သီလ သမာဓိ ပညာ သိက္ခာသုံးရပ်

 

သီလ သမာဓိ ပညာ သိက္ခာသုံးရပ်

သုံးလောကထွတ်ထားသဗ္ဗညုရှင်တော်မြတ်ဘုရားသည် လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီ၊ စာဂ၊  စရိယတို့ကိုပြည့်ဝအောင်  ဖြည့်ကျင့်ဆည်းပူးတော်မူ၍  ရရှိတော်မူခဲ့သော သဗ္ဗညုတ ရွှေဉာဏ်တော်ဖြင့် လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါများ၏ အကျိုးစီးပွားအလို့ငှာ သဒ္ဓမ္မသုံးဖြာသာသနာတော်မြတ်ကြီးကို တည်ထောင်တော်မူခဲ့သည်။ ထိုတည်ထောင်အပ်ပြီးသော သာသနာတော်မြတ်ကြီးကို အဓွန့်ရှည်ကြာစွာ တည်တံ့စေရန် လက်ဆင့်ကမ်းဆောင်နိုင်ကြမည့် ပဉ္စဝဂ္ဂီငါးပါးတို့နှင့်တကွ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်မဟာကဿပ၊ အရှင်ဥပါလိ စသောသာဝကတို့ကို ရဟန်းပြုပေးတော်မူကာ သံဃာ့အဖွဲ့အစည်းကြီးကို ဖွဲ့စည်းတည်ထောင်တော်မူခဲ့သည်။

သာသနာတော်ကြီးကို ဘုရားရှင်လက်ထက်တော်မှစ၍ လက်ဆင့်ကမ်းထမ်းဆောင်တော် မူလာခဲ့သည်မှာ ယခုမျက်မှောက်ခေတ်တိုင်အောင် ၂၅၆၇ နှစ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ထိုသို့နှစ်ပေါင်း  ၂၅၆၇ နှစ်ဟူသော ခရီးရှည်ကြီးကို လျှောက်လှမ်းလာခဲ့ရသည့် မြတ်ဗုဒ္ဓသာသနာတော်ကြီးသည် မြင့်ချည်တစ်ခါ၊ နိမ့်ချည် တစ်လှည့်ဖြင့် အလှည့်အပြောင်း၊ အတက်အကျများရှိခဲ့သည်။ ဖြောင့်ဖြူးသာယာသည့် ခရီးချောကိုသာ လျှောက်လှမ်းခဲ့ရသည်မဟုတ်ဘဲ ဝိတဏ္ဍဘေး ရှုပ်ထွေးထူပြော မချောမမွေ့သည့် ခရီးကြမ်းများကိုလည်း လျှောက်လှမ်းခဲ့ရသည်။

သာသနာတော်သမိုင်းတွင် ရဟန်း၊ သာမဏေများ သမဏသညာကင်းမဲ့ကာ ဝိနည်းသိက္ခာပုဒ်တော်များကို လေးလေးစားစား မကျင့်သုံးတော့ဘဲ မိစ္ဆာဇီ၀ အနေသနအမှုတို့ကိုပြုလုပ်ခြင်း၊ လူပြိန်းကြိုက် အဓမ္မဝါဒများကို ဟောပြောကြလျက် သာသနာ့စင်ပြိုင်အဖွဲ့အစည်းများ တည်ထောင်ခြင်း စသည့် သာသနာ့ အန္တရာယ်များ ပေါ်ပေါက်၍ သာသနာတော်ညှိုးမှိန်ခဲ့ခြင်းများ ကြုံတွေ့ခဲ့ရသည်။ မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာတော် ရောက်ရှိခဲ့သည်မှာ ဘုရားရှင်သက်တော်ထင်ရှား ရှိစဉ်ကတည်းကပင် ဖြစ်သည်။ သာသနာတော်ကို ချီးမြှင့်မြှောက်စားသောဘုရင်များ၊ အုပ်ချုပ်သူများလက်ထက်တွင် သာသနာမှာ နေအရောင်လအရောင်ပမာ ထွန်းလင်းတောက်ပခဲ့သည်။

၁၉၈၀ ပြည့်နှစ်တွင် သာသနာတော်သန့်ရှင်း တည်တံ့ပြန့်ပွားရေးကို နိုင်ငံတော်အစိုးရကဦးဆောင်ကာ ဆောင်ရွက်ခဲ့ပြီး ဂိုဏ်းပေါင်းစုံသံဃာတော်များညီညွတ်မှုရရှိအောင်ဆောင်ရွက်နိုင်ခဲ့သည်။ ထို့ကြောင့် သက္ကရာဇ် ၁၃၄၂ ခုနှစ် နယုန်လဆန်း ၁၃ ရက် (၁၉၈၀ ပြည့်နှစ် မေလ ၂၅ ရက်)တွင် ပထမအကြိမ်ဂိုဏ်းပေါင်းစုံသံဃာ့ အစည်းအဝေးကြီးကို ကျင်းပနိုင်ခဲ့သည်။ ယင်းအစည်းအဝေးကြီးက သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ သံဃနာယကလက်စွဲ၊ ဝိနိစ္ဆယလက်စွဲ စသည်တို့ကို ပြဋ္ဌာန်းနိုင်ခဲ့သည်။

ထိုစည်းမျဉ်းစည်းကမ်းနှင့်အညီ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်အခိုင်အမာ ရပ်တည်ပြီး မယိမ်းမယိုင်ရပ်တည် နေနိုင်ရေးအတွက် တာဝန်အရှိဆုံးပုဂ္ဂိုလ်များမှာ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အဖွဲ့အစည်းဝင်များသာ ဖြစ်ကြသည်။ ထိုအဆင့်ဆင့်သော သံဃာ့အဖွဲ့အစည်း၏ မထေရ်များ ခေတ်အဆက်ဆက် တာဝန်ကျေကျ ေဆောင်ရွက်ခဲ့ကြသောကြောင့် ယနေ့အထိ သံဃာ့အဖွဲ့အစည်းကြီး၏ လုပ်ငန်းစဉ်များ အရှိန်အဟုန်မပြတ် သာသနာတော်သန့်ရှင်း တည်တံ့ပြန့်ပွားရေး ကိစ္စရပ်များ ဆောင်ရွက်နိုင်ကြခြင်း ဖြစ်သည်။ အဆိုပါသံဃာ့ အဖွဲ့အစည်း အဆင့်ဆင့်တို့တွင်လည်း နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီးသည် မျက်မှောက်ခေတ် သာသနာအတွက် အဆင့်မြင့်ဆုံး၊ တာဝန်အရှိဆုံးသံဃာ့ အဖွဲ့အစည်းကြီးဟု ဆိုရမည်။

ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် ကြပ်မတ်ကွပ်ကဲထိန်းသိမ်း စောင့်ရှောက်ရန် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို ဖွဲ့စည်းရခြင်းဖြစ်သည်။ ရဟန်းသံဃာတော်များသည် သာသနာတော်တွင် လုပ်ငန်းတာဝန်နှစ်ရပ်ဖြင့် သီတင်းသုံးနေထိုင်တော်မူကြသည့်အားလျော်စွာ ဂန္ထဓုရတာဝန်ကို ဆောင်ရွက်တော်မူကြသော ပရိယတ္တိ စာသင်တိုက်ကြီးများ၊ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်များက မိမိတို့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြခြင်း၊ ဝိပဿနာဓုရတာဝန်ကို ဆောင်ရွက်တော်မူကြသော ကမ္မဋ္ဌာန်းကျောင်းတိုက်များကလည်း မိမိတို့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြခြင်း၊ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တို့ကလည်း အကြောင်းအားလျော်စွာ ဖြစ်ပေါ်လာသည့်  သာသနာရေးရာ၊  ဝိနိစ္ဆယရေးရာ၊ ပညာရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍  မိမိတို့လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ကြပ်မတ်ကွပ်ကဲ ထိန်းသိမ်းစောင့်ရှောက်ပေးခြင်းတို့ဖြင့် သုံးပွင့်ဆိုင် ညီညီညွတ်ညွတ် ဓမ္မာနုဂ္ဂဟကုသိုလ်ထူးကို ဆောင်ရွက်တော်မူလျက် ရှိသည်မှာ ကြည်ညိုဖွယ်ကောင်းလှသည်။

ဘုရားရှင်လက်ထက်တော်မှသည် ယနေ့ခေတ်တိုင်အောင် အယူသီလတူမျှကြကာ စည်းမျဉ်းစည်းကမ်း တစ်ခုတည်း အတွင်းတွင် တည်ရှိခဲ့သည့် သံဃာ့အဖွဲ့အစည်းကြီးသည် သက်တမ်းရှည်ကြာစွာ စည်းတာပြည့်ဝ သိပ်သည်းကျစ်လျစ်လှသည့် အဖွဲ့အစည်းကြီးတစ်ရပ်ဖြစ်သည်။  ထိုအဖွဲ့အစည်းကြီးတွင် ပါဝင်ကြသည့် သံဃာထုတစ်ရပ်လုံးသည် မိမိတို့ကျင့်သုံးထိုက်သော သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာသုံးရပ် အကျင့်မြတ်ကို ခိုင်မာသည်ထက်ခိုင်မာအောင်၊ မြင့်မားသည်ထက်မြင့်မားအောင် အားစိုက်ကျင့်ဆောင် နေကြသည့်အတွက် ဘုရားရှင်၏ သာသနာတော်မြတ်ကြီးမှာ နှစ်ပေါင်း ၅၀၀၀ မက တည်တံ့နေမည်သာဖြစ်ပါကြောင်း ရိုသေစွာ ရေးသားလိုက်ရပေသည်။   ။