ရေဆိုင်ရာ စီမံခန့်ခွဲမှုကဏ္ဍ

 

ရေဆိုင်ရာ စီမံခန့်ခွဲမှုကဏ္ဍ

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ မတ် ၂၄ ရက်)

    အမျိုးသားအဆင့်  ရေအရင်းအမြစ် ကော်မတီ ဥက္ကဋ္ဌ      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ်လ ၂၂ ရက်က ကျင်းပသည့် ကမ္ဘာ့ရေနေ့ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားစဉ် “အနာဂတ်ရေ ဖူလုံစေရေး လူငယ်များ၏ ပါဝင်မှုသည် အရေးကြီးသည့်အတွက် လူငယ်များကို လေ့ကျင့်ပျိုးထောင်ရေးကို  အလေးထား ဆောင်ရွက်ပေးကြရန်၊ မိမိတို့၏ လက်ရှိနှင့်အနာဂတ် မျိုးဆက်သစ်များအတွက် နိုင်ငံ၏ ရေအရင်းအမြစ်များကို ရေရှည်တည်တံ့ပြီး မျှတစွာသုံးစွဲနိုင်စေရန်၊ ရေအရင်းအမြစ်ကို ထိရောက်အကျိုးရှိစွာ ရေရှည်အသုံးပြု သွားနိုင်ရေး ရေဆိုင်ရာ စီမံခန့်ခွဲမှု ကဏ္ဍများတွင် အားလုံးအတူတကွပူး ပေါင်းဆောင်ရွက်ကြရန်” တိုက်တွန်းပြောကြားခဲ့သည်။

ရေသယံဇာတသည် သဘာဝအရင်းအမြစ် တစ်ခုအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး အသက်မွေးဝမ်းကျောင်းနှင့် သက်ရှိများ အသက်ရှင်နေထိုင်ရေးအတွက် အခြေခံ လိုအပ်ချက်ဖြစ်သည်။   လုံခြုံဘေးကင်း သန့်ရှင်းသည့် ရေသည်  ကျန်းမာရေးကို အထောက်အကူပြုရုံသာမက  ပတ်ဝန်းကျင်ကိုလည်း ကောင်းကျိုးပြုပေသည်။

ထို့ကြောင့်   လူတိုင်းကျန်းမာ သန်စွမ်းနေစေရေး  သန့်ရှင်းသည့် သောက်သုံးရေရရှိရန်   လိုအပ်သည်။

ကမ္ဘာပေါ်ရှိနိုင်ငံများတွင်  ရေကိုစနစ်တကျ ချွေတာအသုံးပြုရန်နှင့် လူတိုင်းလုံခြုံ ဘေးကင်းသည့် သောက်သုံးရေ ရရှိရန် ကမ္ဘာ့ရေနေ့ သတ်မှတ်ကာ နှစ်စဉ်ကျင်းပ ပေးလျက်ရှိသည်။

ကမ္ဘာလုံးဆိုင်ရာ ရေအကျပ်အတည်းသည် လူသားများ ရင်ဆိုင်နေရသည့် အရေးကြီးဆုံး စိန်ခေါ်မှုများထဲမှ တစ်ခုဖြစ်သည်။ ကုလသမဂ္ဂ၏ အဆိုအရ လူဦးရေ နှစ်ဘီလီယံကျော်သည်   ဘေးကင်းသည့် သောက်သုံးရေ မရရှိကြသည့်အပြင် လေးဘီလီယံကျော်သည်လည်း တစ်နှစ်တွင်အနည်းဆုံး တစ်လတာ ရေရှားပါးမှု ခံစားနေကြရသည်။ တစ်ဖက်တွင်လည်း ရာသီဥတု ပြောင်းလဲလာမှုနှင့် လူသားများ၏ ပယောဂများကြောင့် ရေသယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများဖြစ်ပေါ်လျက်ရှိပြီး ရေအရင်းအမြစ်များလည်း လျော့နည်းလာနေကြောင်း သိရှိရသည်။

ကမ္ဘာ့မြေမျက်နှာပြင်၏ ၇၁ ရာခိုင်နှုန်းသည် ရေများ ဖုံးလွှမ်းလျက်ရှိသော်လည်း ကမ္ဘာ့ရေထု စုစုပေါင်း၏ ၉၇ ဒသမ ၅ ရာခိုင်နှုန်းသည် ပင်လယ်သမုဒ္ဒရာ ဆားငန်ရေများ ဖြစ်ကြသည်။ ကျန်သည့် ၂ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရေချိုများဖြစ်သည်။ အဆိုပါရေချိုများ၏ ၆၈ ရာခိုင်နှုန်းသည်လည်း ရေခဲတောင်များ၊ ဝင်ရိုးစွန်းများနှင့် လေထုထဲတွင်  မိုးတိမ်နှင့်ရေငွေ့များအဖြစ် တည်ရှိနေခြင်းကြောင့်  အသုံးပြုနိုင်ခြင်း မရှိလှပေ။ မြေပြင်ပေါ်ရှိရေအားလုံး၏ သုည ဒသမ ၅ ရာခိုင်နှုန်းနှင့် မြေအောက်ရေ ၃၀ ဒသမ ၁ ရာခိုင်နှုန်း ကိုသာ သုံးစွဲနိုင်သည့်အတွက် အသုံးပြုနိုင်သည့် ပမာဏမှာ အလွန်နည်းလှသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၂၂ ခုနှစ်လေ့လာမှုများအရ  နှစ်စဉ်လူဦးရေ ၁ ဒသမ ၄  သန်းသည် မသန့်ရှင်းသည့်ရေကြောင့် ဖြစ်ပေါ်သည့် ရောဂါများနှင့် မိလ္လာ မသန့်ရှင်းမှုများကြောင့် သေဆုံးနေကြရကြောင်း၊ လူဦးရေ ၇၄ သန်းသည်လည်း တဖြည်းဖြည်းနှင့် သက်တမ်းတိုတောင်း လာသည်ကိုတွေ့ရကြောင်း၊ လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့ရေလိုအပ်ချက်သည် ၅၅ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု  ပညာရှင်များက ခန့်မှန်းထားကြကြောင်း သိရှိရသည်။ ထို့ပြင် ကမ္ဘာ့လူဦးရေ၏ တစ်ဝက်နီးပါးဖြစ်သည့် သန်း ၃၆၀၀ သည် သန့်ရှင်းသည့် မိလ္လာစနစ် မရရှိသေးသည်ကိုလည်း စစ်တမ်းများ၌ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် ရေမူဝါဒများနှင့်ဥပဒေများ ဖော်ဆောင်ချမှတ်ပြီး စိုက်ပျိုးရေး ကဏ္ဍအတွက် ရေတိုးမြှင့်ရရှိရေး၊ စွမ်းအင်ကဏ္ဍအတွက် ရေအားလျှပ်စစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊  အိမ်သုံးရေ တိုးမြှင့်ပေးဝေနိုင်ရေး၊ စက်မှုလုပ်ငန်းသုံးရေ ပိုမိုပေးဝေနိုင်ရေးတို့ အတွက် ဘက်စုံရေ စီမံခန့်ခွဲမှု နည်းလမ်းများဖြင့် ရေအရင်းအမြစ်များကို ထိရောက်စွာစီမံခန့်ခွဲနိုင်ရေး ကြိုးစား ဆောင်ရွက်လျက်ရှိသည်။ ရေစီမံခန့်ခွဲမှုသည်   ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို တုံ့ပြန်ဆောင်ရွက်နိုင်ရန်၊ စားနပ်ရိက္ခာ ဖူလုံမှုရှိစေရန်၊ ဆင်းရဲနွမ်းပါးမှုကိုတိုက်ဖျက်ရန်၊ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ရန်၊ ရေညစ်ညမ်းမှုများကို တားဆီးရန်နှင့် ရေဆိုင်ရာပဋိပက္ခ ဖြေရှင်းရန်စသည့် ပန်းတိုင်များစွာကို ရောက်ရှိစေနိုင်မည့် အရေးကြီးသည့် အခြေခံ ခြေလှမ်းတစ်ရပ်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာက ကောင်းမွန်ပြည့်စုံသည့် ရေစီမံခန့်ခွဲမှု အလေ့အကျင့်ကောင်းများကို နမူနာယူပြီး  “အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ” ကို    ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။

ရေဆိုင်ရာကဏ္ဍစုံကို စနစ်တကျစီမံခန့်ခွဲနိုင်ရန်နှင့် ရေကဏ္ဍအားလုံးကို လွှမ်းခြုံသည့် “အမျိုးသားရေဥပဒေ”  တစ်ရပ်ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတစ်ဝန်း၌ တည်ဆောက် ထိန်းသိမ်းထားရှိသည့် ရေလှောင်တမံ ၂၄၆ ခု၊ ရေလွှဲဆည် ၁၄၄ ခု၊ ရေကန် ၇၂ ခု၊ ရေတံခါး ၁၉၉ ခုနှင့် မြစ်ရေတင်လုပ်ငန်း  ၂၁၉  ခုရှိပြီး စိုက်ပျိုးရေပေးဝေခြင်း၊ သောက်သုံးရေပေးဝေခြင်းနှင့် အချို့ရေလှောင်တမံများတွင် ရေအားလျှပ်စစ် ထုတ်လုပ်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် အဓိကမြစ်ကြီး လေးစင်းဖြစ်သည့် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းမြစ်နှင့်အခြားမြစ်ချောင်းများမှ ရေကိုစုပ်တင်ပြီး  စိုက်ပျိုးရေပေးဝေရေး ဆောင်ရွက်လျက်ရှိသည်။  မြစ်ရေတင် စီမံကိန်းပေါင်း ၃၉၀ ရှိပြီး  စိုက်ပျိုးရေ ပေးဝေနိုင်သည့် မြေဧရိယာဧက ၇၅၀၀၀၀ နီးပါးရှိသည်။ ထို့ပြင်မြေအောက်ရေတွင်းများ တူးဖော်ပြီး စိုက်ပျိုးရေပေးဝေခြင်း လုပ်ငန်း ၁၄၉၈၉ ခုမှ စိုက်ပျိုးမြေဧရိယာ ဧက ၉၃၀၀၀၀ နီးပါးကို ရေပေးဝေလျက်ရှိသည်။    အနှစ်ချုပ်ဆိုရသော် ရေဆိုင်ရာ စီမံခန့်ခွဲမှုကဏ္ဍ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း။     ။