သာယာမှုအပေါင်းလွန်ခညောင်းသည့် လတပေါင်း

 

သာယာမှုအပေါင်းလွန်ခညောင်းသည့် လတပေါင်း

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ မတ် ၂၅ ရက်)

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား အပေါင်းတို့သည် အလှူရေစက် လက်နှင့်မကွာဆိုသည့်အတိုင်း ဆယ့်နှစ်လ ရာသီပတ်လုံး အလှူဒါနပြုလျက်ရှိသည်။ နှစ်ဦးတန်ခူးမှသည်နှစ်ကုန် တပေါင်းရောက်သည့်တိုင် မွန်မြတ်သောစေတနာ၊ သဒ္ဓါတရားတို့ဖြင့် ကောင်းမှုကိုမြတ်နိုးလျက် ရှိကြသည်။

တပေါင်းလသည် မြန်မာနိုင်ငံအတွက်  အထူးကောင်းမွန်ခြင်းနှင့် ပြည့်စုံသောလဖြစ်ပေသည်။

တပေါင်းလတွင် အနယ်နယ်အရပ်ရပ်ရှိ  ဘုရားစေတီပွဲတော်များ ကျင်းပလျက်ရှိပေရာ  ပြည်သူတို့၏ စိတ်နှလုံးကိုရွှင်ပြုံးစေသောလဟု ဆိုနိုင်သည်။  ထို့အတူ တပေါင်းလသည် တပ်မတော်နှင့်ပြည်သူတို့ ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲအောင်မြင်ခဲ့သော အချိန်အခါ လမြတ်လည်းဖြစ်ပါသည်။ ဘာသာသာသနာတော် တည်တံ့ခိုင်မြဲရေး၊ ထွန်းကားပြန့်ပွားရေးအတွက်  တပ်မတော်နှင့်ပြည်သူတို့  ထာဝရ လက်တွဲဆောင်ရွက်ခဲ့သည့် အောင်ပွဲသည်  တပေါင်းလတွင် ဖြစ်ပေါ်ခဲ့သည်။ မြန်မာတို့၏ မျိုးချစ်စိတ်အလှသဘာဝကို တပေါင်းလနှင့်အတူ ယှဉ်တွဲကြည့်မြင်မည်ဆိုပါက ပီတိဖြစ်ဖွယ်ရာ များလှပါသည်။

နွေဥတုလေးလတွင် အဦးအစဖြစ်သော (တပေါင်းလပြည့်ကျော်တစ်ရက်မှ တန်ခူးလပြည့်အထိ) နွေလအတွင်း၌  ပင်တိုင်းပင်တိုင်း ပင်လုံးကျွတ်ပွင့်လျက်ရှိသော တောအုပ်သည် အသရေရှိလှသကဲ့သို့ ထိုတောအုပ်နည်းတူအသရေရှိလှသော၊ နိဗ္ဗာန်သို့လည်း ရောက်စေတတ်သော ပရိယတ္တိ တရားတော်ကို မြတ်သောလောကုတ္တရာ အကျိုးစီးပွားအတွက် မြတ်စွာဘုရား ဟောကြားတော်မူခဲ့လေပြီ။ ယင်းသို့ဟော ကြားတော်မူသော ဒေသနာတော်ရှင် ဘုရားရတနာသည်လည်း မွန်မြတ်လှပေ၏။ ဤသို့မှန်သောသစ္စာ စကားကြောင့် သတ္တဝါအပေါင်းအား ကောင်းသောစီးပွား ချမ်းသာဖြစ်ပါစေသတည်းဟူ၍  ရတနသုတ် ပါဠိတော်တွင်  ဟောကြားတော် မူထားပါသည်။  ဘုရားရှင် မိန့်ကြားတော်မူခဲ့သော အနှိုင်းစကားက တပေါင်းလ၏သာယာပုံကို အလေးအနက် ဖော်ညွှန်းလျက်ရှိပါသည်။

ထို့ပြင်တပေါင်းလသည် ရာသီဥတုသာယာ ကြည်လင်သည့်အတွက် ခမည်းတော်စံရာ ကပိလဝတ် ပြည်သို့ကြွတော်မူလာရန် ကာဠုဒါယီမထေရ်က ဘုရားရှင်ကို လျှောက်ထားသည့် ဂါထာများတွင် တပေါင်းလ၏ သာယာပုံများကို သရုပ်ဖော်ထားပါသည်။ ထိုဂါထာများကို မြန်မာမှုပြုကာပြန်လည် ရေးဖွဲ့သော အင်းဝခေတ်စာဆိုအရှင် ရှင်အုန်းညို၏ ဂါထာခြောက်ဆယ်ပျို့တွင် တပေါင်းလ၏ သာယာပုံအဖွဲ့ကောင်း များစွာပါဝင်သည်။ ထိုသဘောများနှင့်အညီ မြန်မာစာဆိုတို့သည် တပေါင်းလကို လတကာတို့ထက် သာလွန်သော ပြိုင်ဘက်ကင်းသော  နောင်တော်လအဖြစ်ရှုမြင်ကာ တပေါင်းသာခေါင် လများနောင်ဟု ဖွဲ့ဆိုခဲ့ကြသည်။ ဖွဲ့လည်းဖွဲ့လောက်ပါသည်။  သဲခင်းသာဝယ်၊ သီတာကြည်လဲ့၊ ငှက်သံနွဲ့နှင့်၊ လွမ်းဖွယ့် မြိုင်ခြေ၊ မြူခိုးဝေခဲ့ ဟူသောတောလားအဖွဲ့မှ  ပန်းချီကွက်ကလေး၏ အလှ၊ အင်ကြင်းသရဖီ၊ ပန်းစုံစီနှင့်၊ သိင်္ဂီရောင်သွေး၊ ကြိုင်ကြိုင်ငယ်မွှေးလို့၊ ငှက်ကျေးငယ်ချွေသည်၊ တောင်လေပြည်မုန်တိုင်းနှင့်၊ ရေလှိုင်း သံတိုးဟူသော  မယ်ခွေ၏အဲချင်းအဖွဲ့မှ   အမြင်အာရုံရော၊ အသံအာရုံရောပါ ထင်ဟပ်နေသည့် သရုပ်ဖော်ကွက်ကလေး၏ အလှ၊ ပရှိန်းငယ်မြလျှံ၊ ဝါရွှေငယ်ကျံသည်၊ လေပြန်လောင်းသုတ်၊ ရွက်ညောင်း ငယ်ပြုတ်လို့၊ ကျေးနှုတ်ကယ်သစ်ဆင်၊ ပရစ်ပုံမြင်သောခါဟူသော ဖိုးသူတော်ဦးမင်း၏  လေးချိုးအဖွဲ့မှ ရွက်သစ်ပြောင်း၊ ရွက်ဟောင်းကြွေပုံ သရုပ်ဖော်ကွက်လေး၏ အလှတို့ကို နမူနာကြည့်ရုံနှင့် တပေါင်းလ၏ အလှကွက်များကို မြင်ယောင်မှန်းဆနိုင်ပေသည်။ တပေါင်းလ၏ သာယာပုံကား  စာဖွဲ့၍ကုန်နိုင်ဖွယ် ရှိမည်မဟုတ်ပါ။ တပေါင်းလသည်မြန်မာတို့အတွက် ကုသိုလ်ထူးများရရှိအောင် အကျိုးပြုသောလဟု ဆိုလျှင်မှားမည်မဟုတ်ပါ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့(၄၇) ပါးစုံညီ သောဠသမ အစည်းအဝေးကို ၁၃၈၅ ခုနှစ် တပို့တွဲလပြည့်ကျော် ၁၀ ရက်နှင့်  ၁၁ ရက်နေ့တို့တွင်လည်းကောင်း၊ အဋ္ဌမအကြိမ်  နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့  ဆဋ္ဌအစည်း အဝေးကို ၁၃၈၅ ခုနှစ်  တပို့တွဲလပြည့်ကျော် ၁၃ ရက်မှ တပေါင်းလဆန်း ၁ ရက်နေ့အထိလည်းကောင်း ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေ ဆဋ္ဌသင်္ဂါယနာ မဟာပါ သာဏလိုဏ်ဂူတော်ကြီးတွင် ကျင်းပခဲ့သည်မှာလည်း သာသနာရေးအရ ထူးခြားလေးနက်မှုဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့က သက္ကရာဇ် ၁၃၈၅ ခုနှစ် တပေါင်းလဆန်း ၁၄ ရက်(မတ်လ၂၃ရက်)နေ့တွင် ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူတော်မူမည့် ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြပြီး တပေါင်းလပြည့်နေ့တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း ကောင်းမှုပြုကြသည်။

မြန်မာနိုင်ငံတွင်သာသနာတော် သန့်ရှင်းရေး၊သာသနာတော် တည်တံ့ရေး၊ သာသနာတော်ပြန့်ပွား ရေးဟူသော ဦးတည်ချက်သုံးရပ်ဖြင့် သံဃာတော်များက ဦးစီးဦးဆောင်ပြုနေသလို ဒါယကာ၊ ဒါယိကာမ အပေါင်းတို့ကလည်း ပစ္စည်းလေးပါးဆက်ကပ် လှူဒါန်းလျက်ရှိနေကြသည်မှာ  မြန်မာနိုင်ငံ၏ ထူးခြားချက်  ဖြစ်ပါသည်။ အနှစ်ချုပ်ဆိုရလျှင် သာယာမှုအပေါင်း လွန်ခညောင်းသည့်  လတပေါင်းအခါသမယသည်ကား ကုသိုလ်ကောင်းမှုများဖြင့် စည်ကားများပြားလျက် ရှိပါကြောင်း ရေးသားလိုက်ရပေသည်။   ။