ကုန်ထုတ်လုပ်မှုအခန်းကဏ္ဍမြင့်မားရေး

 

ကုန်ထုတ်လုပ်မှုအခန်းကဏ္ဍမြင့်မားရေး

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ မတ် ၂၉ ရက်)

    ယခုအချိန်သည် မြန်မာနိုင်ငံ၏ စီးပွားရေး ဦးမော့လာစေရန်အတွက် တွန်းအားပေး လုပ်ဆောင်လျက်ရှိသည့် ကာလဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် ဦးစားပေးလုပ်ဆောင်ရမည့် လုပ်ငန်းကဏ္ဍပေါင်း များစွာရှိရာ MSME လုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းလည်း ပါဝင်သည်။ MSME လုပ်ငန်းဆိုသည်မှာ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုမှစ၍ ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ပါဝင်နေသော စီးပွားရေးလုပ်ငန်းများ ဖြစ်သည်။ အဓိက အရေးပါသည့်  အခြေခံလုပ်ငန်းများ ဖြစ်သည့်အတွက် MSME များကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများကိုမြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံရေး ရည်မှန်းချက်(၂)ရပ်ဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဟူ၍ ချမှတ်ထားသလို အမျိုးသားရေး ရည်မှန်းချက်(၂)ရပ်ဖြစ်သည့်   တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးဟူ၍ နိုင်ငံတော်၏ မျှော်မှန်းချက်များအဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိသည်။ မျှော်မှန်းချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် စီးပွားရေးဦးတည်ချက် (၃)ရပ် အပါအဝင် ဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်အကောင်အထည် ဖော်လျက်ရှိသည်။

ပြည်တွင်းဒေသအသီးသီးမှ ထွက်ရှိသည့်ကုန်ကြမ်းများကို အသုံးပြုပြီး  ဒေသအလိုက် စိုက်ပျိုးမွေးမြူရေး အခြေခံထုတ်ကုန်များကို တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ရေး၊ ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်ရေးတို့ကိုလည်း လမ်းညွှန်ချက်များနှင့်အညီ ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။ ဒေသထုတ်ကုန်များကို တန်ဖိုးမြှင့် အနေဖြင့် ထုတ်လုပ်နိုင်မည်ဆိုပါက ထုတ်ကုန်၏ Trade Value တန်ဖိုးတက်လာပြီး  ဝင်ငွေများတိုးတက် ရရှိစေမည်ဖြစ်သည်။

ထိုမှတစ်ဆင့် ပို့ကုန်အဖြစ် ပြည်ပသို့ တင်ပို့နိုင်မည်ဆိုပါက နိုင်ငံခြားဝင်ငွေရရှိပြီး နိုင်ငံ၏ GDP လည်း တိုးတက်လာမည်ဖြစ်သည်။

ထို့ပြင် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်း များ၏ ထုတ်လုပ်မှုကို မြှင့်တင်ခြင်းအားဖြင့် ကျေးလက်နေ ပြည်သူလူထုတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်မည် ဖြစ်သည်။ အလုပ်အကိုင် အခွင့်အလမ်း ပေါများလာသည်နှင့် လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ပြည်တွင်းထုတ်ကုန်များနှင့် ပြည်ပပို့ကုန်များကို တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ပါက ပြည်ပသွင်းကုန်ပစ္စည်းများကို မှီခိုနေရခြင်းမှ ကင်းလွတ်နိုင်မည်ဖြစ်ပြီး ဈေးကွက် မတည်ငြိမ်မှုကိုလည်း ထိန်းကျောင်းသွားနိုင်မည် ဖြစ်သည်။ ဒေသတစ်ခု  ထုတ်ကုန်တစ်ခု(One Region One Product)အနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်တို့မှ အဆိုပြုထားသည့် ထုတ်ကုန်အမယ် ၁၀၇ မျိုးကို Action Plan ရေးဆွဲပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ယနေ့ခေတ်  ကမ္ဘာ့စီးပွားရေးပုံစံများ အဆင့်ဆင့်ပြောင်းလဲလာမှု အပေါ်  မြန်မာနိုင်ငံရှိ MSME များ လိုက်ပါဆောင်ရွက်နိုင်ရန်အတွက် ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှုဆိုင်ရာ နည်းပညာများသည်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ MSME များ ဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လာသည်ကို တွေ့ရှိရသည်။ MSME လုပ်ငန်းရှင်များအတွက် ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေး၊ နိုင်ငံတကာ စီးပွားရေးကွန်ရက်များနှင့် ချိတ်ဆက်ပေးနိုင်ရေး၊   ဒစ်ဂျစ်တယ်စွမ်းရည်များ  မြှင့်တင်ပေးနိုင်ရေး တို့ကို ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ဈေးကွက်စီးပွားရေး စနစ်တွင် MSME များ ရှင်သန်ရပ်တည်နိုင်ရေး အတွက် ဈေးကွက်ချိတ်ဆက်နိုင်မှုနှင့် ဈေးကွက်ဖွံ့ဖြိုးမှုတို့မှာ အသက်သွေးကြောကဲ့သို့ အလွန်အရေးပါသည့်အတွက် ဒေသအသီးသီးတွင် ဈေးကွက်များ၊ ကုန်စည်အဝယ်ဒိုင်များ ဖွံ့ဖြိုးလာစေရေး သက်ဆိုင်ရာအေဂျင်စီ အသီးသီးက ဆောင်ရွက်ပေးရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် မတ်လ ၂၀ ရက်နေ့က ကျင်းပခဲ့သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ အစည်းအဝေး(၁/၂၀၂၄)သို့ တက်ရောက်အမှာစကား ပြောကြားစဉ် “MSME များကို အားပေးမြှင့်တင်ပေးရေး ဆောင်ရွက်ရာတွင် သေချာသည့် ကုန်ကြမ်း၊ လိုအပ်သည့် သွင်းအားစု၊ နည်းပညာ၊ ငွေကြေးအရင်းအနှီး ထောက်ပံ့ပေးမှုနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အခြေခံ အုတ်မြစ်သဖွယ် အလေးထား စီမံပံ့ပိုးပေးသွားရမည် ဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ပေးရာတွင်လည်း MSME များ အမှန်တကယ် လိုအပ်သည့် ကျွမ်းကျင်လုပ်သားများကို TVET အစီအစဉ်များဖြင့် မွေးထုတ်ပေးခြင်းနှင့် ခေတ်နှင့်အညီ လိုအပ်လာသည့် ကျွမ်းကျင်မှုများ ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း” ထည့်သွင်းပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက်   အဓိကကျောရိုးမှာ ထုတ်လုပ်မှုကဏ္ဍဖြစ်သည်။

ကောင်းမွန်စွာလည်ပတ်လျက်ရှိသည့် ကုန်ထုတ်လုပ်မှု ကဏ္ဍတစ်ရပ်သည် အရည်အသွေးမြင့်မားပြီး ဆင်းရဲမှု လျှော့ချပေးနိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မည်ဖြစ်သကဲ့သို့ ကုန်ထုတ်စွမ်းအား တိုးတက်မှုကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်ရေး ပိုမိုမြင့်မားအောင် ကြိုးစားလုပ်ဆောင်ကြရန် ဖြစ်ပါကြောင်း။  ။