တို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ

 

တို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ မတ် ၁၁ ရက်)

    နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသူများအနေဖြင့် မိမိတို့နေထိုင်ရာ ဒေသတွင် တည်ငြိမ်အေးချမ်းခြင်းကို လိုလားကြသည်။ တည်ငြိမ်အေးချမ်းမှုရှိနေမှ အသက်ရှင်သန် ရပ်တည်နိုင်ရေးအတွက် လူမှုကိစ္စမှန်သမျှကို လုပ်ကိုင်ဆောင်ရွက်နိုင်ကြမည်။ နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှုရှိပြီး သာယာနေစေရေးအတွက် ဆောင်ရွက်ကြရာတွင် မိမိတို့တစ်ဦးချင်းကလည်း တတ်နိုင်သည့်နေရာမှ ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ မိသားစုတစ်စုနေထိုင်သည့် အိမ်တစ်အိမ်၏ ကောင်းကျိုးဆိုးကျိုးကို အဆိုပါမိသားစုများကသာ ကြုံတွေ့ခံစားရမည်ဖြစ်သကဲ့သို့ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသူများ အနေဖြင့် နိုင်ငံတော်၏ ကောင်းကျိုး ဆိုးကျိုးများကို နိုင်ငံသားများသာ ခံစားကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း နေထိုင်ခြင်းမရှိသူ အချို့နှင့် ပြည်ပနိုင်ငံအချို့သည် မြန်မာနိုင်ငံ၏ အကောင်းအဆိုးကို သူတို့ကြုံတွေ့ရသည် မဟုတ်သည့်အတွက် နိုင်ငံပျက်စီးရေးကို ရှေးရှု လုပ်ဆောင်နေကြပါသည်။

ပြည်ပနိုင်ငံအချို့နှင့် ပြည်ပနိုင်ငံအချို့တွင် ခိုအောင်းနေထိုင်ကာ မြန်မာနိုင်ငံ ပျက်စီးရေးကို လုပ်ဆောင်နေသူများ၏ လုပ်ရပ်များကို ပြည်သူတစ်ရပ်လုံးက ထင်ရှားစွာ တွေ့မြင်နေကြရပြီဖြစ်သည်။ နိုင်ငံအတွင်း လက်နက်စွဲကိုင်ကာ အဖျက်လုပ်ရပ်များကို လုပ်ဆောင်နေသူများအနေဖြင့် နိုင်ငံအတွင်းရှိ ပြည်သူများအတွက် မည်သည့်ကောင်းကျိုးမျှ  လုပ်ဆောင်ခြင်းမရှိဘဲ ပြည်သူများ အတိဒုက္ခရောက်အောင်သာ လုပ်ဆောင်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် “အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီသည့် တစ်ခုတည်းသော မျိုးချစ်တပ်မတော်”ရှိနေခြင်းကြောင့်သာ နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေခြင်း ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ ပေါ်ထွန်းလာသည့် တပ်မတော်သည် အမြဲထာဝစဉ် နိုင်ငံတော်အတွက်သာဖြစ်သည်။ ခေတ်သမိုင်းကို ဆစ်ပိုင်းကြည့်မည်ဆိုပါက ထင်ရှားမြင်သာသည့် သမိုင်းဖြစ်စဉ်များ အများကြီးရှိခဲ့သည်။ လွတ်လပ်ရေး ရရှိပြီးကာလတွင် လွတ်လပ်ရေးနှင့်အတူ ပေါ်လာသည့် လက်နက်ကိုင်သောင်းကျန်းသူတို့ကို ချေမှုန်းတိုက်ခိုက်ခြင်း၊ ပြည်ပကျူးကျော်မှု ကူမင်တန်တရုတ်ဖြူ တို့ကို တိုက်ထုတ်နိုင်ခြင်း၊ ထို့ပြင် အင်အားကြီးမားစွာ ရှိနေသည့်လက်နက်ကိုင် ရောင်စုံသောင်းကျန်းသူများကို မြန်မာနိုင်ငံ၏ အဓိကနေရာဒေသများမှ တိုက်ခိုက် မောင်းထုတ်နိုင်ခြင်းတို့မှာ ထင်ရှားသော လုပ်ဆောင်ချက်များဖြစ်သည်။

၁၉၈၈ ခုနှစ်က အရေးအခင်းနှင့်အတူ  ပေါ်ပေါက်လာခဲ့သော မိုင်းယန်းနှင့် မဲသဝေါတိုက်ပွဲတို့သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အဆုံးအဖြတ်ပေးမည့် တိုက်ပွဲကြီးများဖြစ်သည်။ တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ ရေးအတွက် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ခဲ့သည်။ ယနေ့အချိန်အခါကာလသည် ခေတ်မီနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ နည်းပညာ၏ ဆိုးကျိုးကိုလည်းကြုံရသည်။ နည်းပညာများတွင် အဆိုးရွားဆုံးသော လုပ်ရပ်မှာ သတင်းအတု၊ သတင်းအမှားများ ကျယ်ပြန့်စွာ လုပ်ဆောင်လာခြင်းဖြစ်သည်။ ထိုသတင်းအမှားများကြောင့် လူငယ်လူရွယ်များ လမ်းမှားသို့ ရောက်သွားကြရသည်။

အသိမှား အမြင်မှားခြင်းများနှင့် အတူ  လူငယ်လူရွယ်တို့၏ အနာဂတ်များ ပျောက်ဆုံးသွားကြသည်။

မိဘညီအစ်ကိုမောင်နှမများ စိတ်သောက ကြုံတွေ့ကြရသည်။ တချို့သောမိဘများနှင့် သားသမီးတို့မှာ အချိန်မီ အသိမှန်အမြင်မှန်ရ၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည်။ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်း မရှိသည့် PDF အဖွဲ့ဝင်များအား ဆုကြေးငွေ၊ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည့် သတင်းများကို ကြားသိနေရသော်လည်း အချို့သော PDF အဖွဲ့ဝင် လူငယ်များမှာ လာချင်သော်လည်း လာခွင့်မသာသည့် အခြေအနေဖြစ်သည်။ မြန်မာနိုင်ငံ ပျက်စီးရေးကို လုပ်ဆောင်နေသူများကြောင့် လူငယ်အချို့၏ အနာဂတ်ကို ပျောက်ဆုံးလျက်ရှိသည်။

မိဘတိုင်းက သားသမီးများ၏ အနာဂတ်ကို တန်ဖိုးထားသည်။ မိမိတို့၏သားသမီးများကို တန်ဖိုးရှိသော လူငယ်များဖြစ်စေချင်သည်။ နိုင်ငံအတွက် အားထားရသော သားကောင်း၊ သမီးမွန်များ ဖြစ်စေချင်သည်။

မိမိတို့၏ဘိုးဘွားများသည် နိုင်ငံတော်ကို ချစ်ခင်မြတ်နိုးစွာထိ န်းသိမ်းကာကွယ် စောင့်ရှောက်ခဲ့၍ ယနေ့တိုင် မိမိတို့သည် အချုပ်အခြာအာဏာပိုင်သည့် နိုင်ငံကိုပိုင်ဆိုင်ကြသည်။ ထို့အတူ မိမိတို့ သားသမီးများသည်လည်း မိမိနိုင်ငံကို မိမိချစ်မြတ်နိုး တန်ဖိုးထားသည့်စိတ် ရှိနေကြရမည်ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်း ဥပဒေကို အတည်ပြုကျင့်သုံးလိုက်ခြင်းမှာ မိဘတို့၏ စိတ်ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ခြင်းဖြစ်သည်။

နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ပါဝင်ထမ်းဆောင်ခွင့်ရရှိခြင်းမှာ ဂုဏ်ယူဖွယ် အလွန်ကောင်းသည်။

ယောက်ျားကောင်း၊ ယောက်ျားမြတ်၊ မိန်းမကောင်း၊ မိန်းမမြတ်အဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်သည်။ နိုင်ငံတော် အစိုးရအနေဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ လုပ်ဆောင်ချက်များကို စနစ်တကျစီစဉ် ဆောင်ရွက်နေဆဲမှာပင် မြန်မာနိုင်ငံကောင်းကျိုးကို မလိုလားသည့်ပြည်ဖျက် မီဒီယာတို့က သတင်းအမှားများကို ထုတ်လွှင့်နေပြီ ဖြစ်သည်။ ထို့ကြောင့် မိဘပြည်သူများ၊ လူငယ်မောင်မယ်များ အနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိရှိအောင် လေ့လာကြစေလိုပါသည်။ မိမိနိုင်ငံကို မိမိတို့ကာကွယ်ရခြင်းမှာ နိုင်ငံသားတိုင်း၏ မွေးရာပါတာဝန်ဖြစ်ပါသည်။ အနှစ်ချုပ်ဆိုရသော် “တို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ”ဆိုသည့်အတိုင်း မိမိနိုင်ငံကို မိမိတို့ ကာကွယ်စောင့်ရှောက် ကြရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။