နိုင်ငံအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ

 

နိုင်ငံအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ

 

အယ်ဒီတာ့အာဘော်                

 (၂၀၂၄ ခုနှစ်၊ မတ် ၁၄ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ချမှတ်၍ နိုင်ငံတော်ကို ဦးဆောင်လျက်ရှိရာတွင် နိုင်ငံတော်နှင့်နိုင်ငံသားများ ကောင်းကျိုးကို ရှေးရှုဆောင်ရွက်နေခြင်းဖြစ်သည်။ ထိုသို့ရှေးရှု ဆောင်ရွက်သည့်နေရာတွင် နိုင်ငံတော်၏ အနာဂတ်ကိုမျှော်မှန်းကာ ဆောင်ရွက်နေခြင်းဖြစ်သည်။ ရေတိုအတွက်သာမက ရေရှည်တိုးတက် အောင်မြင်ရေး တစ်နည်းအားဖြင့်ဆိုရလျှင် ကမ္ဘာတည်သရွေ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ခိုင်မာစွာ တည်တံ့နေရေးကို ကြိုတင်မျှော်မှန်းတွက်ဆ လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။

အနာဂတ်တွင် ဆင့်ကဲဆင့်ကဲ မွေးဖွားလာမည့်မျိုးဆက်သစ် လူငယ်မောင်မယ်များ အတွက် အေးချမ်း သာယာ၍ ဖွံ့ဖြိုးတိုးတက်သော  အမွေကောင်းကို လက်ဆင့်ကမ်းချင်သည်။ နိုင်ငံတစ်ဝန်းလုံးတွင် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲပြီး ပြည်သူတို့ဘဝ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံစိတ်ချမှုရှိအောင် လုပ်ဆောင်ပေးလိုသည်။

ထို့ကြောင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါအတိုင်း အလေးထား လုပ်ဆောင်ရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထား လုပ်ဆောင်ရေးဟူ၍ ဦးတည်ချက်(၃)ရပ်ကို အကောင်အထည်ဖော်ပေးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက် ပေးလျက်ရှိရာတွင် အနာဂတ်အတွက် ပိုမိုကောင်းမွန်သော အစီအစဉ်တစ်ခုကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် လုပ်ဆောင်ပေးခဲ့ပြန်သည်။ ဤသည်မှာ ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းထားခဲ့သော ပြည်သူ့ စစ်မှုထမ်းဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက အတည်ပြုလိုက်ခြင်း ဖြစ်သည်။ စတင်အာဏာ သက်ဝင်သွားပြီဖြစ်သည့်အတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသူတိုင်း စစ်မှုထမ်း ကြရတော့မည်ဖြစ်သည်။ အမျိုးသားဆိုပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်အောက်ဖြစ်ပြီး အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၂၇ နှစ်အောက်ဖြစ်သည်။

အဆိုပါဥပဒေတွင် ကျွမ်းကျင်သူဆိုသူမှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာ တစ်ရပ်ရပ်ဖြင့် အသက်မွေး ဝမ်းကျောင်းနေသူများကို ဆိုလိုထားပါသည်။

အဆိုပါကျွမ်းကျင်သူများ အနေဖြင့်မူ အမျိုးသားဖြစ်ပါက အသက် ၁၈ နှစ်မှ ၄၅ နှစ်အောက်နှင့် အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ  ၃၅ နှစ်အောက် အသက်အရွယ်ရှိသူများမှာ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် အကျုံးဝင်ပါသည်။ စစ်မှုထမ်းရမည့် အသက်အရွယ်ရှိသည့် သာမန်နိုင်ငံသားတိုင်းမှာ ၂၄ လထက်မပိုသည့် ကာလအပိုင်းအခြား စစ်မှုထမ်းရမှာဖြစ်ပြီး ကျွမ်းကျင်သူများမှာ ၃၆ လထက် မပိုသောကာလ အပိုင်းအခြား ဖြစ်သည်။

စစ်မှုထမ်းအဖြစ် ကင်းလွတ်ခွင့်ရသူများမှာ သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်သည် အမျိုးသမီးများ၊ ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်း မသန်စွမ်းသူများ၊ တပ်မတော်ဆေး စစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်း မသင့်လျော်သူဖြစ်သည်ဟု သတ်မှတ်ထားသူများ၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟို အဖွဲ့ကအမိန့်ထုတ်ပြန်ပြီး ကင်းလွတ်ခွင့်ပြုထားသူများမှာ ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ၁၈ နှစ်ပြည့်သူတိုင်းမှာ ယာယီအားဖြင့် စစ်မှုထမ်းနိုင်မည့် ကျန်းမာရေး အဆင့်မမီကြောင်း သက်ဆိုင်ရာ တပ်မတော်ဆေးစစ်ဆေးရေး ဘုတ်အဖွဲ့၏ ထောက်ခံချက်ရရှိထားသူများ၊  နိုင်ငံ့ဝန်ထမ်းများ၊ ပညာသင်ကြားနေသူများ၊ အခြားပြုစုစောင့်ရှောက်မည့်သူ မရှိသည့် မိအိုဖအိုများကို ပြုစုလုပ်ကျွေးနေသူများ၊ မူးယစ်ဆေးဝါးဖြတ်ရန် ဆေးကုသမှု ခံယူနေသူများ၊ ထောင်ဒဏ်ကျခံ နေရသူများမှာ စစ်မှုထမ်းခြင်းကို ယာယီရွှေ့ဆိုင်းပေးရန်လျှောက်ထားနိုင်ပါသည်။

မြန်မာနိုင်ငံ၏ အမျိုးသား အကျိုးစီးပွားသည် ဒို့တာဝန်အရေး (၃)ပါးပင်ဖြစ်သည်။ ဒို့တာဝန်အရေး (၃)ပါးသည် အဓိက အနှစ်သာရအားဖြင့် စည်းလုံးညီညွတ်ရေးပင်ဖြစ်သည်။ တစ်ခဲနက်သော စည်းလုံးညီညွတ်မှုဖြင့် နိုင်ငံတော်ကို မိမိတို့၏ ဘိုးဘွားများက တည်ဆောက်ခဲ့ကြသလို မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ကာကွယ်စောင့်ရှောက် ထိန်းသိမ်းခဲ့ကြရသည်။  ယနေ့ကာလမျိုးဆက်များ လက်ထက်တွင် ထိုအမွေကို ဆက်လက်စောင့်ရှောက် ထိန်းသိမ်းကြရမည်ဖြစ်သည်။ ပြည်သူလူထု၏ ဆန္ဒဖြစ်သော စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ပြန်လည် လျှောက်လှမ်းနိုင်ရန် ဦးစွာ လိုအပ်ချက်မှာ  နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု ရရှိရေးဖြစ်သည်။

ကမ္ဘာ့နိုင်ငံရေး အခြေအနေများ၊ မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုများ၊ ပြည်တွင်းအကြမ်းဖက် လှုပ်ရှားမှုများနှင့် လုံခြုံရေးဆိုင်ရာ အခြေအနေအရပ်ရပ်တို့အရ နိုင်ငံတော်၏ ကာကွယ်ရေးစွမ်းအားကို မြှင့်တင်ရန် လိုအပ်လာပြီဖြစ်ရာ နိုင်ငံသူ၊ နိုင်ငံသားအားလုံး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် အမျိုးသား စစ်မှုထမ်းစနစ်တွင် ပါဝင်ထမ်းဆောင်ကြရန်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် အရွယ်ရောက်သူမှန်သမျှသည် မိမိတို့၏ ရဲစွမ်းသတ္တိ၊ မိမိတို့နိုင်ငံတော်ကို ပိုမိုဖွံ့ဖြိုးတိုးတက်လိုသည့် စိတ်ဓာတ်တို့နှင့် နိုင်ငံတော် ကာကွယ်ရေးတွင် ပါဝင်ထမ်းဆောင်ရသည်မှာ မွန်မြတ်သော တာဝန်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။  ။