နိုင်ငံအတွက် မရှိမဖြစ်တပ်မတော်

 

နိုင်ငံအတွက် မရှိမဖြစ်တပ်မတော်

 

အယ်ဒီတာ့အာဘော်                

 (၂၀၂၄ ခုနှစ်၊ မတ် ၁၃ ရက်)

    မြန်မာနိုင်ငံအတွက် မရှိမဖြစ်သော အရာမှာ တပ်မတော်ဖြစ်သည်။ တပ်မတော်တစ်ရပ် ရှိနေသည့်အတွက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဟူသော ဒို့တာဝန်အရေးသုံးပါး တည်တံ့ခိုင်မြဲနေခြင်းဖြစ်သည်။ တပ်မတော်သည် နိုင်ငံ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းနှင့်အတူ ပေါ်ပေါက်လာခဲ့သည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ် တော်လှန်ရေးမှသည် လွတ်လပ်ရေး ရရှိရေးအထိ ပြည်သူတစ်ရပ်လုံးကို ဦးဆောင်ပါဝင်ခဲ့သည်။ ပြည်သူတို့နှင့်တစ်သားတည်း ရှိနေခဲ့သည့်အတွက် နိုင်ငံတော်တွင် အခက်အခဲနှင့် ကြုံလေတိုင်း ပြည်သူတို့က တပ်မတော်ကိုပင် အားကိုးအားထား ပြုကြသည်။

တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အား ရှိမည်ဟူသော ဆောင်ပုဒ်သည် ပကတိအမှန်တရား တစ်ခုဖြစ်သကဲ့သို့ ထာဝစဉ်မှန်ကန်နေသည့် အရာဖြစ်သည်။ အင်အားမရှိက သူတစ်ပါး အနိုင်ကျင့်ခြင်း၊  ဗိုလ်ကျလွှမ်းမိုးခြင်းကို ခံရမည်မှာ သေချာသည်။ မြန်မာ့နိုင်ငံရေးတွင် ပြည်ပကျူးကျော်မှု၊ ပြည်တွင်း လက်နက်ကိုင် သောင်းကျန်းမှုမှန်သမျှကို တပ်မတော်ကအောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့သည်မှာ တပ်မတော်အင်အား တောင့်တင်းခိုင်မာ နေခြင်းကြောင့်ဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် ခေတ်အဆက်ဆက်တွင် ပြည်သူများ၏ လိုအင်ဆန္ဒများကိုသာ တပ်မတော်က ဦးစားပေး ဆောင်ရွက်ခဲ့သည်။

မြန်မာ့သမိုင်းတွင် အထင်အရှားဖြစ်ပွားခဲ့သော ဖြစ်ရပ်များ၊ တိုင်းပြည်ပြိုကွဲပြီး အချုပ်အခြာအာဏာ ဆုံးရှုံးမည့် အခြေအနေများ ကြုံရလေတိုင်း တပ်မတော်ကပင် ဦးဆောင်ဖြေရှင်းခဲ့ရသည်။ ၁၉၅၈ ခုနှစ်၊ ၁၉၆၂ ခုနှစ်၊ ၁၉၈၈ ခုနှစ်တို့တွင် ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်များမှာ တိုင်းပြည်တွင်အားကိုးအားထား ပြုဖွယ်ရာ တပ်မတော်တစ်ရပ် ရှိခြင်းကြောင့်သာ မြန်မာနိုင်ငံသည် ယနေ့တိုင် အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ်  တည်ရှိနေခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အာဏာရပါတီ အနေဖြင့်မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများသည် နိုင်ငံ၏ ဂုဏ်သိက္ခာကို ကြီးမားစွာ ကျဆင်းခဲ့သည်။ ထို့ကြောင့်တပ်မတော်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် အညီ နိုင်ငံကို ဦးဆောင်ခဲ့ရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် ၂၀၂၃ ခုနှစ် မတ်လ၂၇ ရက်တွင် ကျင်းပသော (၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် “တို့တပ်မတော်အနေနဲ့ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်ဖို့အတွက် ခိုင်ခိုင်မာမာ  အာမခံထားပြီးဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခြေခံမူများဖြစ်တဲ့ ပုဒ်မ ၆၊ ပုဒ်မ ၇၊ ပုဒ်မ ၈ တို့မှာပါဝင်တဲ့ ဒို့တာဝန်အရေး(၃)ပါး၊ ပါတီစုံဒီမိုကရေစီစနစ်၊ ပြည်ထောင်စုစနစ်တို့ကို ကာကွယ်စောင့်ရှောက်ဖို့ အတွက် ပုဒ်မ၂၀(စ)အရ တပ်မတော်မှာ အဓိကတာဝန်ရှိတယ်လို့ ဖော်ပြထားပြီးဖြစ်တယ်။ ဒါ့ကြောင့် တပ်မတော်အနေနဲ့ မည်သည့်ခေတ်၊ မည်သည့် အစိုးရပင်ဖြစ်စေ ပြည်သူသာအမိ၊ ပြည်သူသာအဖ”လို့ခံယူပြီး နိုင်ငံတော်ကို ပါတီစုံစနစ်ပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့အတွက် ထိန်းသိမ်းစောင့်ရှောက်ပေးသူနဲ့ ပြည်သူလူထု အကျိုးအတွက် ကာကွယ်စောင့်ရှောက်နေသူ  Guardian  အဖြစ်  အစဉ်အမြဲဆက်လက် တည်ရှိနေမှာဖြစ်ကြောင်း”   ထည့်သွင်းမိန့်ခွန်း ပြောကြားခဲ့သည်။

တပ်မတော်၏ အရည်အချင်းမှာ တပ်မတော်သား တစ်ဦးချင်းစီ၏ စွမ်းရည်ပေါ်တွင် အခြေခံပြီး စစ်လက်နက်ပစ္စည်းများနှင့် ပေါင်းစပ်ရခြင်းဖြစ်သည်။ တပ်မတော်သား တစ်ဦးချင်းအနေဖြင့် စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ်ပြည့်စုံမှု ဟူသော အခြေခံအရည်အချင်း ငါးပါးနှင့်ပြည့်စုံစေရန် လေ့ကျင့်ဖြည့်ဆည်းနေခြင်းမှာ နိုင်ငံတော်နှင့် ပြည်သူအတွက်သာ ဖြစ်သည်။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဆိုသည့်အတိုင်း တပ်မတော်နှင့်ပြည်သူတို့ တစ်သားတည်း ရှိနေကြရမည်ဖြစ်သည်။ တပ်မတော်အနေဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှု အပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုကိုတည်ဆောက်လျက်ရှိသည်။

ဒီမိုကရေစီဆိုသည်မှာပြည်သူတစ်ရပ်လုံး အကြားအလပ်မရှိ ပါဝင်ဖော်ဆောင်ရခြင်း ဖြစ်သည့်အတွက် ကဏ္ဍအသီးသီးတွင် တည်ငြိမ်အေးချမ်းမှု ရှိနေစေရန် လိုအပ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ဦးတည်ချက်(၉)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိရာ နိုင်ငံရေး ဦးတည်ချက်တွင် ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထား လုပ်ဆောင်ရေးဟူ၍ ဖော်ပြပါရှိသည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်လျက်ရှိသလို ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက် ပေးလျက်ရှိသည်။ သဘာဝဘေးအန္တရာယ် ကျရောက်ချိန်တိုင်းတွင်လည်း ကျရာအခန်းကဏ္ဍများမှ အားသွန်ခွန်စိုက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။ အနှစ်ချုပ်ဆိုရသော် တပ်မတော်သည် ပြည်သူလူထုမှမွေးဖွားလာသည့် သားကောင်း၊ သမီးမွန်များဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည့်အတွက် တပ်မတော်၏ ဆောင်ရွက်ချက်များသည် ပြည်သူလူထုအတွက် ကောင်းကျိုးများသာဖြစ်ပြီး နိုင်ငံတော်အတွက် မရှိမဖြစ်သည့် တပ်မတော်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။