လူငယ်တိုင်း စွမ်းရည်မြင့်မားအောင် ဖြည့်ဆည်းရေး

 

လူငယ်တိုင်း စွမ်းရည်မြင့်မားအောင် ဖြည့်ဆည်းရေး

 

အယ်ဒီတာ့အာဘော်                

 (၂၀၂၄ ခုနှစ်၊ မတ် ၁၂ ရက်)

    ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသည် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာခေတ်၏ စိန်ခေါ်မှု များကို ရင်ဆိုင်ကျော်လွှားနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံတွင် သဘာဝသယံဇာတ မည်မျှပင် ပေါကြွယ်ဝစွာ ရှိနေစေကာမူ လူသားအရင်းအမြစ်ကြွယ်ဝမှု မရှိလျှင် နိုင်ငံဖွံ့ဖြိုး တိုးတက်မှု ရှိနိုင်မည်မဟုတ်ပေ။ ကမ္ဘာ့နိုင်ငံအသီးသီးသည် မိမိနိုင်ငံရှိ လူသားအရင်းအမြစ် ကြွယ်ဝစေရန်အတွက် မျိုးဆက်သစ်လူငယ်များကို ဘက်ပေါင်းစုံတွင် ထူးချွန်ထက်မြက်အောင် ပြုစုပျိုးထောင်ပေးလျက်ရှိကြသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအတွင်းရှိ လူငယ်များကို ဘက်စုံပညာရေးစနစ်ဖြင့် အကောင်အထည်ဖော်နေပြီး ပညာကိုဆုံးခန်းတိုင်  သင်ကြား တတ်မြောက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက် ပေးလျက်ရှိပါသည်။

လူငယ်များမှာ နိုင်ငံတော်၏ သားကောင်းရတနာများဖြစ်သည့်အတွက် လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နိုင်သမျှ လုပ်ဆောင်ပေးလျက်ရှိပါသည်။ ယနေ့လူငယ်များသည် အနာဂတ်နိုင်ငံတော်ကို ဖန်တီးပုံဖော်ကြမည့် မျိုးဆက်သစ်များဖြစ်ကြသည်။ မျိုးဆက်သစ်တို့ အနေဖြင့် အရာရာတွင် ထူးချွန် ထက်မြက်နေရန်လို ပေသည်။ ထူးချွန်ထက်မြက်ရန် လူငယ်များကိုယ်တိုင် ကြိုးစားရမည်ဖြစ်သလို လူကြီးများကလည်း ပြုစုပျိုးထောင် ပေးကြရမည်ဖြစ်သည်။ပညာဆိုသည်မှာ ဘောင်အကန့်အသတ်မရှိ  နက်ရှိုင်း ကျယ်ပြန့်လှသည်။ မိမိ၏ကာယ၊ဉာဏ စွမ်းအားအပေါ်မူတည်ပြီး ထူးချွန်ထက်မြက်မည်သာဖြစ်သည်။

ပညာတတ်ချင်း တူလျှင်သော်မှ စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေသူက အမြဲသာလွန်နေပေလိမ့်မည်။

နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုး တိုးတက်သောနိုင်ငံအဖြစ် တည်ဆောက်ရာတွင် အသိပညာ တစ်ခုတည်းဖြင့် တည်ဆောက်၍မရနိုင်သကဲ့သို့ အတတ်ပညာ တစ်ခုတည်းနှင့်လည်း တည်ဆောက်၍ မရနိုင်ပေ။ အသိပညာနှင့် အတတ်ပညာနှစ်မျိုး ပေါင်းစပ်ပြီး နှံ့နှံ့စပ်စပ် ကျွမ်းကျင်တတ်မြောက်ထားမှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် လူ့ဘောင် အဖွဲ့အစည်းကို တည်ဆောက်နိုင်ပေမည်။ အသိပညာကိုအခြေခံပြီး လက်တွေ့နယ်ပယ်တွင် အတတ်ပညာရှင်အဖြစ် အများအကျိုးကို ဖော်ဆောင်ပေးနိုင်အောင် ယနေ့လူငယ်တိုင်း ကြိုးစားသင့်လှပေသည်။

အသိပညာ၊ အတတ်ပညာများအတွက် အကောင်းဆုံးမိတ်ဆွေမှာ စာကောင်းပေမွန်များ ဖတ်ရှုခြင်းဖြစ်သည်။

အလိမ္မာစာမှာရှိသည် ဆိုသည့်အတိုင်း အကျိုးရှိသည့်စာများကို ဖတ်ရှုခြင်း၊ မှတ်သားခြင်း၊ အသုံးပြုခြင်းတို့ဖြင့် တိုးတက်အောင် လုပ်ဆောင်ကြရမည်ဖြစ်သည်။

ယနေ့လူငယ်အချို့သည် အတုမြင်လျှင် အတတ်သင်တတ်ကြသည်။ အရာရာကို စူးစမ်းလိုကြသည်။

ကောင်းသောနေရာတွင် အတုယူသည်မှာ ကောင်းသည့်ကိစ္စဖြစ်သည်။ မကောင်းသောအရာတွင် စူးစမ်းလျှင်ကား မကောင်းသောကိစ္စ ဖြစ်လာမည်။ မကောင်းသည့်အရာဖြစ်သည့် အရက်ကလေး တစ်ခွက်လောက်၊ မူးယစ်ဆေးဝါးလေး တစ်ပြားလောက် စူးစမ်းမိလျှင်ကား မိမိဘဝ၏ တိုးတက်မှုကို ဖျက်ဆီးနင်းခြေပစ်လိုက်သည်နှင့် တူပေသည်။ အတုယူလွဲမှားခြင်း မရှိအောင် ပြုမူနေထိုင်သင့်လှပေသည်။ အပေါင်းအသင်းကြောင့် ဂုဏ်ပျက်၊ အပေါင်းအသင်းကြောင့် ဂုဏ်တက်ဆိုစကားကဲ့သို့ မိမိဂုဏ်တက်စေမည့်၊ မိမိအတွက် ကောင်းကျိုးဖြစ်စေမည့်  အပေါင်းအသင်းမျိုးကိုသာ ပေါင်းသင်းသင့်ပေသည်။

ယနေ့ခေတ်သည် နည်းပညာအမျိုးမျိုး၏ ထိုးဖောက်ဝင်ရောက်မှုကြောင့် ပညာရေးနယ်ပယ်၊ ယဉ်ကျေးမှုနယ်ပယ်တို့တွင် အတုယူလွဲမှားစေသော အရာများ တွေ့မြင်နေကြရသည်။ ယနေ့လူငယ်များ ဆောင်ရွက်သမျှသည် မိမိနိုင်ငံ၊ မိမိလူမျိုးတိုးတက် ကြီးပွားရေးအတွက်သာဖြစ်သင့်သည်။ လူငယ်တိုင်း စိတ်ဓာတ်ခိုင်မာရမည်။ မိမိနိုင်ငံ၏ကြီးမားသည့် ယဉ်ကျေးမှုအမွေအနှစ်များ၊ သမိုင်းကြောင်းများကိုလည်း ထဲထဲဝင်ဝင်လေ့လာ သိရှိထားသင့်သည်။ အမှန်စင်စစ် အမျိုးဘာသာ သာသနာ မျိုးချစ်စိတ်ဆိုသည်မှာ ကမ္ဘာ့နိုင်ငံတိုင်းတွင် ရှိနေသော စိတ်ဓာတ်ဖြစ်သည်။  ကမ္ဘာပေါ်တွင်  မျိုးချစ်စိတ်ဓာတ် မရှိသောနိုင်ငံနှင့်လူမျိုး၊ ၎င်းတို့ကိုးကွယ်သော သာသနာကို ဦးစားမပေးသော နိုင်ငံနှင့်လူမျိုးဟူ၍ တစ်နိုင်ငံမျှမရှိသေးပါ။ ရှိလိမ့်မည်လည်းမဟုတ်ပါ။ ထို့ကြောင့် မျိုးဆက်သစ်လူငယ်များကို တိုင်းပြည်နှင့်လူမျိုးကို ချစ်တတ်သောစိတ်၊ မိမိတို့ကိုးကွယ်သော ဘာသာတရားကို    မြတ်နိုးတန်ဖိုးထားသော စိတ်များရှိနေရန် လိုအပ်ပေသည်။

အနာဂတ်တွင် အသိပညာရှင်၊အတတ်ပညာရှင်များ ဖြစ်လာကြမည့် လူငယ်အပေါင်းတို့သည် မိမိတို့အတွက် အသိပညာ၊ အတတ်ပညာများ တိုးတက်သည်ထက် တိုးတက်အောင် ရှာဖွေဖြည့်ဆည်း နေကြရမည်ဖြစ်သကဲ့သို့

တိုင်းပြည်နှင့်လူမျိုး၊ ယဉ်ကျေးမှု၊ ဘာသာသာသနာကို တန်ဖိုးထားသော စိတ်ဓာတ်များကိုလည်း မွေးမြူရမည်ဖြစ်သည်။ သူများထက် ပိုတော်စေချင်လျှင် သူများထက် ပိုကြိုးစားကြရပေလိမ့်မည်။

ယနေ့လူငယ်မောင်မယ်များ တက်ရောက်သင်ကြားခဲ့သော တက္ကသိုလ်ဆိုသည်မှာ ကျွမ်းကျင်မှုအလိုက် အသိအမှတ်ပြု လက်မှတ်ပေးသည်။ ထို့ပြင် ထိုလက်မှတ်နှင့် ကိုက်ညီသော အလုပ်ကိုလုပ်နိုင်မည့် သက်မွေးပညာရေး မျိုးထက်ပိုသော နိုင်ငံတော်အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်နိုင်မည့် ယှဉ်ပြိုင်နိုင်မှု စွမ်းရည်ပြည့်ဝသော နိုင်ငံသားကောင်း (Good Citizen) များအဖြစ် တွေးခေါ်မြော်မြင်မှုများကို လေ့ကျင့် ပျိုးထောင်ပေးရာ နေရာသာဖြစ်သည်။ ဆိုလိုသည်မှာ လူငယ်မောင်မယ်တို့အတွက် သင်ယူတတ်မြောက်စရာ၊ သင်၍မကုန်နိုင်သော ပညာရပ်များ ရှိနေသေးကြောင်းသိရှိကာ ရိုးသား၊ကြိုးစား၊ မြင့်မားအောင် စွမ်းဆောင်ကြရန်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။   ။