မျှတအလေးမူ တာဝန်ယူ စားသုံးသူ အကျိုးပြုဉာဏ်ရည်တု

 

မျှတအလေးမူ တာဝန်ယူ စားသုံးသူ အကျိုးပြုဉာဏ်ရည်တု

 

အယ်ဒီတာ့အာဘော်                

 (၂၀၂၄ ခုနှစ်၊ မတ် ၁၅ ရက်)

   ၂၀၂၄ ခုနှစ်  မတ်လ ၁၅ ရက်နေ့သည်  ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ဖြစ်သည်။ အပြည်ပြည် ဆိုင်ရာစားသုံးသူများ အဖွဲ့က  စားသုံးသူများအတွက် တရားမျှတမှုရှိပြီး တာဝန်ယူမှုရှိသော AI နည်းပညာများ ဖြစ်ထွန်းလာစေရေး အတွက် တိုက်တွန်းနှိုးဆော်သည့် အနေဖြင့် မျှတအလေးမူ တာဝန်ယူ၊ စားသုံးသူ အကျိုးပြုဉာဏ်ရည်တု (Fair and Responsible AI for Consumers) ဟူ၍ ဆောင်ပုဒ် သတ်မှတ်ထားပါသည်။  ယနေ့ကမ္ဘာကြီးတွင် Artificial Intelligence(AI)ခေါ် ဉာဏ်ရည်တု နည်းပညာသည် အရှိန်အဟုန်မြင့်မားစွာ တိုးတက်လျက်ရှိသည်။

AI နည်းပညာသည် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လုံခြုံရေး၊ ဖျော်ဖြေရေး၊ လူမှုဘဝနေထိုင်ရေးစသည့် နယ်ပယ်ကဏ္ဍများတွင် အသုံးပြုနေကြပြီဖြစ်သည်။ အဆိုပါနည်းပညာသည်  အဆင့်မြင့်ဆုံး နည်းပညာရပ်တစ်ခုဖြစ်ပြီး လူသားတို့၏ ဘဝကို တိုးတက်ကောင်းမွန်အောင် ဖန်တီးပေးနိုင်စွမ်း ရှိသော်လည်း အဆိုပါ AI နည်းပညာကို အလွဲသုံးစွဲခြင်းကြောင့် လူသားများအပေါ် ထိခိုက်နစ်နာ ဆုံးရှုံးမှုများ ကျရောက်လာနိုင်သည်။   လူသားတိုင်းမှာ စားသုံးသူများ ဖြစ်သည့်အတွက် လူသားအားလုံးအပေါ် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်နစ်နာဆုံးရှုံးမှုများသည် စားသုံးသူများ၏ထိ ခိုက်နစ်နာ ဆုံးရှုံးမှုပင်ဖြစ်သည်။

လူသားကဲ့သို့စွမ်းဆောင်နိုင်ရန်  AI  နည်းပညာကို ကွန်ပျူတာ ပရိုဂရမ်တစ်ခုအဖြစ် ဖန်တီးထားခြင်းဖြစ်သည်။ သက်ရှိတို့၏ အလုပ်လုပ်ဆောင်သည့် ပုံစံများကို နမူနာယူပြီး ၎င်းတို့၏ကိုယ်ပိုင် လုပ်ဆောင်ချက်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်များဖြင့် မရပ်မနား လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ AI နည်းပညာ တီထွင်မှုများသည် လူတို့၏ အသိဉာဏ်ထက် အဆင့်နိမ့်သောနည်းပညာ၊  လူကဲ့သို့အသိဉာဏ်ရှိသော နည်းပညာနှင့် လူတို့ထက် ဉာဏ်ရည်မြင့်မားသော နည်းပညာဟူ၍ အဆင့်ဆင့် တီထွင်ခဲ့ကြသည်။  ယခုအခါလူကဲ့သို့အသိဉာဏ်ရှိသော AI နည်းပညာအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

လူသားတို့၏ နေ့စဉ်နေထိုင်မှု ဘဝများအတွင်းသို့ AI ဉာဏ်ရည်တုနည်းပညာသည် တစ်နည်းနည်းဖြင့် လျင်မြန်စွာ ဝင်ရောက်လာနေပြီဖြစ်သည်။ ကမ္ဘာ့နိုင်ငံများရှိ စက်မှုကုန်ထုတ် လုပ်ငန်းများ၊ အွန်လိုင်းစီးပွားရေး လုပ်ငန်းများ၊ စာပေနှင့်အနုပညာ လုပ်ငန်းများ၊ ဘဏ်နှင့်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများ၊  ပညာရေးနှင့်ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများနှင့်  လူတို့၏ ပုံမှန်နေ့စဉ်နေထိုင်မှု ဘဝတွင်   အသုံးပြုလျက်ရှိသော  အက်ပလီကေးရှင်းများ၌ AI နည်းပညာ ဆောင်ရွက်နေမှုများ ရှိလာနေပြီဖြစ်သည်။ စက်မှုကုန်ထုတ် လုပ်ငန်းများသည်  ယခင်ကစားသုံးသူ တစ်ဦးချင်းစီ၏  ဝယ်ယူသုံးစွဲမှုဆိုင်ရာ အမူအကျင့်အလိုက် လူကိုယ်တိုင် ဝန်ဆောင်မှုပေးသည့်စနစ်မှ AI နည်းပညာဖြင့် စားသုံးသူတစ်ဦးချင်းစီ၏ ဝယ်ယူသုံးစွဲမှုဆိုင်ရာ အလေ့အကျင့်များကို ဆန်းစစ်ကာ ဝန်ဆောင်မှုပေးသည့် စနစ်သို့ကူးပြောင်းလာသည်။

စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် AI နည်းပညာ အသုံးပြု၍ စားသုံးသူတစ်ဦးချင်းစီ၏ အလေ့အကျင့်၊ ကြိုက်နှစ်သက်မှုနှင့် ဝယ်ယူသုံးစွဲခြင်းဆိုင်ရာ မှတ်တမ်းများကို ဆန်းစစ်လေ့လာပြီး စားသုံးသူများက ထုတ်လုပ်ပေးစေလိုသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုဆိုင်ရာ အကြံပြုချက်များကို ရယူဆောင်ရွက်သည်။ ထို့နောက် စိတ်ဝင်စားမှုတူညီသော စားသုံးသူအုပ်စုများ အလိုက် ၎င်းတို့စိတ်ဝင်စားသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ဖြန့်ဝေခြင်းများ ဆောင်ရွက်သည်။ ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ငွေကုန်၊  အချိန်ကုန် သက်သာစေသကဲ့သို့ စားသုံးသူတစ်ဦးချင်း အနေဖြင့်လည်း  ၎င်းတို့စိတ်ဝင်စားသည့်  ကုန်စည် သို့မဟုတ်  ဝန်ဆောင်မှုနှင့် ပတ်သက်၍ သတင်းအချက်အလက်များကို အလွယ်တကူ သိရှိဝယ်ယူနိုင်ကြပြီဖြစ်သည်။

စာပေနှင့်အနုပညာ လုပ်ငန်းတွင်   AI  နည်းပညာဖြင့် သတင်းဆောင်းပါးရေးသားခြင်း၊ စာအုပ် ရေးသားခြင်း၊ ဝတ္ထုနှင့်ကဗျာရေးသားခြင်း၊ ပန်းချီဆွဲခြင်း၊ ရုပ်ရှင်ဇာတ်ညွှန်းရေးသားခြင်း၊ တေးသီချင်း ဖန်တီးခြင်းများကို  ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရှိရသည်။ ပညာရေးကဏ္ဍတွင်လည်း AI ကို အသုံးပြု၍ ကျောင်းသား၊ ကျောင်းသူများအား အဆင့်သတ်မှတ်ခြင်း၊ AI chatbot  ဖြင့်ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ ဆက်သွယ်ခြင်း၊   ကျောင်းသား၊  ကျောင်းသူများအနေဖြင့်  ယင်းတို့၏ အားနည်းချက်၊ အားသာချက်များကို ရှာဖွေရန် အထောက်အကူပြုပေးခြင်းတို့ကို ဆောင်ရွက်နိုင်ပြီဖြစ်သည်။

ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းတွင် လူနာတစ်ဦး၏ ဆေးကုသမှု မှတ်တမ်းများကို မှတ်သားနိုင်သည့် AI နည်းပညာသုံး အက်ပလီကေးရှင်းများ၊ ဆရာဝန်နှင့်လူနာတို့အကြား ပြောဆိုဆွေးနွေးနိုင်သည့် AI chatbot များကို အသုံးပြုလာကြပြီဖြစ်သည်။   ထို့ပြင် သက်ကြီးရွယ်အိုများအား ဆေးသောက်ရန် သတိပေးခြင်း၊ နေ့စဉ်လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ကူညီပေးခြင်းများလည်း ဆောင်ရွက်နိုင်ပြီဖြစ်သည်။

AI ကို ဖန်တီးရာတွင် အချက်အလက်များ (Data) သည်အဓိက အသက်သွေးကြောဖြစ်သည်။   တိကျ မှန်ကန်မှုမရှိသော အချက်အလက်များ၊ ခွဲခြားဆက်ဆံမှုနှင့် ဘက်လိုက်မှုရှိသော အချက်အလက်များကို အသုံး ပြုမိပါက သတင်းအမှားများ ဖြစ်ပေါ်ခြင်း၊ စားသုံးသူတို့၏ ယုံကြည်မှုပျက်ပြားစေခြင်းနှင့် ဘက်လိုက်ခြင်းများ ဖြစ်စေနိုင်သည်။  အနှစ်ချုပ်ဆိုရသော် စားသုံးသူများအတွက် တရားမျှတမှုရှိပြီး တာဝန်ယူမှုရှိသော AI နည်းပညာများ ဖြစ်ထွန်းလာရေးအတွက် AI တီထွင်သူ ပညာရှင်များ၊  အသုံးပြုသူများ အနေဖြင့် အားလုံးပူးပေါင်း၍ ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။     ။