ပိုမိုဖွံ့ဖြိုးတိုးတက်သော မွန်ပြည်နယ်

 

ပိုမိုဖွံ့ဖြိုးတိုးတက်သော မွန်ပြည်နယ်

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ မတ် ၁၉ ရက်)

    မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးများ၊  ပြည်နယ်များနှင့်  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/တိုင်းဟူ၍ ပိုင်းခြားသတ်မှတ်ထားသည်။ ထိုသို့ပိုင်းခြား သတ်မှတ်ထားသည်မှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေ ပြုရေး စသည့်ကိစ္စရပ်များ အဆင်ပြေစေရန်ဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ နေရာဒေသများမှာ  ရှုကြည့်၍ မဝနိုင်လောက်အောင် သာယာရှုမောလှသည်။ တောတောင်ရေမြေ၊ သဘာဝအလှတရား၊ စပါးဆန်ရေ သီးနှံအထွေထွေနှင့်  သယံဇာတ ပေါကြွယ်ဝမှုများက  နိုင်ငံ၏အလှကို ဖော်ကျူးနေသကဲ့သို့ ရှိလှသည်။

ဤအလှတရားများကို ပိုင်ဆိုင်သောဒေသများတွင် မွန်ပြည်နယ်လည်း ပါဝင်သည်။အမျိုးဘာသာသာသနာနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ချစ်မြတ်နိုး ခြင်း စသော ဝံသာနုရက္ခိတတရားများနှင့် မွန်ပြည်နယ်သူ၊ ပြည်နယ်သားတို့က မိမိတို့ပြည်နယ်ကို အလှဆင်လျက်ရှိသည်။ မွန်ပြည်နယ်သည် ယခင်ကတနင်္သာရီတိုင်း အမှတ်(၁)အတွင်း ပါဝင်ခဲ့သည်။ ၁၉၇၄ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်  ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၃၀၊ ပုဒ်မခွဲ(ဂ)တွင် တနင်္သာရီတိုင်း အမှတ်(၁)ကို  မွန်ပြည်နယ်ဟု သတ်မှတ်သည်ဟူ၍ ပြဋ္ဌာန်းခဲ့သည်။  မွန်ပြည်နယ်ဟု ကမ္ပည်းတင်ရေးထိုးခဲ့သည့်  မတ်လ ၁၉ ရက်နေ့ကို “မွန်ပြည်နယ်နေ့”အဖြစ်သတ်မှတ်ပြီး အထိမ်းအမှတ် အခမ်းအနားများကို နှစ်စဉ်ကျင်းပခဲ့ရာ ၂၀၂၄ ခုနှစ်တွင် နှစ်(၅၀)ပြည့်မြောက်ပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့်လူမျိုးများသည် ရှေးနှစ်ပေါင်းများစွာကပင် အေးအတူပူအမျှ နေထိုင်ခဲ့ကြသည်။ ထိုသို့နေထိုင်ခဲ့ကြရင်း နယ်ချဲ့လက်အောက် ကျရောက် သွားခဲ့ချိန်တွင်လည်း မွန်တိုင်းရင်းသားတို့သည်  အခြားတိုင်းရင်းသားများနှင့် အတူဆုံးရှုံးထားသော လွတ်လပ်ရေးကို ပြန်လည်ရယူရာတွင် လည်းကောင်း၊ ရရှိပြီးသောလွတ်လပ်ရေးနှင့်  အချုပ်အခြာအာဏာ တည်တံ့ရေးတို့တွင် လည်းကောင်း စုပေါင်းလက်တွဲ ပါဝင်ခဲ့သည်။ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်လျက် ရှိသောအခြားတိုင်းရင်းသား မျိုးနွယ်စုများကဲ့သို့ပင် မွန်တိုင်းရင်းသားတို့သည် ရှည်လျားသော သမိုင်းစဉ် နှင့်အဆင့်မြင့်သော ယဉ်ကျေးမှုကို ပိုင်ဆိုင်သည့် လူမျိုးများဖြစ်သည်။

မွန်ပြည်နယ်သည် ရာသီဥတုကောင်းမွန်မျှတ၍ စိမ်းလန်းစိုပြည် သစ်တောများ၊ မြစ်ချောင်းများ၊ ပြန့်ပြူးသာယာသည့် ပင်လယ်ကမ်းခြေအလှများနှင့် ပြည့်စုံသည့်ပြည်နယ် တစ်ခုဖြစ်သည်။ တိုင်းရင်းသား လူမျိုးများအလိုက်  အဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှုအစဉ်အလာ ကောင်းများ ထွန်းကားရာ  ပြည်နယ်တစ်ခု လည်းဖြစ်သည်။ မွန်ပြည်နယ်၏ မြို့တော်မှာ  မော်လမြိုင်ဖြစ်သည်။  မော်လမြိုင် အစားအသောက်ကောင်းများ ဖြစ်သည့် ဒူးရင်း၊ မင်းကွတ်၊ ကြက်မောက်၊ ကျွဲကော၊ ကနစို၊ ရေငန်း စသော ရာသီစာများ ထွက်ရှိသည်။ ငါးနှပ်ခြောက်နှင့် ရေထွက်ကုန်ပစ္စည်းများကို  တစ်ပြည်လုံးက နှစ်သက်လိုလား စားသုံးကြသည်။ ရော်ဘာ ထုတ်ကုန်ပစ္စည်းများ၊ စက်မှုကုန်ကြမ်းပစ္စည်းများ ပေါများစွာထွက်ရှိပြီး  လမ်းပန်းဆက်သွယ်ရေး အတွက် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းများရှိနေသည်။

ပြည်တွင်း/ပြည်ပ အပန်းဖြေခရီးသွားလိုသူများအတွက် ကျိုက္ခမီ၊ စက်စဲ၊ ကဗျာ၀ စသောသဘာ၀ ပင်လယ်ကမ်းခြေများက လှပစွာဆွဲဆောင်လျက်ရှိသည်။ ထို့ပြင် “ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်ကြီး” မှာလည်း မြန်မာ့အံ့ဖွယ်၊ ကမ္ဘာ့အံ့ဖွယ်ဖြစ်သည်။ ခရီးသွားလုပ်ငန်း ရှုထောင့်မှဖြစ်စေ၊ ဘာသာရေးရှုထောင့် မှဖြစ်စေ လူမျိုးဘာသာမရွေး သွားရောက်ကြည့်ရှုကြ၊ ဖူးမြော်ကြရင်း ရင်သပ်ရှုမောအံ့သြကြသည်။ မွန်ရိုးရာ ဖြူနီကွက် ပုံဖော်ရက်လုပ်ထားသည့် ရိုးရာတိုက်ပုံနှင့် နီမြန်းသောမွန်လုံချည်ကို ဝတ်ဆင်ထားပြီး နုနယ် ပျိုမျစ်သန်စွမ်းကာ ဖြူစင်ရိုးသားမှု၊  တည်တံ့ဣန္ဒြေရှိမှုတို့ဖြင့် ပြည့်စုံသည့်   မွန်အမျိုးသား လူငယ်များ၊ ကျစ်လျစ်သော ဆံထုံးထုံးထားပြီး မွန်ရိုးရာဝတ်စုံကို ဆင်မြန်းထားသည့် မွန်လုံမငယ်များသည်ကား တစ်မျိုး တစ်ဖုံအလှစုံနေသည်။

သက်ရှိအလှများကဲ့သို့ သက်မဲ့အလှများလည်း ရှိပေရာ ထိုအထဲတွင်အိပ်မက်တံတား ခေါ်  သံလွင် မြစ်ကူးတံတားကြီးနှင့် မွန်ပြည်နယ် အစိုးရရုံးရှေ့ပန်းခြံတွင်းက နာရီကြီးဖြစ်သည်။ ထိုနာရီကြီးကို ၁၉၁၀ ပြည့်နှစ်က တပ်ဆင်ခဲ့ခြင်းဖြစ်ပြီး  သက်တမ်း ၁၀၀ ကျော် မရပ်မနားသွားနေသည့် နာရီကြီးဖြစ်သည်။

အခြေအနေကောင်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်စေပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံကာ မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ပြည်သူအားလုံးက စည်းလုံးချစ်ခင်စွာ အတူတကွပူးပေါင်း ဆောင်ရွက်ကြရန်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး အတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး  အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်လျက်ရှိသည်။ မွန်ပြည်နယ်သည်လည်း တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာသည့်ပြည်နယ်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော်  မတ်လ ၁၉ ရက်နေ့တွင် ကျရောက်သော နှစ်(၅၀)ပြည့် မွန်ပြည်နယ်နေ့မှစ၍ ပိုမိုဖွံ့ဖြိုးတိုးတက်သော ပြည်နယ်ဖြစ်ပေါ်လာပါစေကြောင်း ရေးသားလိုက်ရပေသည်။   ။