နိုင်ငံ့ကောင်းကျိုးသယ်ပိုးရွက်ဆောင် အောင်တပ်မတော်

 

နိုင်ငံ့ကောင်းကျိုးသယ်ပိုးရွက်ဆောင် အောင်တပ်မတော်

 

အယ်ဒီတာ့အာဘော်                

 (၂၀၂၄ ခုနှစ်၊ မတ် ၂၈ ရက်)

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနဲ့အတူ ပေါ်ပေါက်လာခဲ့သော တပ်မတော်သည်  ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်တွင်  (၇၉)နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဤအခါသမယတွင် တပ်မတော် တစ်ခုလုံးအတွက်သာမက မြန်မာနိုင်ငံတစ်ဝန်းလုံး အတွက် ဂုဏ်ယူရသော အချိန်အခါပင်ဖြစ်သည်။ ယခုနှစ် ကျင်းပသော  (၇၉)နှစ်မြောက်  တပ်မတော်နေ့ အခမ်းအနားသည် ယခင်နှစ်များနှင့်မတူ တစ်မူကွဲပြားနေပေသည်။ အကြောင်းမှာ တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကို ညပိုင်း၌ စတင်မည်ဖြစ်သောကြောင့်ဖြစ်သည်။ ထိုသို့ကျင်းပခြင်းသည် ယခုအခါမှသာ ကျင်းပခြင်း မဟုတ်ပေ။

၁၉၅၄ ခုနှစ် (၉)နှစ်မြောက် တပ်မတော်နေ့မှ  ၁၉၆၇ ခုနှစ် (၂၂)နှစ်မြောက် တပ်မတော်နေ့အထိ စုစုပေါင်း ၁၄ ကြိမ်တိတိ ညပိုင်း ကျင်းပခဲ့ပေသည်။  ၁၉၅၄ ခုနှစ်တွင် ကျရောက်ခဲ့သော (၉)နှစ်မြောက် တော်လှန်ရေးနေ့(တပ်မတော်နေ့) တွင် ရန်ကုန်မြို့ မြင်းပြိုင်ကွင်းဟောင်း ယခုမြို့မကွင်း၌  အရာရှိ၊စစ်သည်အင်အား ၂၀၀၀ ကျော် ပါဝင်ကာ စစ်ရေးပြပြီး    ဗိုလ်ချုပ်ကြီးနေဝင်းက တက်ရောက်အမှာစကား ပြောကြားခဲ့သည်။ မိန့်ခွန်းပြောကြားပြီးနောက်တွင် တော်လှန်ရေး စစ်ထွက်ဟန် သရုပ်ဖော် အခမ်းအနားအဖြစ်  မီးရှူး၊ မီးတိုင်၊     မီးတုတ်များ ကိုင်ဆောင်၍ ချီတက်ခဲ့ကြသည်။

တပ်မတော်သားများသည် နေ့ဖြစ်စေ ညဖြစ်စေ မိမိတို့၏တာဝန်ကို ကျရာကဏ္ဍအလိုက် ကျေပွန်စွာထမ်းဆောင်လျက်ရှိကြသည်။ တပ်မတော်သားတို့၏ အဓိကတာဝန်သည် အမိနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်၊  နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ပေသည်။

ထိုသို့ကာကွယ် စောင့်ရှောက်ရာတွင်လည်း  မိမိတို့၏ အသက်နှင့်ခန္ဓာကို  ပဓာနမထားဘဲ တိုင်းရင်းသားမိဘပြည်သူများ၏ အသက်နှင့်ခန္ဓာအား ဦးထိပ်ထား ကာကွယ်လျက်ရှိသည်။

တပ်မတော်သည် ၁၉၄၁ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေး တပ်မတော်(BIA)၊ ၁၉၄၂ ခုနှစ်တွင် ဗမာ့ကာကွယ်ရေး တပ်မတော်(BDA)၊ ၁၉၄၃ ခုနှစ်တွင် ဗမာ့အမျိုးသားတပ်မတော် (BNA)၊ ၁၉၄၅ ခုနှစ်တွင် ဗမာ့မျိုးချစ် တပ်မတော် (PBF)နှင့် ဗမာ့တပ်မတော်(Burma Army)အဖြစ် အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ မည်သို့ပင်ပြောင်းလဲ ဖွဲ့စည်းခဲ့သော်လည်း နိုင်ငံတော်အပေါ် ထားရှိသော တပ်မတော်၏ ခံယူချက်၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်တို့သည် မည်သို့မျှပြောင်းလဲခြင်း မရှိခဲ့ပေ။

တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ဆိုသည့်အတိုင်း ခေတ်အဆက်ဆက် တပ်မတော်သားတို့သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ဦးထိပ်ထား ဆောင်ရွက်လျက်ရှိသည်မှာ ယနေ့အချိန်ကာလ အထိဖြစ်သည်။ နောင်တွင်လည်း နိုင်ငံနှင့်လူမျိုးကို ချစ်ခင်မြတ်နိုး တန်ဖိုးထားသည့်စိတ်ဖြင့် ဆောင်ရွက်နေမည်ဖြစ်သည်။ နိုင်ငံလွတ်လပ်ရေးရပြီး သမိုင်းကြောင်းတစ်လျှောက် ပြည်ထောင်စုကြီး ပြိုကွဲရေးကို တွန်းပို့သည့်ခြိမ်းခြောက်မှုများသည် ယခုမှပေါ်ပေါက်လာသည် မဟုတ်ဘဲ မကြာခဏကြုံတွေ့ရသည်။ ဤသို့ကြုံတွေ့လေတိုင်း တပ်မတော်သားတို့သည် “ကြံ့ခိုင်သည့်စိတ်ဓာတ်၊ စွန့်လွှတ်စွန့်စားသည့်စိတ်ဓာတ်၊ ကျည်တစ်တောင့် လူတစ်ယောက်ကျန်သည်အထိ  တိုက်ရဲသည့်စိတ်ဓာတ်၊ တပ်မတော်၏ ဂုဏ်ကိုအသက်စွန့်ပြီးမြှင့်တင်လိုသည့် စိတ်ဓာတ်၊ အချင်းချင်းရိုင်းပင်း ကူညီလိုသည့်စိတ်ဓာတ်၊ ရဲဘော်ရဲဘက်စိတ်” တို့ဖြင့် အောင်မြင်စွာ တိုက်ပွဲဝင်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် တပ်မတော်တစ်ရပ် ခိုင်မာစွာတည်ရှိနေခြင်း၊ တပ်မတော်သားတို့က ငါ့နိုင်ငံတော်၊ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ဟူသောစိတ်ဓာတ်ဖြင့် စွန့်စွန့်စားစား တာဝန်ထမ်းဆောင်နေခြင်းတို့ကြောင့် ကမ္ဘာ့အလယ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟူ၍  တည်ရှိနေခြင်းဖြစ်သည်။ ထို့ပြင် အရေးကြုံတိုင်း တပ်မတော်နှင့် ပြည်သူတို့သည် ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည်ဟူသော ယုံကြည်ချက်ဖြင့် လက်တွဲဆောင်ရွက် နိုင်ခြင်းကြောင့်လည်း နိုင်ငံတော်၏ လွတ်လပ်ရေးသည် တည်တံ့ခိုင်မြဲနေခြင်း ဖြစ်သည်။ တပ်မတော်နှင့် ပြည်သူတို့၏ စည်းလုံးညီညွတ်စွာ   လက်တွဲဆောင်ရွက်မှု၏ အထင်ရှားဆုံး ဆောင်ရွက်ချက်သည် တပ်မတော်နေ့အဖြစ် ထင်ရှားစွာ မှတ်တမ်းတင်နိုင်ခဲ့သည်။ (၇၉)နှစ်မြောက် တပ်မတော် နေ့မှသည် တပ်မတော်သားအားလုံး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို ကျေပွန်စွာထမ်း ရွက်ရင်းစွမ်းရည် ထက်မြက်ခြင်းနှင့် ပြည်သူချစ်သော တပ်မတော်ကြီးအဖြစ် နှစ်ပေါင်းထောင်သောင်းမက တည်တံ့နေပါစေကြောင်း ဂုဏ်ပြုရေးသား လိုက်ရပေသည်။   ။