နိုင်ငံအတွက် ခိုင်မာသောတပ်မတော်

 

နိုင်ငံအတွက် ခိုင်မာသောတပ်မတော်

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ မတ် ၂၆ ရက်)

    ကမ္ဘာတွင် သိပ္ပံပညာထွန်းကားလာမှုနှင့်အတူ စစ်မှုအတတ်ပညာ များလည်း ပြောင်းလဲ တိုးတက်လျက်ရှိသည်။ စစ်မှုအတတ်ပညာ တိုးတက်မှုနှင့်အညီ စစ်နည်းဗျူဟာ၊ စစ်မဟာဗျူဟာနှင့် စစ်အခြေခံ သဘောတရားများလည်း ပြောင်းလဲလျက်ရှိသည်။ ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်ရန် စစ်ခေါင်းဆောင်များသည် လေ့လာဆည်းပူး လေ့ကျင့်ပွားများ နေကြရမည်ဖြစ်သည်။ ထို့ပြင် မျက်မှောက်ခေတ်စစ်ပွဲ အသွင်သဏ္ဌာန်များမှာလည်း ဘက်စုံစစ်ပွဲအသွင် ဆင်နွှဲလာကြသည်ကို တွေ့မြင်နေရသည်။ အင်အားကြီးသော နိုင်ငံများက အင်အားငယ်သော နိုင်ငံများအပေါ် နိုင်ငံရေးနည်း၊ စီးပွားရေးနည်း၊ လူမှုရေးနည်း၊ သဘောတရားရေးနည်း၊ ဝါဒဖြန့်ချိရေးနည်းနှင့်နောက်ဆုံးတွင် စစ်ရေးနည်းလမ်းများဖြင့် ဆင်နွှဲနေသည်။

မြန်မာနိုင်ငံသည် နယ်ပယ်အကျယ်အဝန်းနှင့် လူဦးရေများပြားသော နိုင်ငံကြီးနှစ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေခြင်း၊ နယ်ပယ် ကျဉ်းမြောင်းသော်လည်း လူဦးရေတိုးပွားမှုနှုန်း မြင့်မားသည့် နိုင်ငံတစ်နိုင်ငံနှင့် နီးကပ်နေခြင်းတို့မှာ နိုင်ငံအတွက်စိန်ခေါ်မှုများဟု ဆိုနိုင်သည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုး ပေါင်းစုံတို့စုပေါင်းနေထိုင်လျက်ရှိသည့် နိုင်ငံဖြစ်ပြီး နိုင်ငံတော်ကို  ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်း တည်ဆောက်ထားသည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဟူသော ဒို့တာဝန်အရေးသုံးပါးသည် ခိုင်ခိုင်မာမာ ရှိနေရမည်ဖြစ်သည်။

နိုင်ငံတော်တည်တံ့ ခိုင်မြဲရေးအတွက် အဓိကအကျဆုံးသော အဖွဲ့အစည်းမှာ တပ်မတော်ဖြစ်သည်။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ဟူသောဆောင်ပုဒ်သည် ခေတ်အဆက်ဆက် မှန်ကန်နေမည်သာဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ၂၀(က)တွင် “တပ်မတော်သည် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီသည့် တစ်ခုတည်းသော မျိုးချစ်တပ်မတော်ဖြစ်သည်” ဟူ၍လည်းကောင်း၊ ပုဒ်မ ၂၀ (င)တွင် “ပြည်ထောင်စုမပြိုကွဲရေး၊  တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိကတာဝန်ရှိသည်”ဟူ၍လည်းကောင်း၊ ပုဒ်မ၂၀(စ)တွင်  ]]တပ်မတော်သည်  နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်”ဟူ၍လည်း ပြဋ္ဌာန်းထားရှိသည်။ ဤသည်မှာ တပ်မတော်တစ်ရပ်၏အရေးပါမှုကို ပေါ်လွင်ထင်ရှားစေသည်။

တပ်မတော်အင်အားရှိရေးမှာ စစ်သည်တော်တစ်ဦးချင်းက စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေး စွမ်းရည်၊ စည်းရုံးရေး စွမ်းရည်ပြည့်စုံနေရမည်ဖြစ်သည်။ ထို့ပြင် တပ်မတော်အား(၁၀)ပါးနှင့် ပြည်စုံရန်ကြိုးစားကြရမည် ဖြစ်သည်။ တပ်မတော်အား(၁၀)ပါးမှာ သစ္စာစောင့်သိမှု၊ အမိန့်နာခံတတ်မှု၊ စိတ်ဓာတ်ခိုင်မာမှုနှင့် ဇွဲသတ္တိပြည့်ဝမှု၊ စစ်စည်းကမ်းကောင်းမွန်မှု၊ လေ့ကျင့်သားပြည့်ဝမှု၊ တိုက်ရည်ခိုက်ရည်ပြည့်ဝမှု၊ ကျန်းမာကြံ့ခိုင်မှု၊ အချင်းချင်း ရဲဘော်စိတ်ထားရှိမှု၊ စွန့်လွှတ်စွန့်စားမှု၊ သန္နိဋ္ဌာန်စိတ်ဖြင့် ရည်မှန်းချက်ပြီးမြောက်အောင် ဆောင်ရွက်မှုတို့ဖြစ်သည်။ ထို့အတူ တပ်တိုင်း၊ ရဲဘော်တိုင်းတွင် စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ် ပြည့်စုံမှုဟူသော အခြေခံအရည်အချင်းများ ရှိရမည်ဖြစ်သည်။

ထိုကဲ့သို့ အဘက်ဘက်မှ အရည်အချင်းပြည့်ဝစွာ ရှိနေပြီဆိုလျှင် တပ်မတော်သည် နိုင်ငံတော်အတွက် အားကိုးအားထား ပြုထိုက်သော တပ်မတော်ဖြစ်လာပေမည်။ တပ်မတော်ပေါ်ပေါက်လာပုံ သမိုင်းကြောင်းကိုပြန်ပြောင်း လေ့လာလျှင် တပ်မတော်သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာသော တပ်မတော်ဖြစ်သည်။ အခက်အခဲမျိုးစုံကြားက ရှင်သန်ကြီးထွားလာသော တပ်မတော်ဖြစ်သည်။ တပ်မတော်သို့ ဝင်ရောက်လာသူများသည် မျိုးချစ်စိတ်ဓာတ် အပြည့်အဝဖြင့်  ဝင်ရောက်လာသူများဖြစ်သည်။  မိမိတို့၏ ကိုယ်ပိုင်ဆန္ဒ သဘောထားဖြင့် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသားများအတွက်ဟူသော စိတ်ဓာတ်ကောင်းဖြင့် ပေါ်ထွန်းလာခြင်းဖြစ်သည်။

နယ်ချဲ့တော်လှန်ရေးကာလတွင် ဖက်ဆစ်တို့က တပ်မတော်၏ အင်အားကိုလျှော့ချကာ တပ်မတော်ကို အင်အားချည့်နဲ့အောင် လုပ်ဆောင်ခဲ့သလို  ဖက်ဆစ်တော်လှန်ရေး ကာလအပြီးတွင်လည်း  အင်္ဂလိပ်တို့က အကြောင်းအမျိုးမျိုးပြကာ တပ်မတော်၏ အင်အားကို ကန့်သတ်ခဲ့သည်။  လွတ်လပ်ရေး မရမီအချိန်ကာလ သို့မဟုတ် လွတ်လပ်ရေးရရှိရန် လက်တစ်ကမ်းအလိုသို့ ရောက်နေသည့်ကာလ ဖြစ်သည့်အတွက် တပ်မတော်သည် အစစအရာရာကို သည်းခံချုပ်တည်းကာ မိမိနိုင်ငံလွတ်လပ်ရေးသည် ပထမဟူသော စိတ်ဓာတ်ဖြင့် လှုပ်ရှားခဲ့ကြရသည်။

တပ်မတော်သည် နိုင်ငံတော်လွတ်လပ်ရေး ရရှိပြီးသည့်ကာလတွင်လည်း နိုင်ငံတော်ကို အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်ကြိုးပမ်း ပေးနိုင်သကဲ့သို့ အဆိုးဆုံး အခြေအနေများကို ရင်ဆိုင်ဖြေရှင်းပေးနိုင်ခဲ့သည်။ တပ်မတော်သည် ကျစ်လျစ်ခိုင်မာမှု ရှိနေသည့်အတွက် နိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့သော အခြေအနေဆိုးများကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ခဲ့သည်။  ပြည်သူများ လိုလားသော စစ်မှန်၍စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တည်ဆောက်ပေးနိုင်ခဲ့သည်။ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးမှာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အဓိကဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀ တွင် တပ်မတော်နှင့် ပတ်သက်၍ သတ်မှတ်ပြဋ္ဌာန်းထားသည်မှာ  တပ်မတော်တစ်ရပ်၏ အရေးပါမှုကိုပေါ်လွင် ထင်ရှားစေလျက် ရှိပါကြောင်း ရေးသားလိုက်ရပေသည်။   ။