဆီကြိတ်သည့်လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ဆီစက်လုပ်ငန်းများ လည်ပတ်လာပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိမည်ဖြစ်သည့်အပြင် ဝါစေ့ကြိတ်ဖတ်များအား တိရစ္ဆာန်အစာများအဖြစ် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဝါဂွမ်းများမှတစ်ဆင့် ချည်ထည်ပစ္စည်းများကိုထုတ်လုပ်နိုင်မည်။ ချည်ထည်ပစ္စည်းများ ထုတ်လုပ် ရမည်ဖြစ်သဖြင့် ရက်ကန်းစက်များ လည်ပတ်နိုင်ခြင်း၊ ရရှိလာသည့် အထည်အလိပ်များကို အထည်ချုပ် လုပ်ငန်းများ လုပ်ကိုင်ခြင်းစသည့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်။

ချည်မျှင်နှင့်အထည်အလိပ်နှင့် ပတ်သက်၍ ပြည်ပမှတင်သွင်းနေရမှုများကို လျှော့ချနိုင်ခြင်းကြောင့် နိုင်ငံအတွက် များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။ လက်ရှိဝါစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများမှတစ်ဆင့် တိုင်းပြည် စီးပွားရေးကို ကောင်းမွန်တိုးတက်အောင် အထောက်အကူပြုနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဝါထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်၍ ဝါများစိုက်ပျိုးထွက်ရှိသကဲ့သို့ ဝါဂွမ်းကို စနစ်တကျထုတ်လုပ်နိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ လက်ရှိအနေအထားတွင် ဝါစိုက်ဧကငါးသိန်း၌ တစ်ဧကလျှင် ပိဿာချိန် ၇၀၀ ခန့်ထွက်ရှိမည်ဆိုပါက လူဦးရေသန်း ၅၀ တွင် တစ်ဦးလျှင် ချည်ပိတ် ကိုက် ၃၀ ခန့်အသုံးပြုနိုင်မည်ဖြစ်သည်။ လက်ရှိထွက်နေသည့်ဝါကုန်ကြမ်းများကို ချည်ချောများ ထုတ်လုပ်နိုင်မည်ဆိုပါက  ပြည်ပမှချည်ထည်များ တင်သွင်းနေရမှုများကို လျှော့ချနိုင်မည်ဖြစ်သည်။ ဝါအထွက်နှုန်းများ တိုးတက်စေရေးအတွက် လိုအပ်သည့် စိုက်နည်းစနစ်များ၊ သွင်းအားစုများနှင့် အောင်ရေများ ရရှိရေးအတွက် ရေရှည်ကိုကြည့်၍ စီမံတွက်ချက်ဆောင်ရွက်ကြရမည်ဖြစ်သည်။

ပြည်တွင်းမှထွက်ရှိသည့်ချည်များကို အထည်ချုပ်လုပ်ငန်းများတွင် အသုံးပြုနိုင်ခြင်းကြောင့် ချည်ထည် လုပ်ငန်းများဖြင့် CMP လုပ်ငန်းနှင့် MSME လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ဝါကြိတ်စက်၊ ချည်ငင်စက်၊ ချည်ထည်ပစ္စည်းများကို အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME) များဖြင့် ဆောင်ရွက်နိုင်မည်ဆိုပါက  ပြည်သူများ အလုပ်အကိုင် ရရှိရေးအတွက် များစွာ အထောက်အကူပြုစေမည် ဖြစ်သည်။ ပြည်တွင်းချည်လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေး ဝါစိုက်ပျိုးထုတ်လုပ်မှုကို တိုးမြှင့်ရန်လိုအပ် သကဲ့သို့ ချည်မျှင်စက်ရုံများ တိုးချဲ့တည်ဆောက်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများကိုလည်း ဆောင်ရွက်ကြရမည် ဖြစ်သည်။ လုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်အောင် ဆောင်ရွက်ခြင်းမှာ အမျိုးသားရေးပင်ဖြစ်သည်။

စိုက်ပျိုးထွက်ရှိသည့်ဝါများကို သိုလှောင်၍ လုပ်ငန်းများကိုစဉ်ဆက်မပြတ် ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် အလုပ်အကိုင် အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်။ အလုပ်လက်မဲ့ရာခိုင်နှုန်းကို လျှော့ချပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့်အဓိကအားဖြင့် ဝါအထွက်နှုန်းများ တိုးတက်စေရေးကို ဦးစားပေး ဆောင်ရွက်သွားရမည် ဖြစ်သဖြင့် ရည်မှန်းချက်များချမှတ်၍ ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ထွက်ရှိလာသည့် ဝါများအား ကုန်ချောချည်နှင့်ပိတ်များ ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်သွားရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် အဆင့်မီသည့်ချည်ထည်များကို ထုတ်လုပ်နိုင်ခြင်းဖြင့် နိုင်ငံအတွင်း အထည်ချုပ်လုပ်ငန်းများ တိုးတက်လာပြီး နိုင်ငံအတွက် လိုအပ်သည့် အဝတ်အထည်များကို ထုတ်လုပ်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် ဝါအထွက်နှုန်းများ တိုးတက်စေရေးနှင့် ဝါကုန်ကြမ်းများမှ အဆင့်မီသည့်ချည်ထည်များ ထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်နေခြင်းဖြစ်သည်။ အဝတ်အထည်နှင့်ပတ်သက်၍ ပြည်ပမှနှစ်စဉ် တင်သွင်း နေရခြင်းများလည်း လျော့နည်းပပျောက်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ဝါကြိတ်စက်များကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းရမည် ဖြစ်သည်။

ပြည်တွင်းမှ ထွက်ရှိသည့်ဝါဂွမ်းများ ပြည်တွင်းဈေးကွက်တွင် ရောင်းချနိုင်ရေးနှင့် ချည်ကုန်ချောများ၊ အဆင့်မြင့်ချည်ထည်များထုတ်လုပ်နိုင်ရေးကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့်ချည်မျှင်နှင့်အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဦးစွာအရည်အသွေးကောင်းသော (A)အဆင့်ရှိ ဝါများပြောင်းလဲ စိုက်ပျိုးကြရမည် ဖြစ်သည်။ ထိုမှတစ်ဆင့်ထွက်ရှိလာသည့် ဝါကုန်ကြမ်းများကို ချည်မျှင် ထုတ်လုပ်နိုင်ရေးနှင့် ပိတ်အဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရေးကိုလည်း ကြိုးပမ်းလုပ်ဆောင်ကြရမည်ဖြစ်သည်။

ဝါမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ပြည်ပနိုင်ငံများနှင့် ပူးပေါင်းသုတေသနပြုစမ်းသပ် စိုက်ပျိုးခြင်း များကိုလည်း ဆောင်ရွက်ရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ဝါအထွက်နှုန်းများ တိုးတက် စေရေးအတွက် ဦးစားပေးဆောင်ရွက်ရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အတိုင်း ဝါသီးနှံစိုက်ပျိုး ထုတ်လုပ်မှုနှင့် ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။