လူချွန်လူကောင်းများဖြစ်အောင် . . .

 

လူချွန်လူကောင်းများဖြစ်အောင် . . .

 

အယ်ဒီတာ့အာဘော်                

 (၂၀၂၄ ခုနှစ်၊ မတ် ၂၀ ရက်)

    မြန်မာနိုင်ငံတွင် ကြည်းတပ်၊ရေတပ်၊လေတပ်တို့ ကို စုပေါင်းထားသော တပ်မတော်တစ်ရပ် ရှိနေသည်မှာ နိုင်ငံအတွက် ကာကွယ်ရေးစွမ်းအားဖြစ်သည်။ မည်သည့်နိုင်ငံတွင်မဆို ကာကွယ်ရေး စွမ်းအားမြင့်မားရေးကို လုပ်ဆောင်နေကြသည်။ ကာကွယ်ရေးစွမ်းအားတွင် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေး စွမ်းရည်ဟူသော စွမ်းရည်သုံးရပ် ပြည့်စုံနေရမည်ဖြစ်သည်။  လက်ရှိမြန်မာ့ တပ်မတော်သည် စွမ်းရည်သုံးရပ်ရှိနေသော တပ်မတော်ဖြစ်သည်။ ထိုစွမ်းရည်သုံးရပ်မှာ စဉ်ဆက်မပြတ် ပေါ်ပေါက်လာမည့် မျိုးဆက်သစ် လူငယ်တပ်မတော်သားများကို လက်ဆင့်ကမ်းနေရမည်ဖြစ်သည်။ ဆိုလိုသည်မှာ စဉ်ဆက်မပြတ် စွမ်းရည်ထက်မြက်နေရမည်ဖြစ်သည်။

တပ်မတော်ဟူ၍ စတင်ပေါ်ပေါက်လာသည်မှ ယနေ့အချိန်ထိ တပ်မတော်သည် စဉ်ဆက်မပြတ်သော စွမ်းရည်များနှင့်ပြည့်စုံအောင်  လက်ဆင့်ကမ်းပေးနိုင်သည်ဟု ဆိုရမည်ဖြစ်သည်။ နိုင်ငံတော်အတွက်အရေး ကြုံလာလျှင် ကျရာနေရာမှာ ကျရာတာဝန်ကို ထမ်းဆောင်နိုင်ကြခြင်းသည် ထိုစွမ်းရည်များကြောင့်ဖြစ်သည်။

တပ်မတော်တွင်အဆင့်ဆင့် ကွပ်ကဲအုပ်ချုပ်မှုဖြင့် အမိန့်နှင့်တာဝန်ကို ထမ်းဆောင်နေကြခြင်း ဖြစ်ပေရာ အမိန့်ပေးနိုင်သူမှန်သမျှသည် အမိန့်နာခံသူများဘဝက အဆင့်ဆင့် တက်လာကြရခြင်းဖြစ်သည်။  လေ့ကျင့်ပြုစု ပျိုးထောင်ပေးလိုက်သော စစ်တက္ကသိုလ်ကြီးများ၊ စစ်ကျောင်းကြီးများမှ တစ်ဆင့် ပညာရပ်ဆိုင်ရာများ သင်ကြားခဲ့ကြရသည်။ စစ်ရေး၊ အုပ်ချုပ်ရေး၊ စည်းရုံးရေး၊ နိုင်ငံတကာရေးရာ စသည်ဖြင့် ရိုးသားကြိုးစားခဲ့ကြရသည်။

စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ် ပြည့်စုံမှုဟူသော ကိုယ်စီ အရည်အချင်းများ ပြည့်ဝပြီးမှသာ တစ်ဆင့်ထက်တစ်ဆင့် မြင့်မားသော တာဝန်ကိုယူကြရခြင်းဖြစ်သည်။ ယနေ့လူကြီးများသည် တစ်ချိန်က လူငယ်များသာဖြစ်သည်။ လူလားမြောက်သည်နှင့် ပထမဆုံး ဖြတ်သန်းရသောဘဝသည် ကျောင်းသား လူငယ်ဘဝဖြစ်သည်။ ကျောင်းသားသည်ကျောင်းနေပျော်၍ ကျောင်းစာတွင် တော်အောင် ကြိုးစားရသည်။ မိမိ၏ ပတ်ဝန်းကျင်တွင် ဖျက်ဆီးနှောင့်ယှက်တတ်သော ကွမ်းယာ၊ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါးတို့ကို ရှောင်ကြဉ်ရသည်။ မရှောင်နိုင်လျှင် မိမိဘဝ၏ တက်လမ်းကိုမိမိကိုယ်တိုင် ဖျက်ဆီးခြင်းသာဖြစ်သည်။ ယနေ့ကာလတွင် လမ်းမှားသို့ရောက်နေသော လူငယ်များသည် ဘုမသိဘမသိသူများ၏ သွေးထိုးမြှောက်ပင့်ပေးမှုကို နားယောင်ကာ မိမိတို့ဘဝကို ဖျက်ဆီးလိုက်ကြခြင်းဖြစ်သည်။ အကယ်၍သာ ထိုလူငယ်များသည် တပ်မတော် အကြောင်းကို အမှန်အတိုင်းသိမြင်ပြီး တပ်မတော် အသိုက်အဝန်းသို့ ရောက်ရှိလာကြမည်ဆိုလျှင် လူ့အဖိုးတန် ကလေးများဖြစ်လာကြပေလိမ့်မည်။

ရိုးသားကြိုးစား၍ ကျောင်းစာတွင် တော်သောအခါ မိမိတက်ရောက်လိုသော တက္ကသိုလ်များတွင် အဆင့်မီစွာ တက်ရောက်နိုင်သည်။ တပ်မတော်တွင် တာဝန်ထမ်းဆောင်လိုသူများက တပ်မတော်ရှိ တက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိအောင် ကြိုးစားရသည်။ ယောကျ်ားတိုင်းသည် စစ်သားမဖြစ်ကြသော်လည်း စစ်သားတိုင်းသည် ယောကျ်ားပီသကာ တကယ့်တန်ဖိုး ရှိသူများဖြစ်သွားကြသည်။ စစ်သည်တော်ဟောင်း တစ်ဦး၏ ဆိုစကားရှိသည်။ ယင်းမှာ “ငါ့သားများစစ်ထဲဝင်ရင်လေ သူ့ကိုပြောလိုက်စမ်းပါကွာ။ စစ်တပ်ဆိုတာ  အမှန်သာ လိုက်နာနိုင်ရင် တကယ့်ယောကျ်ားမြတ် ဖြစ်စေနိုင်တဲ့ တရားတွေကို သင်ကြားပေးတဲ့ ကျောင်းကြီးပေါ့”ဟူ၍ဖြစ်သည်။

မိဘများသည် မိမိတို့သားသမီးများ တပ်မတော်ထဲသို့ ဝင်ရောက်အမှုထမ်းကြသည်ကို လွန်စွာဝမ်းသာကြသည်။

တပ်မတော်တွင် မည်သည့်အဆင့်မှာ တာဝန်ထမ်းဆောင် နေသူဖြစ်ပါစေ သူတို့သည် ကိုယ်နှုတ်နှလုံး သုံးပါးလုံး ယဉ်ကျေးသွားကြသည်။ စနစ်တကျ ပြောဆိုပြုမူ နေထိုင်သွားလာတတ်စေရန် တပ်မတော်က ကောင်းစွာပြုပြင် ပုံသွင်းလိုက်ပြီဖြစ်သည်။ အလုပ်တစ်ခုကိုခိုင်းမှ လုပ်တတ်ခြင်းထက် မိမိအသိစိတ်ဖြင့် လုပ်ကိုင်တတ်လာသည်။

ယနေ့ကာလ အကြမ်းဖက်မှုများတွင် ပါဝင်နေသော လူငယ်အချို့၏ လွဲမှားနေသော လုပ်ရပ်များကို မြင်တွေ့ရတိုင်း အနာဂတ်နိုင်ငံတော်အတွက် စိုးရိမ်သောကဖြစ်မိသည်။ နိုင်ငံတော်အတွက် လမ်းကောင်းလမ်းမှန်ကို ရွေးချယ်လျှောက်လှမ်းစေချင်မိသည်။ နိုင်ငံတော်အတွက် ကြိုးစားရမည်။ တာဝန်ကျေပွန်ရမည်။ တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးရမည်။ ဘာသာသာသနာကို တန်ဖိုးထားတတ်ရမည်။

တပ်မတော်သားတို့သည် ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်တတ်ကြသည်။  တစ်ဦးချင်း ကိုယ်ကျိုးထက် အများအကျိုးကို ရှေးရှုဆောင်ရွက်ကြသည်။ အခက်အခဲကို ရင်ဆိုင်ကျော်လွှားနိုင်သည့် ရဲစွမ်းသတ္တိရှိသူများ ဖြစ်လာခဲ့သည်။ ထို့ပြင် တပ်မတော်သားတို့သည်  ဘယ်သူခွဲခွဲတို့မကွဲ  အမြဲစည်းလုံး မည်ဟူသော စိတ်ထားရှိကြသည်။ တပ်မတော်သို့ဝင်ရောက် တာဝန်ထမ်းဆောင်နေကြသူ လူငယ်မောင်မယ်များသည် သာမန်ပြည်သူများ၏ သားသမီးများသာဖြစ်ကြသည်။  ကိုယ်ပိုင်ဆန္ဒဖြင့် တပ်မတော်သို့ ဝင်ရောက်လာသူများ ဖြစ်ကြပြီး နိုင်ငံ့အကျိုး သယ်ပိုးနေသည်မှာ နိုင်ငံအတွက် ဂုဏ်ယူထိုက်ပေသည်။ အမျိုးသမီးများသည်ပင် စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်နေချိန်တွင် အချို့သော လူငယ်များ လမ်းမှားလိုက်ကာ ဘဝကိုအကျိုးမဲ့ ကုန်ဆုံးလျက်ရှိသည်မှာ ဝမ်းနည်းဖွယ် ကောင်းလှသည်။ အနှစ်ချုပ်ဆိုရသော်  လူငယ်မောင်မယ်များ အနေဖြင့် တိုင်းပြည်ကအားကိုးအားထား ပြုရသော လူချွန်လူကောင်းများ ဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းအပ်ပါသည်။   ။